ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်းသေဆုံးသူ ၃၀ဝ၀ ကျော်ပြီ

coronavirus

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ကိုရိုနာဗိုင်းရပ်စ် လက်ရှိ တရုတ်ပြည်တွင်း ပြန့်ပွားနှုန်းထက် တခြားနိုင်ငံတွေမှာ ပြန့်ပွားနှုန်းက ပိုများလာ

မတ်လ ၂ ရက်နေ့ တရုတ်အစိုးရထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ နောက်ထပ် ၄၂ ဦး ရှိလာတဲ့အတွက် ဒီဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်းသေဆုံးသူ ၃၀ဝ၀ ကျော်သွားပြီ ဖြစ်ပါတယ်။

အဲဒီ သေဆုံးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ဒီဗိုင်းရပ်စ် စတင် တွေ့ရှိခဲ့တဲ့ နေရာဖြစ်တဲ့ တရုတ်နိုင်ငံ ဟူဘေပြည်နယ်က ဖြစ်ပါတယ်။

နောက်ထပ် ၁၀ရာခိုင်နှုန်းနီးပါးကတော့ တခြား ၁၀ နိုင်ငံလောက်ကဖြစ်ပြီး အာရှဘက်က အီရန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့အပြင် ဥရောပဘက်မှာလည်း အီတလီနဲ့ ပြင်သစ်မှာ သေဆုံးသူတွေ ရှိလာပြီး အမေရိကန်မှာလည်း သေဆုံးသူတွေ ရှိနေပါတယ်။

ဒီဗိုင်းရပ်စ်ကူးစက်ကြောင်း တွေ့ရှိမှုကတော့ ကမ္ဘာတဝန်း ၉၀ဝ၀ဝ နီးပါးရှိပြီး လက်ရှိ တရုတ်ပြည်တွင်း ပြန့်ပွားနှုန်းထက် တခြားနိုင်ငံတွေမှာ ပြန့်ပွားနှုန်းကလည်း ပိုများလာတာကို တွေ့ရပါတယ်။

ဗီဒီယို ပုံစာ,

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတဝန်းကို ကူးစက်လာမှာ စိုးရိမ်နေကြ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လတ်တလော သတင်းထုတ်ပြန်မှု

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အများစုဟာ သိပ်မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေသာ ခံစားရပြီး ပိုးရှိသူတွေအားလုံးထဲက ၂% ကနေ ၅%သာ သေဆုံးမှု ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မတ်လ ၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

WHOရဲ့ ထုတ်ပြန်ချက်အရ အဓိကအားဖြင့် အသက် ၆၀ ကျော်သူ ဒါမှမဟုတ် တခြား ရောဂါအခံရှိသူတွေကို ကိုရိုနာဗိုင်းရပ်စ်က ကျန်းမာရေးအခြေအနေ ဆိုးဝါးစေပြီး ရောