Crash Landing on You - မြောက်ကိုရီးယား ဗိုလ်ကြီးဇာတ်လမ်းကို ပုံဖော်ပေးခဲ့သူ

Crash Landing on You၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဒရာမာ၊ ရုပ်မြင်သံကြားဇာတ်လမ်း ဓာတ်ပုံ မူပိုင် CJ ENM
Image caption တောင်ကိုရီးယား သူဌေးသမီးနဲ့ မြောက်ကိုရီးယား ဗိုလ်ကြီးတို့ရဲ့ အချစ်ဇာတ်လမ်း

လေထီးစီးလာတဲ့ တောင်ကိုရီးယား သူဌေးသမီး တစ်ဦး မြောက်ကိုရီးယားနိုင်ငံ ပိုင်နက်ထဲ မတော်တဆ ကျသွားခဲ့ရာကနေ မြောက်ကိုရီးယား ဗိုလ်ကြီးတစ်ဦးနဲ့ ဆုံတွေ့ ချစ်မိခဲ့တဲ့ အချစ်ဇာတ်လမ်းတွဲ တစ်ခုဟာ လူတွေအကြား အခုနောက်ဆုံး ရေပန်းအစားဆုံး ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲ ဖြစ်နေပါတယ်။

အဲဒီ Crash Landing on You ဇာတ်လမ်းဟာ တခြား ကိုရီးယား ဒရာမာ အချစ် ဇာတ်လမ်းတွေထဲက အလားတူ ဇာတ်လမ်း တပုဒ် ဖြစ်ပေမဲ့ မြောက်ကိုရီးယားနိုင်ငံ အကြောင်း အသေအချာ လေ့လာပြီး ကွက်ကွက်ကွင်းကွင်း ပုံဖော် ရိုက်ကူးနိုင်ခဲ့တဲ့အတွက် သောင်းသောင်းဖျဖျ အားပေး ချီးကျူး ခံခဲ့ရပါတယ်။ ဒါဟာ ဒီဇာတ်လမ်းတွဲ ဇာတ်ညွှန်းရေးတဲ့ အဖွဲ့ထဲမှာ မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို ဘက်ပြောင်း ခိုလှုံလာတဲ့ ဗိုလ်ကြီးဟောင်း တစ်ဦး ပါနေလို့ ဖြစ်တယ်လို့ ဘီဘီစီ ကိုရီးယားဌာနက ဆူဘင် ကင်မ် က ရှင်းပြပါတယ်။

ပုခုံးကျယ်ကျယ် ဗလတောင့်တောင့်နဲ့ အဲဒီ ဗိုလ်ကြီးဟောင်း ကွတ်ခ် မွန်းဝန် မှာ ကိုယ်ရံတော် ဗိုလ်ကြီးတစ်ဦး ရှိရမယ့် သွင်ပြင်လက္ခဏာတွေ အားလုံး တွေ့နိုင်ပါတယ်။

ဒါကလည်း ကွတ်ခ်ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ရဲ့ မိသားစုကို ကာကွယ် စောင့်ရှောက်နေတဲ့ အထူးလုံခြုံရေးအဖွဲ့ မှာ ၂၀၀၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးလို့ ဖြစ်ပါလိမ့်မယ်။

သူ့ကို ယုံကြည်စိတ်ချလွန်းတဲ့အတွက် ပြည်ပမှာ သွားအလုပ်လုပ်ဖို့ မြောက်ကိုရီးယား အစိုးရက စေလွှတ်ခဲ့ပါတယ်။ မြောက်ကိုရီးယား အရမ်းလိုအပ်နေတဲ့ နိုင်ငံခြားငွေတွေကို ရှာပေးနေတဲ့ မော်စကို အခြေစိုက် မြောက်ကိုရီးယား ကုန်သွယ်ရေးကုမ္ပဏီ တစ်ခုမှာပါ။

နိုင်ငံ့ခေါင်းဆောင်တွေအပေါ် ဆက်သစ္စာရှိနိုင်မယ့်သူတွေကို မြောက်ကိုရီးယား အစိုးရက အသေအချာ စိစစ်ပြီး အနည်းအပါးလောက်ကိုပဲ ပြည်ပမှာ သွားအလုပ်လုပ်ခွင့် ပြုလေ့ ရှိတာ ဖြစ်ပါတယ်။

