ကိုယ့်အမေကို သတ်ခဲ့သူတွေနဲ့ မျက်နှာချင်းဆိုင် တွေ့တဲ့အခါ

Image caption မိခင် ဆုံးပါးခဲ့ရတဲ့ ဆာရာ

ကိုယ့်အမေကို သတ်ခဲ့သူတွေကို တွေ့ရင် ဘာပြောချင်လဲ။ သူတို့ကို ခွင့်လွှတ်နိုင်မှာလား။ ဒီမေးခွန်းတွေက ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အင်ဒိုနီးရှား ကျွန်းတစ်ကျွန်းက အကျဉ်းထောင်မှာ အသက် ၁၇ နှစ် အရွယ် ဆာရာ ဆယ်လ်ဆာဘီလာ ကြုံတွေ့ခဲ့ရတဲ့ မေးခွန်းတွေပါ။

အီဝန် ဆီတီယာဝန်ဟာ ဂျာကာတာမြို့ သြစတြေးလျ သံရုံးရှေ့ကနေ ဆိုင်ကယ်နဲ့ အရှိန်ပြင်းပြင်း ဖြတ်မောင်းလာခဲ့ပါတယ်။ ရင်ဘတ်ကို သိုင်းဖက်ပြီး သူ့ဆိုင်ကယ်နောက်ကနေ လိုက်ပါလာတဲ့ ကိုယ်ဝန်ဆောင်ဇနီးသည် အတွက်ကိုပဲ သူ့ခေါင်းထဲမှာ ထည့်ထားပါတယ်။ သူတို့ရဲ့ ဒုတိယမြောက် ရင်သွေးလေးကို လာမယ့် သီတင်းပတ်တွေအတွင်း မွေးတော့မှာမို့ ကိုယ်ဝန်စစ်ဖို့ ဆေးရုံကို သွားနေကြတာပါ။

"မယုံနိုင်လောက်အောင် ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက် ကြားလိုက်ရပြီး ကျွန်တော်တို့ နှစ်ယောက်စလုံး လေထဲ မြောက်တက်သွားခဲ့တယ်" လို့ သူက ပြန်ပြောပြပါတယ်။

ဒါဟာ ဒေသခံ ဂျမား အစ္စလားမီးယား အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့ရဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဆိုတာကို နောက်တော့မှ သူသိခဲ့ရပါတယ်။ အဲဒီအုပ်စုဟာ ၂၀၀၂ ခုနှစ်တုန်းက ကမ္ဘာတဝန်းက လူ ၂၀၂ ဦး သေဆုံးခဲ့ရတဲ့ ဘာလီကျွန်းဗုံးခွဲမှု အပါအဝင် အင်ဒိုနီးရှားနိုင်ငံတွင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ခဲ့တဲ့ လက်နက်ကိုင် အုပ်စု ဖြစ်ပါတယ်။ သူတို့ဟာ အယ်လ်ကိုင်ဒါ အဖွဲ့နဲ့ ဆက်နွယ်နေတယ်လို့လည်း အသိများပါတယ်။

"ကျွန်တော့်မျက်စိထဲမှာ သွေးတွေပဲ မြင်တယ်။ သွေးတွေမှ အများကြီးပဲ။ သံတိုသံစတွေ ကျွန်တော့် မျက်စိတဖက်ထဲ ဝင်သွားပြီး မျက်စိ မမြင်ရတော့ဘူး"

သူ့ဇနီးလည်း ဆိုင်ကယ်ပေါ်ကနေ လွင့်သွားပြီး မီတာတော်တော် ဝေးတဲ့ နေရာမှာ ကျသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံး ထိတ်လန့်နေပြီး ဆေးရုံကို အမြန်ပြေးခဲ့ရပါတယ်။ အကြီးအကျယ် ဒဏ်ရာရသွားတဲ့ ဇနီးသည် ဟာလီလာ ဆာရိုဂျာ ဒေါင်လေးဟာ အရေးပေါ် သားဖွားခဲ့ရပါတယ်။

"ရေမွှာ ပေါက်သွားတဲ့အတွက် ခွဲစိတ်ခန်းထဲ အမြန်ခေါ်သွားခဲ့ရပါတယ်။ အလ္လာအရှင်မြတ်ရဲ့ ဘုန်းတော်ကြောင့် သားလေးကို သဘာဝအတိုင်း မွေးနိုင်ခဲ့ပါတယ်" လို့ အီဝန်က ပြောပြပါတယ်။

အဲဒီညမှာ ရစ်ဇ်ဂီကို မွေးခဲ့ပါတယ်။ ရစ်ဇ်ဂီ ဆိုတာ "ကောင်းချီးမင်္ဂလာ" လို့ အဓိပ္ပါယ် ရပါတယ်။

