ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်နေချိန် ထိုင်းနိုင်ငံထဲ တရုတ်ခရီးသွားတွေကို ဘာကြောင့် လာခွင့်ပြုထားတာလဲ။

ကိုရိုနာဗိုင်းရပ်စ်၊ ထိုင်း၊ ကမ္ဘာလှည့်ခရီးသည်၊ တရုတ် ဓာတ်ပုံ မူပိုင် Getty Images
Image caption ကမ္ဘာလှည့်ခရီးသည်တွေကို မျှော်နေတဲ့ ပတ္တယား ရေပေါ်စျေးက ဝန်ထမ်းတစ်ဦး

ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားရာသီက တစ်နှစ်ပတ်လုံး ဖြစ်ပြီး နိုဝင်ဘာလကုန်ပိုင်းကနေ ဧပြီလဆန်းပိုင်းဟာ ခရီးသွားတွေ အများဆုံးလာတဲ့ ကာလ ဖြစ်ပါတယ်။ ခြောက်သွေ့ပြီး ရာသီဥတု အေးမြတဲ့ အချိန်မို့ ထိုင်းဘုရားစေတီတွေ၊ အပန်းဖြေကမ်းခြေတွေမှာ ခရီးသွားတွေနဲ့ ပြည့်နှက် စည်ကားနေလေ့ ရှိပါတယ်။

ဒါပေမဲ့ ခုချိန်မှာတော့ အရင်က ကမ္ဘာလှည့်ခရီးသွားတွေ အလာအများဆုံး နေရာတွေကို ကြည့်ရင် ခြောက်ကပ်နေတာ တွေ့ရမှာပါ။ လူတွေ ကြိတ်ကြိတ်တိုးနေတတ်တဲ့ နေရာတွေဟာ အခုအခါ ခြောက်ကပ် တိတ်ဆိတ်နေပါတယ်။ ဘန်ကောက်၊ ပတ္တယား၊ ဖူးကက်၊ ချင်းမိုင် တို့လို သာယာလှပတဲ့ မြို့ကြီးတွေမှာ အမြဲ တွေ့ရလေ့ရှိတဲ့ တရုတ်ခရီးသွားအုပ်စုတွေလည်း ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားပါပြီ။

ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အကြီးအကျယ် ထိခိုက်သွားခဲ့ရသလို လူထုကျန်းမာရေးကိုလည်း ထိခိုက်ခဲ့ရပါတယ်။ တရုတ်နိုင်ငံရဲ့ အပြင်ဘက်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု အမြင့်ဆုံး နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံက ပဉ္စမမြောက်နိုင်ငံ ဖြစ်ပြီး ရောဂါကူးစက် ဖြစ်ပွားနေသူပေါင်း ၃၅ ဦး ရှိနေပါတယ်။

မနှစ်တုန်းက ထိုင်းနိုင်ငံကို လာရောက်ခဲ့တဲ့ ကမ္ဘာလှည့်ခရီးသွား ၃၉ ဒဿမ ၇ သန်းထဲမှာ တရုတ်ခရီးသွားက ၂၇ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အခုတော့ ပန်းရောင်းသူတွေ၊ ဧည့်လမ်းညွှန်တွေ၊ လမ်းဘေးစျေးသည်တွေက အစ ဟိုတယ်ပိုင်ရှင်အဆုံး စီးပွားရေး မကောင်းလို့ ညည်းတွားနေကြပါပြီ။

အကြီးအကျယ် အထိနာခဲ့

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး မပြန့်ပွားအောင် တားဆီးတဲ့အနေနဲ့ တရုတ်အစိုးရက တရုတ်နိုင်ငံသား သန်းပေါင်းများစွာကို တိုင်းပြည်ထဲမှာပဲ နေဖို့ ညွှန်ကြားထားပြီး ပြည်ပထွက်ခွာခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပါတယ်။