ပြည်ပမှာ သွားအလုပ်လုပ်ဖို့ ရွေးချယ်ခံခဲ့ရတဲ့ ကွတ်ခ်ဟာ သူ့ဇနီးနဲ့ သားကို မြောက်ကိုရီးယားနိုင်ငံထဲမှာ ထားခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Kwak Moon-wan
Image caption မြောက်ကိုရီးယားကနေ ဘက်ပြောင်းခိုလှုံလာတဲ့ ကွက်ခ် မွန်းဝန် ပြုံယမ်းမြို့မှာ ရုပ်ရှင်ရိုက်ကူရေးပညာ သင်ယူခဲ့

၂၀၀၄ ခုနှစ်မှာတော့ သူ့ကို ပြုံယမ်းကို ပြန်လာဖို့ ညွှန်ကြားခဲ့ပါတယ်။ ဘေဂျင်းမှာ လေယာဉ် ခရီးတထောက် နားနေတုန်းမှာပဲ သတင်းဆိုး ကြားလိုက်ရပါတယ်။ မော်စကိုမှာတုန်းက ကိုယ့်အချင်းချင်းကြား သူပြောခဲ့တဲ့ စကားတွေကို သူ့သူငယ်ချင်းက သူ့အထက် အကြီးအကဲတွေကို ပြန်သတင်းပို့ခဲ့တယ် ဆိုတဲ့ အကြောင်းပါပဲ။

သူပြောမိတဲ့ စကားတွေကြောင့် မြောက်ကိုရီးယား ပြန်ရောက်ရင် သူအကြီးအကျယ် ဒုက္ခရောက်တော့မယ် ဆိုတာကို ကွတ်ခ် ချက်ချင်း သဘောပေါက်မိပါတယ်။

ဒီအကြောင်းကို ဆိုးလ်မြို့က ကော်ဖီဆိုင်မှာ ဘီဘီစီ သတင်းထောက် ဆူဘင် ကို ပြောပြနေစဉ်မှာ ကွတ်ခ်က အနားမှာ ဘယ်သူတွေ ရှိနိုင်သလဲ ဆိုတာကို တချိန်လုံး ကြည့်နေခဲ့ပါတယ်။ သူ့သူငယ်ချင်းကို သူဘာတွေ ပြောခဲ့သလဲ ဆိုတာကိုတော့ ကွတ်ခ်က အသေးစိတ် ပြန်မပြောပြခဲ့ပါဘူး။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ရဲ့ မိသားစုဝင်တွေကို သူကိုယ်ရံတော် လုပ်နေတုန်း သူမြင်တွေ့ခဲ့တဲ့ အကြောင်းတွေကို သူငယ်ချင်းတွေကို ပြောမိခဲ့တာလို့ပဲ ဆိုပါတယ်။

ဒီတော့ သူ တောင်ကိုရီးယားကို ဘက်ပြောင်း ခိုလှုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့မိသားစု မပါဘဲ သူ့တစ်ယောက်တည်းပါ။ အဲဒီအချိန်ကစလို့ တောင်ကိုရီးယားမှာ တကိုယ်တည်း သူနေလာခဲ့တာပါ။

"တောင်ကိုရီးယားမှာ နေရတဲ့ ဘဝကတော့ မနက်မိုးလင်းလာတာနဲ့ ကိုယ့်နောက်မှာ အရိပ်လို ဘယ်သူတွေ လိုက်လာမလဲ ဆိုတာ မစိုးရိမ်ရတော့တဲ့ ဘဝပေါ့" လို့ ကွတ်ခ်က ပြောပါတယ်။

တောင်ကိုရီးယားကို ရောက်လာခဲ့အပြီးမှာ ဘက်ပြောင်းလာတဲ့ တခြား မြောက်ကိုရီးယား တွေလိုပဲ ဘဝသစ် တည်ဆောက်ဖို့ ကွတ်ခ် စလုပ်ခဲ့ပါတယ်။ အဲဒီအခါ ကံအလှည့်အပြောင်းကြောင့် ကိုရီးယား ရုပ်ရှင်လောကထဲ ဝင်လာဖို့ ဖြစ်လာခဲ့ပါတယ်။

နိုင်ငံဘက်ပြောင်း ခိုလှုံလာသူ ဘဝကနေ ရုပ်ရှင် အကြံပေး ဘဝကို ရောက်လာ

စစ်ထဲ မဝင်ခင်တုန်းက ကွတ်ခ် ဟာ ရုပ်ရှင်ပညာအကြောင်း သင်ယူခဲ့ဖူးပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်ပိုင်းတွေတုန်းက အနုပညာကို ချစ်မြတ်နိုး ဝါသနာပါတဲ့ နိုင်ငံခေါင်းဆောင် ကင်မ် ဂျုန် အီးလ် ကြောင့် မြောက်ကိုရီးယားမှာ ရုပ်ရှင်လုပ်ငန်း အကြီးအကျယ် ရေပန်းစား အောင်မြင်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကွတ်ခ်က တက္ကသိုလ် တက်ဖို့ လျှောက်တော့ ပြုံယမ်း ဒရာမာနဲ့ ရုပ်ရှင်အနုပညာ တက္ကသိုလ်က ရုပ်ရှင်ရိုက်ကူးရေး သင်တန်း အတွက် သူ့ကို လက်ခံခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် CJ ENM
Image caption ယဉ်ကျေးမှုချင်း မတူပေမဲ့ သူတို့နှစ်ယောက် မချစ်ဘဲ မနေနိုင်ခဲ့ကြပါဘူး။

တောင်ကိုရီးယားကို ကွတ်ခ် ရောက်လာပြီးပြီးချင်းမှာပဲ မြောက်ကိုရီးယားအကြောင်း ရုပ်ရှင်ပရောဂျက် တစ်ခု လုပ်နေတဲ့ နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်က တောင်ကိုရီးယား ထောက်လှမ်းရေး အဖွဲ့ကို အကြံဉာဏ် လှမ်းတောင်းပါတယ်။

အဲဒီအချိန်မှာ ဘက်ပြောင်း ခိုလှုံလာသူတွေကို လုပ်လေ့လုပ်ထ ရှိတဲ့အတိုင်း ကွတ်ခ်ကို စစ်ဆေး မေးမြန်းတာတွေ လုပ်ပြီးခါစပါ။ စစ်ဆေးမေးမြန်းမှုတွေအတွင်း ကွတ်ခ်က သူရဲ့ ရုပ်ရှင်ပညာ ကျွမ်းကျင်မှု အကြောင်း ပြောပြခဲ့ပါတယ်။

တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ကွတ်ခ်ကို အဲဒီ ရုပ်ရှင်ဒါရိုက်တာနဲ့ ချိတ်ပေးလိုက်ပါတယ်။ ဒါရိုက်တာက သူ့ရုပ်ရှင်ကုမ္ပဏီမှာ အလုပ်ပေးတော့ ကွတ်ခ်က ချက်ချင်းပဲ လက်ခံလိုက်ပါတယ်။

အဲဒီနောက် ရုပ်ရှင်ကားတွေ ဒရာမာဇာတ်လမ်းတွေ အတော်များများမှာ အကြံပေး၊ ဇာတ်ညွှန်းရေး အဖြစ် လုပ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ဦးက Crash Landing on You ဒရာမာဇာတ်လမ်းရဲ့ ဇာတ်ညွှန်းအဖွဲ့ ခေါင်းဆောင် ပါ့က် ဂျီအွန်းနဲ့ ကွတ်ခ် ကို မိတ်ဆက်ပေးခဲ့ပါတယ်။

ပါ့က် ဂျီအွန်းက မြောက်ကိုရီယား စစ်ဗိုလ်တစ်ဦးနဲ့ တောင်ကိုရီးယား သူဌေးသမီးတဦးရဲ့ အချစ်ဟာသ ဇာတ်လမ်း တစ်ခု ရိုက်ဖို့ စိတ်ကူးထားတာပါ။ ဒါပေမဲ့ သူ့မှာ မြောက်ကိုရီးယားတွေရဲ့ ဘဝအကြောင်း ထဲထဲဝင်ဝင် မသိထားလို့ အကြပ်ရိုက်နေတာပါ။

သူ့ရဲ့ ဇာတ်ညွှန်းအဖွဲ့ထဲ ကွတ်ခ် ဝင်လာပြီးတဲ့နောက်မှာတော့ Crash Landing on You ဇာတ်လမ်းကို စရိုက်ကြပါတော့တယ်။