ဓာတ်ပုံ မူပိုင် Iwan Setiawan
Image caption အီဝန်နဲ့ ရစ်ဇ်ဂီ

"ကျွန်မအမေက အံ့သြစရာကောင်းလောက်အောင်ကို စိတ်ဓာတ်ခိုင်မာတယ် လို့ အီဝန်နဲ့ ဟာလီလာရဲ့ သမီးဦး ဆာရာက မျက်ရည်တွေကျရင်း ပြောပြပါတယ်။ အမေက အရိုးတွေ ကျိုးကုန်တာတောင် ကျွန်မမောင်လေးကို သဘာဝအတိုင်း မွေးထုတ်နိုင်ခဲ့တယ်။ ကျွန်မအမေက စိတ်ဓာတ်ခိုင်မာတာကတော့ မယုံနိုင်စရာပါပဲ"

ဒါပေမဲ့ ဟာလီလာ ဟာ သူရထားတဲ့ ဒဏ်ရာတွေကြောင့် ပြန်နလံမထူလာနိုင်တော့ပဲ နောက် ၂ နှစ်အကြာ ဆာရာရဲ့ ၅ နှစ်ပြည့် မွေးနေ့မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

"ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း၊ လက်တွဲဖော်၊ ကျွန်တော့်ဘဝကို ပြီးပြည့်စုံခဲ့သူကို ကျွန်တော် လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။ ဒီအကြောင်း ပြန်ပြောရတာ သိပ်ကို နာကျင်ရပါတယ်"လို့ အီဝန်က မျက်ရည်လည်ရွဲနဲ့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Iwan Setiawan
Image caption ဆာရာနဲ့ သူ့မိခင် ဟာလီလာ

ပထမတော့ အီဝန်ဟာ ဂလဲ့စားချေလိုစိတ်တွေ တဖွားဖွား ပေါ်ခဲ့ပါတယ်။

"အသက်မသေဘဲ ကျန်ခဲ့တဲ့ ဗုံးသမားတွေကို သေစေချင်တယ်။ ဒါပေမဲ့ ချက်ချင်းကြီး သေသွားတာမျိုးတော့ မဟုတ်ဘူး၊ အရင် နှိပ်စက်ချင်သေးတယ်။ သူတို့ ဗုံးခွဲလို့ ခံရသူတွေ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဘယ်လို ခံစားရသလဲ ဆိုတာကို သူတို့ကို သိသွားအောင် လုပ်တဲ့အနေနဲ့ သူတို့ရဲ့ အရေပြားတွေကို ခွာပြီး ဆားနဲ့ သိပ်ချင်တယ်။ ကျွန်တော့် သားသမီးတွေနဲ့ ကျွန်တော်တို့ ဆက်ရှင်သန် ရပ်တည်နိုင်ဖို့ အရမ်းကို ကြိုးစား ရုန်းကန်ခဲ့ကြရတာပါ"

၂၀၀၄ ခုနှစ် သြစတြေလျသံရုံး ဗုံးခွဲခံခဲ့ရအပြီး ၁၅ နှစ်အကြာ၊ ဟာလီလာ ကွယ်လွန်အပြီး ၁၃ နှစ်အကြာ ၂၀၁၉ ခုနှစ်မှာ ရစ်ဇ်ဂီ က အထက်တန်းကျောင်း တက်နေပြီ ဖြစ်သလို ဆာရာကလည်း ကျောင်းပြီးသလောက် ဖြစ်နေပါပြီ။ ဆာရာဟာ အောက်တိုဘာလမှာ အင်ဒိုနီးရှားနိုင်ငံ ဂျားဗားကျွန်းဆွယ်နားက သစ်တောတွေ ဖုံးလွှမ်းနေတဲ့ နူဆာခမ်ဘန်ဂန် ကျွန်းပေါ်မှာ ရှိတဲ့ လုံခြုံရေး အတင်းကျပ်ဆုံး အကျဉ်းထောင်ဆီကို ဖခင်ဖြစ်သူ အီဝန်နဲ့အတူ မော်တော်ဘုတ်တစ်စင်းနဲ့ သွားခဲ့ကြပါတယ်။

Image caption ဆာရာနဲ့ ဖခင် အီဝန်

သေဒဏ် ကျခံထားရတဲ့ ဗုံးသမား နှစ်ဦးနဲ့ သွားတွေ့ကြမှာပါ။ အဲဒီလူတွေဟာ အီဝန်ရဲ့ ဇနီးသည်၊ သူ့ကလေးတွေရဲ့ မိခင် သေဆုံးခဲ့ရတဲ့ ဗုံးခွဲ တိုက်ခိုက်မှုကို လုပ်ခဲ့မှုနဲ့ ပြစ်မှုထင်ရှား စီရင်ခံခဲ့ကြပါတယ်။

"ကျွန်တော် ရင်တွေ အရမ်းခုန်နေတယ်။ အရမ်းကို စိတ်လှုပ်ရှားနေတယ်။ စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ပြောပြဖို့ စကားလုံး ရှာမရဘူး"လို့ ထောင်ရှိရာ ကျွန်းဆိပ်ကမ်းကို အရောက်မှာ အီဝန်က ပြောပါတယ်။

"ဒီခရီးစဉ်က ဗုံးသမားတွေရဲ့ နှလုံးသားကို ဖွင့်ဟပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"

အစွန်းရောက်ဝါဒ တိုက်ဖျက်ဖို့အတွက် အစွန်းရောက် လက်နက်ကိုင်တွေနဲ့ သူတို့ကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေကို ပေးတွေ့တဲ့ အင်ဒိုနီးရှားအစိုးရရဲ့ ပညာပေးအစီအစဉ်အရ အဲဒီဗုံးသမား နှစ်ဦးထဲက တစ်ဦးကို အီဝန် အရင်က တွေ့ခဲ့ဖူးပါတယ်။ သူ့သားသမီးတွေကတော့ ပထမဆုံးအကြိမ် တွေ့ရမှာပါ။

"ဒီလူတွေနဲ့ တွေ့ခွင့်ရတာ ကျွန်တော့်သားသမီးတွေအတွက် သိပ်ကို အရေးကြီးပါတယ်"

"သူတို့ကို ဒေါသမထွက်ကြဖို့ ကလေးတွေကို အမြဲ သင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ရက်တဲ့ လူတွေက ဘယ်လိုမျိုးလဲ ဆိုတာကို ကလေးတွေက သိချင်နေကြပါတယ်။ ဒါ့ကြောင့် သူတို့နဲ့ တွေ့ခွင့် ရချင်ကြတာပါ" လို့ အီဝန်က ပြောပါတယ်။

သူတို့မိသားစုဟာ တစ်ယောက်နဲ့ တစ်ယောက် သိပ်ကို ချစ်ကြတဲ့ မိသားစု ဆိုတာ သိသာပါတယ်။

ဓာတ်ပုံ မူပိုင် Iwan Setiawan
Image caption အီဝန်နဲ့ ဟာလီလာ တို့ မင်္ဂလာ ဆောင်စဉ်က

၁၇ နှစ်အရွယ် ဆာရာဟာ ခေါင်းစည်း ပုဝါအနက်၊ အင်္ကျီ အစင်း၊ ဘောင်းဘီရှည်ကို စတိုင်ကျကျ ဝတ်ထားပါတယ်။ တခြား ဆယ်ကျော်သက် ကလေးမလေးတွေလိုပဲ သူ့ဖုန်းကနေ မခွာပဲ ခရီးစဉ်တလျှောက်လုံး ဆယ်လ်ဖီ ဆွဲနေတာ တွေ့ရပါတယ်။

ဒါပေမဲ့ ဗုံးသမားတွေကို ဘာ့ကြောင့် သွားတွေ့မှာလဲ ဆိုတဲ့အကြောင်း ပြောကြတဲ့အခါမှာတော့ ဒီမေးခွန်းကို မေးဖြစ်အောင် မေးဖို့ သံဓိဌာန်ချထားပုံကို ဆာရာရဲ့ မျက်လုံးတွေထဲမှာ မြင်ရပါတယ်။

"ဒီတွေ့ဆုံမှုကနေ ဒီအကြမ်းဖက်သမားတွေအတွက် စဉ်းစားတွေးတောစရာ ပေါ်လာမယ်၊ အလ္လာအရှင်မြတ်ထံမှာ ခွင့်လွှတ်ဖို့ တောင်းခံမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ တကယ်လို့ သူတို့ လုပ်ခဲ့တာကို တကယ်ပဲ နောင်တရတယ် ဆိုရင်တော့ တခြားသူတွေကိုလည်း ဒီအကြောင်း လွှမ်းမိုးသွားမယ်၊ ဒါဆိုရင် ဒီလို လုပ်ရပ်မျိုး ထပ်မဖြစ်တော့ဘူးလို့ မျှော်လင့်ရပါတယ်"

ဆာရာ့မှာ နှစ်ပေါင်းများစွာ မျိုသိပ်ထားခဲ့ရတဲ့ မေးခွန်းတစ်ခုကို မေးဖို့ ရှိနေပါတယ်။

"ဘာ့ကြောင့် ဒီလိုလုပ်ခဲ့တာလဲ၊ ဒါကို ကျွန်မ သိချင်နေတာပါ" လို့ ဆိုပါတယ်။

အကျဉ်းသားဝတ်စုံ လိမ္မော်ရောင် ဝတ်ထားတဲ့ အီဝန် ဒါမာဝန် မွန်တို ဟာ အခန်းသေးလေးတစ်ခုမှာ ထိုင်စောင့်နေပါတယ်။ သူ့ကို ရိုအိစ် လို့လည်း ခေါ်ကြပါတယ်။ သူ့ကို ကြည့်ရတာ အားအင် ချိနဲ့နေပုံရပြီး ဘီးတပ်လှည်းပေါ်မှာ ထိုင်နေတာ တွေ့ရပါတယ်။ ဟိုးတလောကပဲ သူ လေဖြတ်သွားခဲ့တာပါ။ ဒါပေမဲ့ သူ့လက်တွေ၊ ခြေထောက်တွေကိုတော့ လက်ထိပ်တွေ၊ ခြေကျင်းတွေ ခတ်ထားပါတယ်။