ဒါဟာ တရုတ်ခရီးသွားတွေအပေါ် မှီခို အားထားနေရတဲ့ ထိုင်းကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအတွက်တော့ အကြီးအကျယ် အထိနာမှုကြီး ဖြစ်ခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ရတဲ့ ဝင်ငွေဟာ နိုင်ငံ့ GDP ရဲ့ ၁၃ ရာခိုင်နှုန်းနဲ့ ၁၄ ရာခိုင်နှုန်းကြားမှာ ရှိတယ်လို့ Fitch Solutions စီးပွားရေး လေ့လာတဲ့အဖွဲ့က ဆိုပါတယ်။

ထိုင်းနိုင်ငံကို လာရောက်တဲ့ ဥရောပ ကမ္ဘာလှည့်ခရီးသွား အရေအတွက် လျော့ကျလာနေချိန်မှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်ခရီးသွား အရေအတွက်က သိသိသာသာကြီး မြင့်တက်လာခဲ့တာပါ။

ဒါ့ကြောင့် တရုတ်ခရီးသွားတွေ ဝင်ရောက်လာမှုကို ပိုတင်းတင်းကျပ်ကျပ် ကန့်သတ်မှုတွေ လုပ်ခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ မတူဘဲ ထိုင်းနိုင်ငံက ဆန့်ကျင်ဘက် လမ်းကြောင်းကို ရွေးလိုက်ပါတယ်။ တရုတ်ဧည့်ခရီးသွားတွေအတွက် ထိုင်းနိုင်ငံက တံခါးဖွင့် ကြိုဆိုနေလျက်ပါ ဆိုတာကို ထိုင်းအစိုးရအေဂျင်စီတွေနဲ့ ထိုင်းစီးပွားရေးလုပ်ငန်းတွေက သတင်းစကား ပို့ထားကြပါတယ်။

လက်ကမ်းကြိုဆိုမှု သတင်းစကား

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေချိန်မှာပဲ ထိုင်းကမ္ဘာလှည့်ခရီးသွား အာဏာပိုင်အဖွဲ့နဲ့ ဘန်ကောက်မြို့ အုပ်ချုပ်ရေး အဖွဲ့တွေက တရုတ်ခရီးသွားတွေကို စိတ်ဓာတ်ရေးရာ အားပေးတဲ့ ဗီဒီယိုတွေ ထုတ်ခဲ့ကြပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်က လက်စတာစီတီ ဘောလုံးအသင်းပိုင်ရှင် ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဂျူတီဖရီး အခွန်လွတ်ဆိုင်ကြီးဖြစ်တဲ့ King Power ကလည်း အလားတူ ဗီဒီယိုတွေ ထုတ်ခဲ့ပါတယ်။

အဲဒီဗီဒီယိုတွေထဲမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရှင်တွေက တရုတ်နိုင်ငံတော် အလံကို ဝှေ့ယမ်းနေပုံတွေ၊ လက်စတာစီတီ ဘောလုံးသမားတွေ အပါအဝင် နာမည်ကြီး ဆယ်လီတွေက မန်ဒရင်တရုတ်ဘာသာနဲ့ အားပေးစကားပြောနေကြပုံတွေ တွေ့ရမှာပါ။

