မဟာသီယာ မိုဟာမက် ရာထူးကနေ ရုတ်တရက် နုတ်ထွက်သွား

မလေးရှား၊ ဝန်ကြီးချုပ်၊ မဟာသီယာ ဓာတ်ပုံ မူပိုင် Getty Images
Image caption မစ္စတာ မဟာသီယာ ဟာ ၂၀၁၈ ခုနှစ်မှာ ဝန်ကြီးချုပ် ရာထူးကို ပြန်ယူခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ရာထူးကနေ ရုတ်တရက် နုတ်ထွက်သွားပါတယ်။

သူ့ရဲ့ ဝန်ကြီးချုပ်ရာထူးကို ဆက်ခံဖို့ လျာထားတဲ့ အန်နဝါ အီဘရာဟင် မပါဘဲ ညွန့်ပေါင်း အစိုးရသစ် တစ်ခု ဖွဲ့မယ့်ပုံ ရှိတယ် ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်ပေါ်နေချိန်မှာပဲ ဝန်ကြီးချုပ် မဟာသီယာ အခုလို ရာထူးကနေ နုတ်ထွက်လိုက်တာပါ။

ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး ရွေးကောက်ခံ ဝန်ကြီးချုပ် ဖြစ်တဲ့ အသက် ၉၄ နှစ်အရွယ် မစ္စတာ မဟာသီယာ ဟာ ၂၀၁၈ ခုနှစ်မှာ နိုင်ငံရေးလောကထဲ ပြန်ဝင်လာခဲ့တာပါ။

အစိုးရငွေ ဒေါ်လာ သန်းပေါင်းများစွာ အလွဲသုံးစားခဲ့မှုနဲ့ တရားရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ် နာဂျစ် ရာဇက် ကို အဲဒီ ရွေးကောက်ပွဲမှာ မစ္စတာ မဟာသီယာ အနိုင်ရသွားခဲ့တာပါ။

ဝန်ကြီးချုပ် မဟာသီယာရဲ့ နုတ်ထွက်စာကို ဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲ ၁ နာရီမှာ မလေးရှား ဘုရင်ထံ တင်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ပြီး အတည်ပြုခဲ့ပါတယ်။ အသေးစိတ်ကို မဖော်ပြခဲ့ပါဘူး။

နောက်တက်မယ့် ဝန်ကြီးချုပ်သစ် ဘယ်သူ ဖြစ်လာမလဲဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

လောလောဆယ် အစိုးရသစ် ဖွဲ့ဖို့ ဘယ်ပါတီမှာမှ အမတ်အရေအတွက် အလုံအလောက် မရှိဘဲ ဖြစ်နေတာကြောင့် မလေးရှား ဘုရင်မင်းမြတ်အနေနဲ့ အစိုးရသစ်တစ်ခု ဖွဲ့ဖို့ နိုင်ငံရေး ခေါင်းဆောင် တစ်ဦးကို ဖိတ်ခေါ်ရင်ခေါ် မဟုတ်ရင် ရွေးကောက်ပွဲသစ် တစ်ခု ခေါ်ယူရမှာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မစ္စတာ မဟာသီယာနဲ့ မစ္စတာ အန်ဝါ (ဝဲ ) တို့နှစ်ဦးရဲ့ နိုင်ငံရေး ဆက်ဆံရေးက နက်နဲရှုပ်ထွေး

မစ္စတာ မဟာသီယာဟာ သူဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဘာဆာတူ ပါတီကနေလည်း နုတ်ထွက်လိုက်ပါတယ်။ ဘာဆာတူ ပါတီဟာ ပါကတန် ဟာရာပန် ညွန့်ပေါင်းအစိုးရ ပါတီထဲက ဖြစ်ပါတယ်။ မလေးရှားနိုင်ငံကို နှစ်ပေါင်း ၆၀ ကျော် အုပ်စိုးလာခဲ့တဲ့ BN ဘရီဆန် နက်ရှင်နယ်လ် ညွန့်ပေါင်း အစိုးရ အဆုံးသတ်သွားစေခဲ့တဲ့ ၂၀၁၈ ရွေးကောက်ပွဲအပြီးမှာ ညွန့်ပေါင်းပါတီထဲကို မစ္စတာ အန်ဝါနဲ့ အတူ မစ္စတာ မဟာသီယာ ပူးပေါင်း ပါဝင်ခဲ့တာပါ။