တရားရုံး ကြားနာစစ်ဆေးမှုမှာတုန်းက ပြစ်မှုထင်ရှားကြောင်း ကြေညာလိုက်ချိန်မှာ ရိုအိစ် က မတ်တပ် ထရပ်ပြီး သူ့ရဲ့ လက်သီးဆုပ်ကို ဝှေ့ယမ်းပြရင်း "အာဇာနည်တစ်ယောက်လို သေရမှာမို့ သေဒဏ် ကျခံရတာကို ကျေးဇူးတင်တယ်" လို့ ဟစ်ကြွေးခဲ့ပါတယ်။ အီရတ်စစ်ပွဲမှာ သြစတြေးလျက အမေရိကန်ဘက်ကနေ ပါခဲ့တဲ့အတွက် သြစတြေးလျသံရုံးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ယူဆရပါတယ်။

Image caption အီဝန် ဒါမာဝန် မွန်တို ခေါ် ရိုအိစ် ကို ဘာတူ အကျဉ်းထောင်မှာ တိုက်ပိတ် ထိန်းသိမ်းထား

သူ့ကို သွားတွေ့ခဲ့ကြချိန်မှာ မျက်နှာဖုံးအုပ်ထားတဲ့ လက်နက်ကိုင် ထောင်စောင့် နှစ်ဦးက သူ့ဘေးတစ်ဘက်တစ်ချက်မှာ ရပ်စောင့်နေကြပါတယ်။ အခြေအနေက အရမ်းတင်းမာနေပါတယ်။ တကယ်လို့ ရိုအိစ် တစ်ခုခု လုပ်ဖို့ ကြိုးစားခဲ့ရင် နံရံဘက်ကို အမြန်ဆုံး ပြေးဖို့ ထောင်စောင့်တွေက ပြောပါတယ်။

အီဝန်၊ ဆာရာနဲ့ ရစ်ဇ်ဂီ တို့ သူ့ကို နှုတ်ဆက်စကား ပြောပြီး ပလတ်စတစ်ခုံတွေမှာ ထိုင်ပါတယ်။ အီဝန်က အရင်ဆုံး စကား စပြောပါတယ်။

ကျွန်တော့် ကလေးတွေက သူတို့ အမေကို သတ်ခဲ့သူ၊ အဖေကို မျက်လုံးတစ်ဖက် ကွယ်အောင် လုပ်ခဲ့သူ ကို တွေ့ချင်နေကြတယ် လို့ အီဝန်က ပြောပါတယ်။

ဗုံးကွဲတဲ့အချိန်မှာ အီဝန် ဘယ်မှာ ရှိနေသလဲလို့ ရိုအိစ်က ဘာမှမဖြစ်သလို မေးလိုက်ပါတယ်။

Image caption သူတို့အမေကို သတ်ခဲ့တဲ့ ရိုအိစ် ကို ဆာရာနဲ့ ရစ်ဇ်ဂီ တို့ မျက်နှာချင်းဆိုင် တွေ့ခဲ့စဉ်

သူ့မိန်းမက အဲဒီတုန်းက ကိုယ်ဝန် အရင့်အမာကြီးနဲ့ ဆိုတာကို အီဝန်က ရှင်းပြခဲ့ပြီး ဗုံးခွဲခံခဲ့ရတဲ့ ညမှာပဲ ကလေးမွေးခဲ့တဲ့အကြောင်း ပြောပြပါတယ်။ မျက်လွှာချပြီး ကိုယ့်လက်ကို စိုက်ကြည့်နေတဲ့ ရစ်ဇ်ဂီ ကို လက်ညှိုးထိုးပြပြီး အဲဒီကလေးလေးဟာ သူပေါ့လို့ အီဝန်က ပြောခဲ့ပါတယ်။

ရိုအိစ် က "ကျွန်တော့်မှာလည်း ကလေးတစ်ယောက် ရှိပါတယ်။ ကျွန်တော့်မိန်းမနဲ့ ကလေးကို မတွေ့ရတာ နှစ်နဲ့ ချီနေပါပြီ။ သူတို့ကို အရမ်းသတိရပါတယ်။ ကျွန်တော်က ခင်ဗျားတို့ထက် ပိုဆိုးတာပေါ့။ ခင်ဗျားက သားသမီးတွေနဲ့ အတူတူ နေနိုင်သေးတယ်။ ကျွန်တော့် ကလေးဆို ကျွန်တော့်ကိုတောင် မသိတော့ဘူး" လို့ ပြောပါတယ်။