ဒီသတင်းစကားက သာမန် ယဉ်ကျေးမှုသဘော ဒါမှမဟုတ် စည်းလုံးညီညွတ်တဲ့ သဘောထက် အများကြီး ပိုပါတယ်။ ထိုင်းနိုင်ငံဟာ တရုတ်ကမ္ဘာလှည့်ခရီးသွားတွေအပေါ် အကြီးအကျယ် မှီခိုအားထားနေတာ ဖြစ်ပြီး တကယ်လို့ ဒီဗိုင်းရပ်စ်ရောဂါကို အမြန်ဆုံး မထိန်းချုပ်နိုင်ဘူး ဆိုရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်လာစေမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Wasawat Lukharan/ BBC
Image caption ပုံမှန်ဆိုရင် အလုပ်များနေတတ်တဲ့ ဘန်ကောက်မြို့ ဧရာဝဏ် စေတီက ကချေသည်တွေ ခုတော့ အလုပ်မရှိဖြစ်နေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံမှာ ၂၀၂၀ ခုနှစ် ပထမ လေးလပတ်တာ ကာလအတွင်း အနည်းဆုံး ၁ ဒဿမ ၇ ဘီလျံ ဒေါ်လာလောက် အရှုံးပေါ်နိုင်တယ်လို့ ထိုင်းခရီးသွား အေဂျင်စီ အဖွဲ့က ခန့်မှန်းထားပါတယ်။

တစ်နှစ်လုံးအတွက်ဆိုရင် ဒေါ်လာ ၉ ဒဿမ ၆ ဘီလျံလောက် ဆုံးရှုံးနိုင်တယ်လို့ အဆိုးဆုံး ခန့်မှန်းထားပါတယ်။

အောင်မြင်မှု သူရဲကောင်း အနေအထားကနေ သုည အနေအထား ရောက်ခဲ့ရ

"ကျွန်တော်တို့အတွက်ကတော့ တရုတ်ခရီးသွားတွေဟာ ကျွန်တော်တို့ရဲ့ အောင်မြင်မှု သူရဲကောင်းတွေပါ။ အခုတော့ သုညအနေအထား ရောက်သွားခဲ့ရပါပြီ" လို့ ထိုင်းတရုတ် ကမ္ဘာလှည့်ခရီးသွား ပူးတွဲလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ရွန်နရောန်း ချီဝင်ဆီရီယမ်နွိုင် က ပြောပါတယ်။

"ဒီခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ဘယ်တော့ ရုပ်သိမ်းမလဲ ဆိုတာ မသိပါဘူး။ ဒါပေမဲ့ ဒီကန့်သတ်ချက်တွေကြောင့် ကျွန်တော်တို့ရဲ့ စီးပွားရေးတွေကို အကြီးအကျယ် ထိခိုက်ခဲ့ပြီး အလုပ်သမားတွေ လျှော့ပစ်ရတာမျိုး အထိ ဖြစ်လာနိုင်ပါတယ်"လို့လည်း သူက ပြောပါတယ်။

တရုတ်ခရီးသွားတွေအတွက် အလုပ်လုပ်နေတဲ့ ထိုင်းဧည့်လမ်းညွှန် နှစ်သောင်းငါးထောင်လောက်အတွက် ခရီးသွားတွေ မရှိတော့ကတည်းက အလုပ်လက်မဲ့တွေ ဖြစ်နေကြပြီလို့ ထိုင်း ဒေသခံ ကမ္ဘာလှည့်ခရီးသွား ဧည့်လမ်းညွှန် ကောင်စီတစ်ခုရဲ့ အမည်မဖော်လိုတဲ့ ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။

သဲသောင်ကမ်းခြေတွေက လူသူကင်းမဲ့တဲ့ နေရာတွေ ဖြစ်နေ

ထိုင်းနိုင်ငံ အရှေ့ပိုင်း ပတ္တယား သဲသောင်ကမ်းခြေမြို့ဟာ တရုတ်ပြည်မကြီးက လာတဲ့ ခရီးသွားတွေ ကျက်စားရာ ကမ်းခြေတစ်ခုအဖြစ် နာမည်ကြီးခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပတ္တယားမြို့က အခန်းပေါင်း ၃၀၀ လောက်ရှိတဲ့ ဟိုတယ်ကြီးမှာ အခန်း ၄ ခန်းပဲ တည်းခိုသူ ရှိတာကို ဘီဘီစီ ထိုင်းဌာနက တွေ့ရပါတယ်။