ရုပ်ဖျက်ထားတဲ့ ထောက်လှမ်းရေးတွေ၊ အိမ်ခြေမဲ့ ကလေးငယ်တွေ

Crash Landing on You ဇာတ်လမ်းတွဲဟာ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင် သူဌေးသမီး ယွန်း ဆယ်ရီ နဲ့ မြောက်ကိုရီးယား စစ်ဗိုလ်ကြီး ရီ ဂျောင်ဟွတ်တို့ရဲ့ အချစ်ဇာတ်လမ်း အကြောင်း ရိုက်ကူးထားတာ ဖြစ်ပြီး ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲတွေထဲမှာ အအောင်မြင်ဆုံး တစ်ခု ဖြစ်လာခဲ့ပါတယ်။

တစ်နေ့မှာ လေထီးစီးနေရင်း မထင်မှတ်ဘဲ လေပြင်းတိုက်လိုက်တဲ့အတွက် နယ်စပ်ကို ကျော်ပြီး မြောက်ကိုရီးယား ပိုင်နက်ထဲ ဆယ်ရီ ကျသွားခဲ့ပါတယ်။ အဲဒီမှာ ရုပ်ရည် ခန့်ညားချောမောတဲ့ ဗိုလ်ကြီး ရီ ဂျောင်ဟွတ် က သူ့ကို ကယ်ခဲ့ပြီး အာဏာပိုင်တွေ လက်ထဲ လွှဲပေးရမယ့်အစား လုံခြုံတဲ့ နေရာတစ်ခုမှာ ဖွက်ထားပေးဖို့ သဘောတူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက် မေတ္တာ သက်ဝင်သွားခဲ့ကြပါတယ်။

မြောက်ကိုရီးယား စစ်အရာရှိတွေ ဘယ်လို လှုပ်ရှား ဆောင်ရွက်ကြသလဲ ဆိုတာကို အတွင်းကျကျ သိထားတဲ့ ကွတ်ခ်ရဲ့ အကြံပေးချက်တွေကြောင့် ဒီဇာတ်လမ်းကို အပြင်ကနဲ့တူအောင် ပုံစံချ ရိုက်ကူးနိုင်ခဲ့ကြပါတယ်။

ဥပမာ ဆယ်ရီ ပုန်းနေတဲ့ ရွာကို ထောက်လှမ်းရေး ရဲတွေ ရောက်လာတဲ့ ဇာတ်ကွက်ထဲမှာဆိုရင် ဆယ်ရီဟာ တပ်မ ၁၁ က ထောက်လှမ်းရေးမယ် တစ်ဦး ဖြစ်တယ်လို့ ရီဂျောင်ဟွတ် က ချက်ချင်း ပြောလိုက်တာမျိုးပါ။

အဲဒီအတွက် ဆယ်ရီရဲ့ စကားပြောသံက တောင်ပိုင်းသံ ထွက်နေတာ၊ သူ့မှာ မှတ်ပုံတင် အထောက်အထားမရှိတာ၊ သူ့ပုံစံက တခြားသူတွေနဲ့ ကွဲပြားနေတာ စတဲ့ မေးခွန်းထုတ်စရာတွေအားလုံး ပြေလည်သွားခဲ့ပါတယ်။ သူ့အကြောင်း လုံခြုံရေး နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ပြန်ဖြေဖို့ ငြင်းဆန်နိုင်ခဲ့သလို ရွာထဲမှာလည်း တခြားလူတွေနဲ့ လွတ်လွတ်လပ်လပ် ရောနှောနေနိုင်တဲ့ ဇာတ်ရုပ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် CJ ENM
Image caption မြောက်ကိုရီးယား ရွာခံ အမျိုးသမီးတွေနဲ့ ဆယ်ရီ ရောနှော နေနိုင်ခွင့်ရ

အတွင်းကျကျ သိထားတဲ့ ကွတ်ခ်ကြောင့် အဲဒီဇာတ်လမ်းတွဲ တလျှောက်လုံးမှာ မြောက်ကိုရီးယားတွေရဲ့ စရိုက်ကို ပုံဖော် ရိုက်ကူးပြနိုင်ခဲ့ပါတယ်။