အဲဒီနောက် အကြည့်ချင်း မဆုံအောင် ရှောင်ဖို့ ကိုယ့်လက်တွေကိုပဲ စိုက်ကြည့်နေကြတဲ့ ဆာရာနဲ့ ရစ်ဇ်ဂီ ကို ရိုအိစ်က လှမ်းကြည့်လိုက်ပါတယ်။

အားလုံးရဲ့ အကြည့်တွေက ဆာရာ ဆီရောက်သွားပါတယ်။ သူဘာပြောမလဲ ဆိုတာ အားလုံးက သိချင်နေကြပါတယ်။

အဲဒီအချိန်မှာ ဆာရာ မခံစားနိုင်လောက်အောင် ဖြစ်ခဲ့ရပြီး ချုံးပွဲချ ငိုကြွေးခဲ့ပါတော့တယ်။ ဆာရာဆီ အပြေးရောက်သွားတဲ့ အီဝန်က ဆာရာ့ခေါင်းလေးကို ကိုင်ပြီး နှစ်သိမ့်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘာ့ကြောင့် ဒီလို လုပ်ခဲ့တာလဲလို့ ရိုအိစ်ကို ဆာရာက တိုးတိုးလေး မေးလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အာဇာနည်လို့ သတ်မှတ်ခံရအောင် တရားခွင်မှာ သူ့ကို သေဒဏ်ပေးဖို့ ရိုအိစ် မျှော်လင့်ခဲ့

"သူတို့ စွပ်စွဲသလို ကျွန်တော်မလုပ်ခဲ့ဘူး။ ဘာလို့ ဝန်ခံရမှာလဲ" လို့ သူက ပြောပါတယ်။

"မွတ်ဆလင်တွေရှိတဲ့ နေရာကို တိုက်ခိုက်ရမယ် ဆိုတာမျိုးကို သဘောမတူဘူး။ အဲဒါ မဟုတ်သေးဘူး။ မွတ်ဆလင် တစ်ယောက်ကို ထိခိုက်အောင် လုပ်ဖို့ မွတ်ဆလင်တွေအများကြီးကို သတ်ဖို့မလိုဘူး။ အဲဒါမမှန်ဘူး"

ဒါပေမဲ့ မွတ်ဆလင် မဟုတ်တဲ့သူတွေကို တိုက်ခိုက်ရမှာမျိုးကိုလည်း သူ သဘောမတူဘူးလို့လည်း ပြောပါသေးတယ်။

ရိုအိစ်ဟာ အခုတော့ လုံခြုံရေး အထူထပ်ဆုံး အကျဉ်းထောင်ထဲက တိုက်ပိတ်ခန်းထဲမှာပါ။

တခြား အကျဉ်းသားတွေကို ရိုအိစ်က လွှမ်းမိုးသွားမှာကို ထောင်ဝန်ထမ်းတွေက စိုးရိမ်နေကြပါတယ်။

အရင်တုန်းက အစွန်းရောက် ဘာသာရေး ခေါင်းဆောင် အာမန် အဗ္ဗဒူရာဟမ်နဲ့ သူ တစ်ခန်းတည်း အတူ နေခဲ့ဖူးပါတယ်။ အဲဒီတုန်းက အစ္စလာမ်မစ်နိုင်ငံကို အတူတည်ထောင်ကြမယ်လို့ ထောင်ထဲမှာပဲ သူတို့ ကတိပြုခဲ့ ကြပါတယ်။

သူတို့နှစ်ယောက်စလုံးဟာ ၂၀၁၆ ခုနှစ် ဂျာကာတာ ဗုံးဖောက်ခွဲမှုကို ထောင်ထဲကနေ စီစဉ်ခဲ့တယ်လို့ သံသယရှိ ခံရပါတယ်။

အီဝန် ထွက်မသွားခင် ရိုအိစ်က သူ့အတွက် ဆုတောင်းပေးဖို့ ပြောပါတယ်။

"လူသားတိုင်း အမှား လုပ်ကြတယ်။ ကျွန်တော်မှားတာတွေ အားလုံးအတွက် တောင်းပန်ပါတယ်။ တကယ် နာကျင်ရပါတယ်"လို့ သူက ပြောပါတယ်။

Image caption မျက်ရည်မကျအောင် အီဝန် မနည်းထိန်းခဲ့ရ

ဒါပေမဲ့ တကယ်တမ်းမှာ အီဝန်ကို ကြည့်ရတာ တုန်လှုပ်နေသလိုပါပဲ။

"သူ့ကို ကြည့်ရတာ အခုထက်ထိ သူလုပ်တာ မှန်နေတယ်လို့ ထင်နေသေးပုံပဲ။ နောက်တစ်ခါ ထပ်လုပ်ဖို့ အခွင့်အရေး ပေးလာရင် သူထပ်လုပ်မှာ ကျွန်တော် စိတ်ပူမိတယ်"လို့ အီဝန်က ပြောပါတယ်။

"ကျွန်တော် တကယ် စိတ်ပျက်မိတယ်။ သူက နာကျင်စရာတွေ အများကြီးလုပ်ခဲ့တယ်။ ဒါပေမဲ့ သူက ဝန်မခံချင်ဘူးလေ။ ကျွန်တော် ဒီ့ထက်ပိုပြီး ဘာလုပ်လို့ ရဦးမှာလဲ"

ဒီကျွန်းပေါ်မှာ အကျဉ်းထောင် နှစ်ခုရှိပါတယ်။ တစ်ခုက ဘာတူ။ နောက်တစ်ခုက ပါမီဆန် ပါ။

ပါမီဆန်ထောင်မှာ အာမက် ဟာဆန် ကို ထိန်းသိမ်းထားတာပါ။ သူက ဆာရာနဲ့ ရစ်ဇ်ဂီတို့ရဲ့ အမေကို သတ်ခဲ့မှုအတွက် သေဒဏ်ကျခံနေရတဲ့ နောက်ဗုံးသမား တစ်ယောက် ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟာဆန် ကို တရားခွင်မှာ တွေ့ရပုံ

သူက သူ့ကို တရားစီရင်နေတုန်းက တင်းကြပ်တဲ့ အစောင့်တွေရှိနေတုန်းမှာပဲ လက်သီးလက်မောင်းတန်းပြီး ခပ်တင်းတင်းရှိခဲ့သူပါ။

အခုတော့ သူက အဲဒီတုန်းကနဲ့ တော်တော်ကြီး ပြောင်းလဲသွားပါပြီ။

အစ္စလာမ် ဘာသာရေး ဝတ်ရုံဝတ်၊ ဘာသာရေး ဦးထုပ်ဆောင်းထားတဲ့သူ့ကို ကြည့်ရတာ မရွံ့မရဲ ဖြစ်နေပုံရပြီး စကားကိုလည်း ညင်ညင်သာသာ ပြောပါတယ်။

သူ့ကို ထောင်မှာ အီဝန် တစ်ခါ သွားတွေ့ဖူးပါသေးတယ်။

"ကျွန်တော့်ကလေးတွေကို ခင်ဗျားနဲ့ တွေ့ရအောင် ခေါ်လာတယ်"လို့ အီဝန်က ပြောပါတယ်။

"ခင်ဗျား ဘာဖြစ်လို့ ဗုံးခွဲခဲ့တယ်။ အဲဒီအတွက် သူတို့ အမေသေခဲ့တယ်။ ပြီးတော့ ကျွန်တော်လည်း မျက်လုံးတစ်ဖက် ဆုံးခဲ့တယ် ဆိုတာတွေ သူတို့ကို နားလည်စေချင်လို့ ခေါ်ခဲ့တာ" လို့ အီဝန်က ပြောပါတယ်။

Image caption ဘာတူ အကျဉ်းထောင်

ဟာဆန်က လေးလေးနက်နက် ခေါင်းညိတ်လိုက်ပါတယ်။

"ဟုတ်တယ် သူတို့ သိဖို့လိုတယ်။ သူတို့ ငယ်ငယ်ရွယ်ရွယ်မှာပဲ သူတို့ရဲ့ အမေကို ဆုံးရှုံးခဲ့ရတယ်" လို့ သူက ပြောပါတယ်။

"အဖေကိုတော့ ပြောပြီးပြီ။ အခုက ကလေးတွေကို ပြောဖို့ အခွင့်အရေးပဲ။ အလ္လာရှင်မြတ်ကြောင့် အခု ဒီအခွင့်အရေး ရလာပြီ။"

"မင်းတို့ရဲ့ အဖေကို နာကျင်အောင်လုပ်ဖို့ ဘယ်တုန်းကမှ ဆန္ဒမရှိခဲ့ဘူး။ သူ့ဖြတ်သွားတဲ့အချိန်နဲ့ တိုက်ဆိုင်သွားတာပါ။ ဗုံးကိုင်ထားတဲ့ သူငယ်ချင်းက အဲဒီအချိန်မှာ ဖောက်ခွဲလိုက်တာ။ ငါ့ကို ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်။"

အဲဒီအချိန် သူ့အသံက အက်ကွဲစပြုနေပါပြီ။ "ကျွန်တော်ဟာ အပြစ်ရှိတဲ့ လူသားတစ်ဦးပါ။ အမှားတွေ အများကြီး လုပ်ခဲ့တယ်။"

ဆာရာက သူ့ကို လှမ်းကြည့်လိုက်ပြီး ယဉ်ယဉ်ကျေးကျေးပဲ ပြောလိုက်ပါတယ်။ ဒါပေမယ့် သူ့စကားက ပြတ်သားပါတယ်။ "ရှင် ဘာကြောင့် ဒီလို လုပ်ခဲ့တာလဲ။ ဘာအကြောင်းပြချက်နဲ့ လုပ်တာလဲ။"

"ငါတို့ သူငယ်ချင်းတွေနဲ့ ငါတို့ လွဲမှားတဲ့ အယူဝါဒတွေ သွတ်သွင်းခံခဲ့ရတယ်။ ငါတို့ ဘာလုပ်လို့ လုပ်နေသလဲ ဆိုတာ မသိဘဲ၊ ဘာအသိဉာဏ် မရှိဘဲ လုပ်ခဲ့ကြတာပါ။ ဒါမျိုး မဖြစ်ခဲ့ရင် ကောင်းမှာပဲလို့ တွေးမိပါတယ်"

အဲဒီအချိန်မှာပဲ ဆာရာက သူ့အကြောင်းကို ပြောပြလာပါတယ်။ သူ ၅ နှစ်ပြည့်တဲ့ မွေးနေ့မှာပဲ သူ့မိခင် ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီနေ့က သူ့မွေးနေ့ပွဲကို ညနေ ၄ နာရီမှာ လုပ်ဖို့ မိသားစုဝင်တွေ ပြင်ဆင်နေကြတာပါ။ ဒါပေမယ့် ပျော်ရမယ့် အချိန်မှာ ဝမ်းနည်းစရာ အဖြစ်ဆိုးကြီး ကြုံခဲ့ရပါတယ်။

"ကျွန်မ ငယ်ငယ်က မေမေ ဘယ်မှာလဲ ဆိုပြီး အဖေ့ကို အမြဲမေးတယ်။ အဖေက ပြန်ဖြေတယ်။ သမီးအမေက အလ္လာအရှင်မြတ်ရဲ့ အိမ်မှာတဲ့။ အဲဒီနေရာက ဘယ်နေရာလဲလို့ မေးတော့ သူက ဗလီလို့ ပြောတယ်။"

"ကျွန်မလည်း ဗလီကို ပြေးသွားမိတယ်။ အဘွားက ကျွန်မကို လိုက်ရှာရတယ်။ ကျွန်မကို ဗလီမှာ သူရှာတွေ့တော့ ကျွန်မက အမေ့ကို စောင့်နေတာလို့ ပြောတယ်။ အမေ အိမ်ပြန်လာမယ့်အချိန် စောင့်နေတာလို့ ပြောတယ်။ ဒါပေမဲ့ အမေကတော့ အိမ်ပြန်မလာခဲ့ပါဘူး။"

Image caption သူ့ကို ခွင့်လွှတ်ပေးဖို့ အလ္လာအရှင်မြတ်ထံမှာ ဟာဆန် ဆုတောင်း

ဟာဆန်ဟာ သူ့မျက်လုံးတွေကို ပိတ်လိုက်ပြီး လက်အုပ်ချီပြီး ဆုတောင်းနေပါတယ်။ အလ္လာရှင်မြတ် ခွင့်လွှတ်ဖို့ သူ အကြိမ်ကြိမ်အခါခါ ရေရွတ်ဆုတောင်းနေပါတယ်။

နောက်ဆုံးမှာတော့ သူကြိုးစားပြီး ပြောလာတာက "အလ္လာရှင်မြတ်က မင်းတို့နဲ့ ငါ့ကို တွေ့စေချင်နေတာပါ။ မင်းတို့နဲ့ တွေ့ပြီး ကြိုးစား ရှင်းပြစေချင်နေတာပါ"

"ဒါပေမယ့် ရှင်းပြနိုင်စွမ်း မရှိပါဘူး ကလေးတို့ရယ်။ အရမ်းဝမ်းနည်းပါတယ်။"

"ကျွန်တော့ မျက်ရည်တွေက မဆည်နိုင်အောင်ပါပဲ။ ကျွန်တော် ဆာရာကို သမီးအရင်းလို သဘောထားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ သမီးလေး ခွင့်လွှတ်ပေးလို့ ရပါတယ်ကွယ်။"

အဲဒီအခန်းကျဉ်းလေးဟာ အားလုံးရဲ့ ငိုသံတွေနဲ့ ဖုံးလွှမ်းသွားပါတော့တယ်။

ဟာဆန်ရဲ့ မျက်ရည်တွေဟာ သူ့အတွက် ဘယ်လောက် အဓိပ္ပာယ်ရှိတယ် ဆိုတာကို အီဝန်က နောက်ပိုင်းမှာ ပြောပါတယ်။