တည်းနေတဲ့ အဲဒီဧည့်သည်တွေထဲမှာ တရုတ်တစ်ယောက်မှ မပါပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်ခရီးသွားတွေ ကျက်စားရာ နေရာဖြစ်ခဲ့တဲ့ ပတ္တယား အပန်းဖြေကမ်းခြေမှာ အခုအခါ စက်တပ်အမြန်ဘုတ်တွေ ငှားစီးမယ့်သူမရှိ ဖြစ်နေ

တရုတ်ခရီးသွားတွေ မဖြစ်မနေ လာရောက်လေ့ရှိတဲ့ ဘန်ကောက်မြို့ ဧရာဝဏ် ဟိန္ဒူဘုရားကျောင်းဝင်းထဲမှာ ဆိုရင်လည်း ပန်းကုံးရောင်းသူ ပလီ ဆင်ဆွန်သောင်ဆက် က "နိုင်ငံခြား ဘုရားဖူးတွေကို ပန်းကုံးရောင်းလို့ ရတဲ့ဝင်ငွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စဖြစ်ပြီးနောက်ပိုင်းမှာ တစ်ဝက် လျော့ကျသွားတယ်"လို့ ဘီဘီစီ ထိုင်းဌာနကို ပြောပြပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်ရောဂါ မဖြစ်ခင်ကဆို တစ်နေ့ကို ၃၂ ဒေါ်လာလောက် ဝင်ပါတယ်။ အခုတော့ တစ်နေ့ကို ၁၆ ဒေါ်လာတောင် မရတော့ပါဘူး" လို့ ကလေးနှစ်ယောက် မိခင် ဖြစ်သူ ပလီက မျက်ရည်ထိန်းရင်း ပြောပြပါတယ်။

တရုတ်ခရီးသွားတွေဟာ ဧရာဝဏ်ဘုရားမှာ ပန်းကုံးတွေ အများကြီး ဝယ်လှူလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

ကြည့်သူနည်းတဲ့ ဖျော်ဖြေမှု

အဲဒီဘုရားကျောင်းဝင်းထဲမှာ ဖျော်ဖြေကပြတဲ့ ကချေသည် နှစ်ဦးကလည်း ဘီဘီစီထိုင်းဌာနကို အလားတူ ရင်ဖွင့်ခဲ့ကြပါတယ်။

"တွေ့တဲ့အတိုင်းပဲ ကျွန်မရဲ့ ဝင်ငွေက ၅၀ ရာခိုင်နှုန်းနဲ့ ၆၀ ရာခိုင်နှုန်းကြားအထိ ကျသွားခဲ့ပါတယ်။ တခြား တစ်နည်းရွေးဖို့ စဉ်းစားထားတာ မရှိသေးဘူး။ လာမယ့် တစ်လနှစ်လအတွင်း သက်သာရာ ရလာမယ်လို့ မျှော်လင့်ထားပါတယ်။ မဟုတ်ရင်တော့ ကျွန်မစုထားတာလေးတွေ ကုန်သွားလိမ့်မယ်။ လောလောဆယ်ကတော့ အတော့်ကို ဆိုးနေပါတယ်"လို့ ဆူဝန်နာ သွန်ပိ က ပြောပြပါတယ်။

"ဥပမာပြရရင် သောကြာမနက်ခင်းတိုင်း ကချေသည် တစ်ဦးက အကပေါင်း ၂၀၀ ကနေ ၂၅၀ လောက်အထိ ဖျော်ဖြေပေးရလေ့ရှိတာ၊ အခု သောကြာနေ့ကတော့ နေ့လယ် ၂ နာရီ ၁၅ မိနစ် ရှိနေပြီ၊ အကြိမ် ၁၂၀ လောက်ပဲ ဖျော်ဖြေရသေးတယ်"လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဝပ် အရွန် ဘုရားကျောင်းဟာ ဘန်ကောက်မြို့ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်ပေမဲ့ အခုအခါ လူတွေ သိပ်မတွေ့ရပါဘူး။