တနင်္ဂနွေနေ့တုန်းက မစ္စတာ အန်ဝါက မစ္စတာ မဟာသီယာနဲ့ သူ့ပါတီဟာ သစ္စာဖောက်တွေ ဖြစ်တယ်။ သူမပါဘဲ အစိုးရသစ် ဖွဲ့ဖို့ စီစဉ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

နိုင်ငံရေးကစားကွက် ကျွမ်းကျင်သူ မဟာသီယာ

ဂျိုနသန် ဟက်ဒ်၊ ဘီဘီစီ သတင်း

မဟာသီယာ မိုဟာမက် ဟာ အေးအေးဆေးဆေး အငြိမ်းစားယူခဲ့ပြီးမှ တိုင်းပြည်ရဲ့ လိုအပ်ချက်ကြောင့် နိုင်ငံရေးလောကထဲကို မလာချင်ဘဲ ပြန်လာခဲ့ရတယ် ဆိုတဲ့ ပုံမျိုး ဖမ်းခဲ့ပါတယ်။ ဒါပေမဲ့ လူတွေကတော့ အဲဒီလို မမြင်ကြပါဘူး။

အသက် ၉၄ နှစ် အရွယ် မဟာသီယာ မိုဟာမက် ဟာ အခုအချိန်ထိ မလေးရှားနိုင်ငံရေး လောကထဲ လှည့်ကွက်မျိုးစုံနဲ့ အသုံးချနေဆဲ ဖြစ်ပါတယ်။ ဒီတော့ နှစ်နှစ်ကြာရင် အာဏာ လွှဲပေးမယ်လို့ ကတိပြုထားတဲ့ အတိုင်း အခုလို ရာထူးကနေ နုတ်ထွက်ပေးလိုက်တာဟာ တကယ့်စိတ်ရင်းအမှန်ကြောင့်လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

တချိန်တုန်းက အရေးပါသူ တဦး ဖြစ်ခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်နိုင်အားတွေနဲ့ ပါတီကွဲပေါင်းစုံ ပါဝင်နေတဲ့ ညွန့်ပေါင်း အစိုးရအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်နိုင်ပါ့မလားဆိုတာ သူ့ကိုယ် သူ သံသယ ဖြစ်နေသလို အများကလည်း အဲဒီလိုပဲ ရှုမြင်နေကြပါတယ်။

၂၀၁၈ ခုနှစ်တုန်းက မစ္စတာ မဟာသီယာ သမိုင်းဝင် အနိုင်ရခဲ့ရာမှာ ထောက်ခံအားပေးခဲ့ကြတဲ့ မလေးလူမျိုး မဲဆန္ဒရှင်တွေဟာ အရင် အစိုးရညွန့်ပေါင်းပါတီထဲက အားအကြီးဆုံးဖြစ်တဲ့ UMNO ပါတီထဲ တဖြည်းဖြည်း ပါကုန်ကြပါပြီ။