"ဟာဆန် ငိုနေတာကို မြင်တဲ့အချိန်မှာ ကျွန်တော် သိလိုက်တယ်။ ဒီလူက လူကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာကိုပေါ့။ တခြားသူတွေ နာနာကျင်ကျင် ခံစားနေရတာကို သူလည်း ခံစားနားလည်နိုင်တယ်။ သူ လုပ်ခဲ့တဲ့ အချိန်တုန်းကတော့ သူဟာ မကောင်းတဲ့ အကြံအစည်တွေနဲ့ မကောင်းတဲ့သူတွေရဲ့ စည်းရုံးသိမ်းသွင်းတာ ခံခဲ့ရတာ ဖြစ်နိုင်ပါတယ်။ အခုတော့ သူ့နှလုံးသားကို ဖွင့်ချလိုက်ပါတယ်။"

သူတို့ရဲ့ ဆုံတွေ့မှုအပြီးမှာတော့ အုပ်စုလိုက် ဓာတ်ပုံရိုက်ကြပါတယ်။ လက်ချင်း ချိတ်ထားပါတယ်။ ခွင့်လွှတ်မှုဆိုတဲ့ အဓိပ္ပာယ်ဟာ ဒီအခန်းထဲမှာ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေပါတယ်။

Image caption ဗုံးခွဲသမား ဟာဆန်နဲ့အတူ အီဝန်တို့ မိသားစု

"ဒီလူတွေအတွက် သေဒဏ်ဆိုတာ နည်းတောင် နည်းသေးတယ်လို့ ကျွန်တော် အမြဲပြောခဲ့တယ်။ ကျွန်တော်တို့ ခံစားရသလိုမျိုး ခံစားရအောင် သူတို့ကို နှိပ်စက်သင့်တယ်လို့ ယူဆခဲ့တယ်။ ဒါပေမယ့် အလ္လာရှင်မြတ်က ခွင့်လွှတ်တတ်တဲ့ သူ့ဘာသာဝင်တွေကို ဖေးမပေးခဲ့ပါတယ်။"

အဲဒီနောက် မျက်ရည်တွေ သုတ်ပြီး အီဝန်တို့ သားအဖတွေ အခန်းထဲက ထွက်လာခဲ့ကြပါတယ်။

အကျဉ်းထောင်တွေရဲ့ အနောက်မှာ နာမည်ကြီး ကမ်းခြေတစ်ခု ရှိပါတယ်။ ထောင်သားတွေကတော့ ဒီကမ်းခြေကို တစ်ခါမှ မမြင်ဖူးကြပါဘူး။ ပါမီဆန် ကမ်းခြေ ဒါမှမဟုတ် အဖြူရောင် ကမ်းခြေပါ။ အင်ဒိုနီးရှား အထူးတပ်ဖွဲ့တွေ လေ့ကျင့်တဲ့ နေရာပါ။

ဆာရာ၊ ရစ်ဇကီ နဲ့ အီဝန်တို့က ဒီကမ်းခြေကို သွားကြည့်ခွင့် တောင်းခဲ့ပါတယ်။

သဘာဝ ကျောက်တောင်ကျောက်စွန်းတွေ၊ ဖြူလွလွ သဲတွေနဲ့ သာယာလှပတဲ့ ကမ်းခြေမှာ သူတို့ သားအဖ လက်ချင်းတွဲပြီး ပြေးခဲ့ကြပါတယ်။ ဆာရာဆိုရင် အပျော်ကြီး ပျော်နေတာ တွေ့ရပါတယ်။

Image caption အီဝန်၊ ဆာရာနဲ့ ရစ်ဇ်ဂီတို့ မိသားစု

"ဒီနေ့ တွေ့ဆုံမှုတွေကနေ သင်ခန်းစာတွေ အများကြီး ရခဲ့တယ်" လို့ ဆာရာက ပြောပါတယ်။

"ဟာဆန်က သူလုပ်ခဲ့တာတွေကို နောင်တရတယ်လို့ ပြောပြီး တောင်းပန်ခဲ့တယ်။ လူတစ်ယောက်ဟာ ဆိုးဆိုးဝါးဝါး လုပ်ရပ်တစ်ခုခု လုပ်ခဲ့ပေမယ့် သူဟာ ပြောင်းလဲလာနိုင်တယ်။ အဲဒါ ကျွန်မ သိလိုက်ရတဲ့ သင်ခန်းစာ ပါပဲ။"

"ကာလအကြာကြီး ကျွန်မ သိချင်ခဲ့တာတွေ၊ ကျွန်မရဲ့ မေးခွန်းတွေအတွက် အဖြေရခဲ့ပြီ ဆိုတော့ အခု ကျွန်မ ပြုံးပျော်နိုင်ပါပြီ"

"ဒီကမ်းခြေက လှိုင်းတွေလိုပဲ။ ကျွန်မကို စိတ်သက်သာရာ ရသွားစေတဲ့ လှိုင်းတွေကို ကျွန်မခံစားနိုင်ခဲ့ပါပြီ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘာလီဗုံးခွဲခဲ့သူနဲ့ ခံခဲ့ရသူတွေရဲ့ မိသားစုတွေ့ဆုံ