"ကမ္ဘာလှည့်ခရီးသွား အရေအတွက်ဟာ ပုံမှန်အရေအတွက်ထက် တစ်ဝက်လောက်ကို လျော့ကျသွားပါတယ်။ တခြား အစားထိုးအလုပ်တွေ ရှာရပါတော့မယ်။ ပိုက်ဆံလည်း စလျှော့သုံးမှ ဖြစ်တော့မှာပါ" လို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် သနက်ချနော့ သူဆရာနွန် ကပြောပါတယ်။

"ဗိုင်းရပ်စ်ရောဂါပိုး ဖြစ်တာကို ကြောက်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံ ပြတ်သွားမှာကို ပိုစိုးရိမ်မိပါတယ်" လို့ ဆူဝန်နာ က ပြောပါတယ်။

အဲဒီနေရာနဲ့ ၅ ကီလိုမီတာ ဝေးတဲ့ ရက်ချာဒါပီဆက် လမ်းပေါ်က ညစျေးတန်းတစ်ခုမှာ ပင်လယ်စာ ရောင်းတဲ့ ပက်ပက်ဆော သန်ယတနာဝန်ချိုင် ကလည်း "ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်အစိုးရက ခရီးသွားလာမှုတွေ ကန့်သတ်လိုက်အပြီးမှာ သူ့ဖောက်သည်တွေ ၇၀ ရာခိုင်နှုန်းလောက် လျော့သွားတာမို့ ဝန်ထမ်းတွေ လျော့ရတော့မယ်" လို့ ပြောပြပါတယ်။

"ဒီစားသောက်ဆိုင်မှာ ဝန်ထမ်း ၁၀ ယောက်လောက် ရှိပါတယ်။ အခု ဒီလိုအခြေအနေမျိုးမှာ ဝန်ထမ်း နှစ်ဦးကို လစာမဲ့ ခွင့်ပေးထားရပြီး ပြည်တွင်းက ဖောက်သည်တွေ ပိုရအောင်ပဲ လုပ်နေရပါတယ်" လို့ ဆိုပါတယ်။

ခရီးသွားခွင့် ပိတ်ပင်မှု မလုပ်ခဲ့

ပြီးခဲ့တဲ့လတုန်းက လူမှုကွန်ရက် သုံးသူတွေရဲ့ ဖိအားပေးမှုတွေ တိုးလာခဲ့အပြီး ထိုင်းကျန်းမာရေးဝန်ကြီး အနုတင် ချာဗီရာကူ က ထိုင်းနိုင်ငံထဲ တရုတ်ခရီးသွားတွေအတွက် လက်ရှိမှာ ခွင့်ပြုထားတဲ့ ဆိုက်ရောက် ဗီဇာစနစ်ကို ယာယီ ဆိုင်းငံ့ထားဖို့ အဆိုပြုခဲ့ရပါတယ်။

ဒါပေမဲ့ အဲဒီအဆိုပြုချက်ကို ထိုင်းအစိုးရက နောက်တစ်နေ့မှာပဲ ပယ်ချခဲ့ပါတယ်။

အဲဒီ ဝန်ကြီးကိုယ်တိုင်လည်း ချက်ချင်း စိတ်ပြောင်းသွားပုံ ရပြီး ထိုင်းနိုင်ငံထဲ တရုတ်ခရီးသွားတွေ ဝင်ရောက်ခွင့် ပိတ်ပင်တာဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ဖို့ အစိုးရရဲ့ ကြိုးပမ်းမှုကို အထောက်အကူ ပြုမှာ မဟုတ်ဘူးလို့ နောက် တပတ်အကြာမှာ ပြောခဲ့ပါတယ်။

မဲခေါင်ဒေသတွင်းက ထိခိုက်ခဲ့မှုတွေ

ဇန် ငုယင်

ဘီဘီစီ ဗီယက်နမ်ဌာန အယ်ဒီတာ

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိခိုက်ခဲ့ရတာ မဲခေါင်မြစ်ဝှမ်းဒေသမှာ ထိုင်းနိုင်ငံ တစ်ခုတည်း မဟုတ်ပါဘူး။

ဗီယက်နမ်နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာလည်း အကြီးအကျယ် အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မနှစ်တုန်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါ မဖြစ်ခင်မှာ ဗီယက်နမ်နဲ့ တရုတ်အကြား နှစ်နိုင်ငံကုန်သွယ်ရေးက ဒေါ်လာ ၁၀၆ ဘီလျံလောက် အထိ ရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ ဗီယက်နမ် နိုင်ငံကို လာတဲ့ နိုင်ငံတကာ ခရီးသွား ၁၅ သန်းခွဲထဲမှာ တရုတ်ခရီးသွားတွေက ၃၀ ရာခိုင်နှုန်းလောက် ပါခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဗီယက်နမ်နိုင်ငံ ဒါနမ်းမြို့နားက ဘန တောင်ပေါ်က ရွှေတံတားကြီးလို နေရာမျိုးတွေက တရုတ်ခရီးသွားတွေအကြား ရေပန်းစားခဲ့

အခုနှစ် တရုတ်နှစ်သစ်ကူး မတိုင်ခင် ဗီယက်နမ်နိုင်ငံမှာ တစ်လတွင်း တရုတ်ခရီးသွား ၇၂ ဒဿမ ၆ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဟနွိုင်မြို့က ဇင်း ဆိုတဲ့ သတင်းဝက်ဆိုက်တစ်ခုမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီတိုးတက်မှုနှုန်းက ရပ်တန့်သွားခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံထဲ တရုတ်နိုင်ငံသားတွေ ဝင်ရောက်ခွင့် ပိတ်ပင်ချက်ကို ဗီယက်နမ်အစိုးရက အတိအကျ ထုတ်ပြန်ထားတာ မရှိပေမဲ့ ဟိုင်ဖွန်းနဲ့ ဒါနန်း ဆိပ်ကမ်းမြို့တွေမှာ ယာယီ ပိတ်ပင်ချက်တွေ ထုတ်ထားတာကြောင့် ရှုပ်ထွေးစရာတွေ ဖြစ်ခဲ့ပါတယ်။

တကယ်တမ်းမှာ တရုတ်အစိုးရက ဗီယက်နမ်ကို သွားတဲ့ လေကြောင်း ခရီးစဉ် အတော်များများကို ဆိုင်းငံ့ထားခဲ့သလို ဗီယက်နမ်လေကြောင်း ကုမ္ပဏီကလည်း တရုတ်နိုင်ငံက မြို့ကြီး အတော်များများဆီ သွားတဲ့ ခရီးစဉ်တွေကို အလားတူ ရပ်ဆိုင်းထားခဲ့တာပါ။

ဗီယက်နမ်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေ နိုင်ငံ့ စီးပွားရေးအတွက် နှစ်စဉ် ပျမ်းမျှဝင်ငွေ ဒေါ်လာ ဘီလျံ ၃၀ လောက် ရှာပေးနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ဘယ်လောက် ထိခိုက်နစ်နာခဲ့ရသလဲ ဆိုတာကို အစိုးရက စာရင်းဇယား အတိအကျ မထုတ်ပြန်သေးပေမဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင် ပိုင်ရှင်တွေ၊ ဧည့်လမ်းညွှန်တွေနဲ့ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေဆီက ညည်းညူသံတွေကို ဒေသန္တရ သတင်းတွေမှာ တွေ့နေရပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ၂၀၁၈ ခုနှစ်မှာ တရုတ်ခရီးသွားတွေဟာ ကမ္ဘာတဝန်းမှာ ဒေါ်လာ ၂၇၇ ဒဿမ ၃ ဘီလျံလောက် သုံးခဲ့ကြတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားအဖွဲ့ကြီးက ဆိုပါတယ်။

ခရီးသွားလာခွင့် တားမြစ် ကန့်သတ်ချက်တွေ ချမှတ်ထားတဲ့ ဒါမှမဟုတ် နယ်စပ်ဂိတ်တွေကို လုံးဝ ပိတ်ထားတဲ့ နိုင်ငံ ဒေသအတော်များများမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားမှုတွေ တွေ့နေရဆဲ ဖြစ်တယ်လို့ ထိုင်းကျန်းမာရေး ဝန်ကြီး အနုတင် က ပြောပါတယ်။

ဒါ့ကြောင့် ထိုင်းအစိုးက ရောဂါရှာဖွေ စစ်ဆေးတာ၊ ဆေးကုသတာတွေကို ပိုအာရုံစိုက် လုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။ ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်တာက ဖြေရှင်းချက် နည်းလမ်း မဟုတ်ဘူးလို့ ဆိုပါတယ်။

ကောင်းမွန်တဲ့ ချစ်ကြည်ရင်းနှီးမှု

ထိုင်း-တရုတ် ကမ္ဘာလှည့်ခရီးသွား ပူးတွဲလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ရွန်နရောန်း ချီဝင်ဆီရီယမ်နွိုင် ကလည်း ဒီဆုံးဖြတ်ချက်ဟာ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားနိုင်ပြီး ပိုရင်းနှီးလာစေမယ့် နည်းလမ်းတစ်ခု ဖြစ်တယ်လို့ ကာကွယ်ပြောသွားခဲ့ပါတယ်။

နှစ်နိုင်ငံအကြား ကောင်းမွန်တဲ့ ချစ်ကြည်ရင်းနှီးမှု ရှိနေတယ် ဆိုတာကို တရုတ်နိုင်ငံကို နယ်စပ်ဂိတ်တွေ ဖွင့်ပေးထားခြင်းအားဖြင့် ကျွန်တော်တို့ဘက်က ပြခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ လောလောဆယ်မှာ ဒီဆုံးဖြတ်ချက်ကို တညီတညွတ်တည်း သဘောတူကြတာတော့ မဟုတ်ပါဘူး။ သမားဆတ် တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန လက်ထောက် ပါမောက္ခ ပရာဂျက် ကောင်ကီရတီ က ဒီဆုံးဖြတ်ချက်ဟာ ထိုင်းလူထုရဲ့ ကျန်းမာရေးအန္တရာယ်ထက် တရုတ်အစိုးရကို မျက်နှာချိုသွေးဖို့ လုပ်တာလို့ ဝေဖန်ခဲ့ပါတယ်။

လူထုကျန်းမာရေး စိုးရိမ်စရာ ကိစ္စနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကိစ္စက သတ်သတ်စီပါ။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုကောင်းမွန်အောင် လူသားချင်း စာနာထောက်ထားတဲ့ ကြိုးပမ်းမှုမျိုးလို နည်းလမ်းမျိုးတွေ အများကြီး ရှိပါတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

ထိုင်းအစိုးရရဲ့ ဒီဆုံးဖြတ်ချက်ဟာ ရောဂါပိုး ထိန်းချုပ်တားဆီးရေးမှာ ချို့ယွင်း အားနည်းနေပြီး နိုင်ငံတကာ ဆက်ဆံရေးပိုင်းမှာ ကျွမ်းကျင်တယ် ဆိုတာကို ထင်ဟပ် ပြနေတယ်လို့လည်း နိုင်ငံရေး သိပ္ပံပညာရှင်က ပြောပါတယ်။ လူထုကျန်းမာရေးကတော့ ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဒီအမြင်ကို သဘောတူကြောင်း လူတိုင်းကတော့ ထုတ်ဖော်ပြောမယ့်ပုံ မတွေ့ရပါဘူး။