မီးပျက်သွားတဲ့အတွက် ရထားတွေ ရုတ်တရက် ရပ်သွားတာမျိုး၊ လမ်းမတွေပေါ်မှာ အိမ်ခြေမဲ့ ကလေးတွေ ကျက်စားနေတာမျိုး၊ ရေခဲသေတ္တာတွေထဲမှာ အစားအသောက်အစား စာအုပ်တွေ၊ အဝတ်အစားတွေ ထည့်ထားတာမျိုးတွေကို တွေ့ရမှာပါ။

ဒါ့အပြင် မြောက်နဲ့တောင် က နောက်စုံတွဲ တစ်တွဲ ဖြစ်တဲ့ ဂူ ဆောင်ဂျွန်း နဲ့ ဆီယို တို့ ရဲ့ အချစ်ဇာတ်လမ်းကို ဖန်တီးရာမှာလည်း ကွတ်ခ်က ဇာတ်ညွှန်းကူရေးပေးခဲ့ပါတယ်။

ဆယ်ရီရဲ့ အစ်ကိုဆီက ငွေတွေအများကြီး အလွဲသုံးစား လုပ်ခဲ့တဲ့ ဆောင်ဂျွန်း ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး မြောက်ကိုရီးယားဘက်မှာ ခိုလှုံဖို့ ဆုံးဖြတ်ခဲ့တာပါ။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ရာဇဝတ်သမားတွေက ငွေတွေ ပုံပေးရင် မြောက်ကိုရီးယားက အကာအကွယ် ပေးတယ် ဆိုတာ ဟုတ်သလား လို့ မေးကြည့်တော့ ကွတ်ခ် က "ဒါက ယုံနိုင်လောက်စရာ ရှိပါတယ်။ ဒီလောက်ပဲ ပြောပါရစေ" လို့ ဆိုပါတယ်။

ဘက်ပြောင်း ခိုလှုံခဲ့သူတွေဆီက ချီးကျူးစကား

တချို့ကတော့ Crash Landing on You ဇာတ်လမ်းတွဲဟာ မြောက်ကိုရီးယားကို အမွှန်းတင်ပြီး ရိုက်ကူးထားတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဥပမာ ရွာသားတွေမှာ အစားအသောက်တွေ တပုံကြီး ရှိနေတာ တွေ့ရပေမဲ့ တကယ့် လက်တွေ့ဘဝမှာတော့ မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုဟာ အမြဲကြုံနေရတဲ့ ပြဿနာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို ကွဲပြားတဲ့ အသေးစိတ် ဇာတ်ကွက်တွေကို တောင်ကိုရီးယား လူမျိုးတွေ သိပ်မကြည့်ဖူးကြသလို ဒီဇာတ်လမ်းတွဲကြောင့် ဘက်ပြောင်းခိုလှုံသူတွေအတွက်ဆို ပိုတောင် စိတ်လှုပ်ရှားစရာတွေ ဖြစ်ခဲ့ကြပါတယ်။

အသက် ၁၉ နှစ်အရွယ်မှာ တောင်ကိုရီးယားနိုင်ငံကို ဘက်ပြောင်း ခိုလှုံလာခဲ့သူ ချွန် ဟိုဂျင်း က ဒီဇာတ်လမ်းတွဲဟာ သိပ်လက်တွေ့ မဆန်လှပေမဲ့ သူ့စိတ်ဝင်စားမှုကို လျော့မသွားစေဘူးလို့ ပြောပါတယ်။

အခု သူ့မိသားစု အားလုံးနီးပါး တောင်ကိုရီးယားဘက်ရောက်နေပြီဆိုတော့ ဒီဇာတ်လမ်းက သူ့တို့အကြားမှာ အပတ်တိုင်း ပြောစရာ ဖြစ်လာပါတယ်။

ဓာတ်ပုံ မူပိုင် CJ ENM
Image caption ဇာတ်လမ်းတွဲထဲမှာ ပါတဲ့ အဓိက သရုပ်ဆောင် နှစ်ဦးဟာ တောင်ကိုရီးယားမှာ ကျော်ကြားတဲ့ အနုပညာရှင်တွေပါ။

"ဇာတ်လမ်းလာတိုင်း ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် ဖုန်းခေါ်ကြပြီး ဇာတ်လမ်းအကြောင်း ပြောဖြစ်ကြတယ်"လို့ သူက ပြောပါတယ်။