ညွန့်ပေါင်း အစိုးရအဖွဲ့သစ်တစ်ခု ဖွဲ့ရေးနဲ့ UMNO ပါတီကို အစိုးရအဖွဲ့သစ်ထဲမှာ ပြန်ထည့်ရေး ဆိုတဲ့ စိတ်ကူးက အရှိန်အဟုန် မြင့်လာနေတာပါ။ ဒါကို မစ္စတာ မဟာသီယာ က နောက်ကွယ်ကနေ ကြိုးကိုင်စီစဉ်နေသလား ဆိုတာကတော့ အသေအချာ မသိရပါဘူး။ တကယ်လို့ သူကသာ ကြိုးကိုင်နေတယ် ဆိုရင်တော့ မလေးရှားနိုင်ငံရဲ့ ဆိုးဝါးလှတဲ့ အဂတိလိုက်စားမှုတွေ၊ အထောက်အပံ့တွေနဲ့ တွန်းအားပေးနေတဲ့ နိုင်ငံရေးစနစ်ကို ပြင်ဆင် တည်ဆောက်ဖို့ ဆိုတဲ့ ပြုပြင်ပြောင်းလဲရေး သမားတွေရဲ့ မျှော်လင့်ချက်တွေ ပြိုကွဲတော့မှာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် ဂျိုနသန် ဟက်ဒ်က သုံးသပ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကိုယ့်ကို ထောင်ချခဲ့သူနဲ့ ဘာ့ကြောင့် လက်တွဲနိုင်ခဲ့လဲ

မစ္စတာ အန်ဝါနဲ့ မစ္စတာ မဟာသီယာ တို့အကြား ရန်ဖြစ်လိုက် ပြန်ပေါင်းထုပ်လိုက် ဇာတ်လမ်းဟာ မလေးရှားနိုင်ငံရေး လောကကို ကြီးစိုးထားတာ ဆယ်စုနှစ်ပေါင်း ကြာခဲ့ပြီ ဖြစ်ပါတယ်။

မစ္စတာ မဟာသီယာ ဟာ ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး နိုင်ငံကို ကာလတာရှည် အုပ်ချုပ်ခဲ့တဲ့ ဘာရီဆန် နက်ရှင်နယ်လ် ပါတီဝင် ဖြစ်ပါတယ်။

မစ္စတာ အန်ဝါကတော့ သူ့ရဲ့ လက်ထောက်ဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ ခေါင်းဆောင်ပိုင်း အငြင်းပွားမှု တစ်ခု ဖြစ်ခဲ့အပြီး မစ္စတာ အန်ဝါ ရာထူးကနေ အထုတ်ခံခဲ့ရပါတယ်။ အဲဒီနောက် သူ့ကို အဂတိလိုက်စားမှု၊ လိင်တူချင်း ဆက်ဆံမှု စွဲချက်တွေနဲ့ အကျဉ်းချခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေတယ်လို့ အများက ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၀၁၈ ခုနှစ်မှာ မစ္စတာ မဟာသီယာ က မစ္စတာ အန်ဝါနဲ့ ပူးပေါင်းမယ်၊ ပါကတန် ဟာရာပန် ပါတီထဲ ဝင်မယ်လို့ ရုတ်တရက် ကြေညာလိုက်တဲ့အတွက် တနိုင်ငံလုံး အံ့သြသွားခဲ့ကြပါတယ်။

1MDB နိုင်ငံတော်ပိုင် ရန်ပုံငွေတွေကို အလွဲသုံးစားမှု အရှုပ်တော်ပုံထဲမှာ ပါဝင်ပတ်သက်နေတဲ့ ဝန်ကြီးချုပ် နာဂျစ် အစိုးရကို ဖြုတ်ချချင်လို့ အခုလို လုပ်တာလို့ မစ္စတာ မဟာသီယာက ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ မစ္စတာ မဟာသီယာနဲ့ မစ္စတာ အန်ဝါတို့ရဲ့ ညွန့်ပေါင်းပါတီ အနိုင်ရခဲ့ပြီး နောက်ပိုင်းကျရင် မစ္စတာ အန်ဝါကို အာဏာ လွှဲပေးမယ်လို့ မစ္စတာ မဟာသီယာက ကတိပြုခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်တော့ အာဏာလွှဲပေးမလဲ ဆိုတာကို ပြောဖို့ မစ္စတာ မဟာသီယာက အကြိမ်ကြိမ် ငြင်းဆိုခဲ့တဲ့အတွက် အတိုက်အခံ ညွန့်ပေါင်းပါတီအတွင်း တင်းမာမှုတွေ ဖြစ်နေခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