"အဲဒီကားကြောင့် မြောက်ကိုရီးယားအကြောင်း လူတွေ စိတ်ဝင်စားလာခဲ့တယ်။ သူငယ်ချင်းတွေက မြောက်ကိုရီးယားအကြောင်း ဝိုင်းမေးလာကြတော့ အရမ်း ပျော်တာပေါ့"

ဒါ့အပြင် မြောက်ကိုရီးယားကနေ ဘက်ပြောင်းလာတဲ့ လူတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတ အဖွဲ့တစ်ဖွဲ့က ဆိုကီးလ် ပါ့ခ် တို့လို လူတွေဆီကလည်း ချီးကျူးသံတွေ ထွက်ပေါ်ခဲ့ပါတယ်။

"ဒီဇာတ်လမ်းဟာ မြောက်ကိုရီးယား အသိုင်းအဝိုင်းအကြောင်း ရှုထောင့်မျိုးစုံကနေ အသေအချာ လေ့လာ ဆန်းစစ်ပြီး ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ခုချိန်ထိ ထွက်ဖူးခဲ့သမျှ မြောက်ကိုရီးယား အသိုင်းအဝိုင်းအကြောင်း ရုပ်ရှင်ကား ဒါမှမဟုတ် ဇာတ်လမ်းတွဲတွေထဲမှာ ဒါဟာ အပေါ်လွင်ဆုံး ရိုက်ကူးနိုင်တဲ့ ကားဖြစ်ပါတယ်" လို့ သူက ဘီဘီစီကို ပြောပါတယ်။

"ဒီဇာတ်လမ်းတွဲထဲမှာ မလိုအပ်ဘဲ ဝေဖန်တာမျိုးတွေ မလုပ်ဘဲ မြောက်ကိုရီးယား အသိုင်းအဝိုင်းအကြောင်း ရှုထောင့် မျိုးစုံကနေ ပေါ်လွင်အောင် ရိုက်ပြထားနိုင်တာက အမြင်ဆန်းနေပါတယ်။ မြောက်ကိုရီးယား လူမျိုးတွေဟာ နားလည်ရခက်တဲ့ သူတွေ ဖြစ်ပေမဲ့ ယဉ်ကျေးမှုချင်း မတူတဲ့ သူတွေနဲ့တောင် ဆက်နွှယ် ပတ်သက်နိုင်တယ်၊ ချစ်လာနိုင်တယ် ဆိုတာကို ဒီဇာတ်လမ်းတွဲက ပြနေပါတယ်" လို့ သူက ပြောပါတယ်။

မြောက်ကိုရီးယား လူမျိုးတွေ အထူးသဖြင့် လူငယ်တွေဟာ တောင်ကိုရီးယား ဒရာမာဇာတ်လမ်း ဝါသနာအိုးတွေ ဖြစ်ပြီး Crash Landing on You ဇာတ်လမ်းတွဲထဲမှာ ပါသလို တောင်ကိုရီးယား ရုပ်ရှင်ကားတွေ ဒရာမာဇာတ်လမ်းတွဲတွေ အများကြီး မြောက်ကိုရီးယားနိုင်ငံထဲ ခိုးသွင်းလေ့ ရှိပါတယ်။

ဒီဇာတ်လမ်းတွဲကို မြောက်ကိုရီးယားဘက်က လူတွေ ကြည့်တယ်လို့ မကြားဖူးသေးဘူးလို့ ကွတ်ခ်က ပြောပါတယ်။

"ကြည့်ပြီးရင် သူတို့ ကြိုက်မှာ သေချာတယ်။ အဲဒါ သူတို့ ဇာတ်လမ်း၊ သူတို့ အကြောင်းပဲလေ"

ပြီးတော့ "ဟွန်ဘင်းလို ခပ်ချောချော လူတစ်ယောက်က မြောက်ကိုရီးယားက လူတစ်ယောက်လို သရုပ်ဆောင်တော့ အထူးသဖြင့် မြောက်ဘက်က ယောက်ျားလေးတွေ သဘောကျကြမယ် ထင်တယ်"လို့ သူက ပြုံးပြုံးကြီးနဲ့ ပြောပါတယ်။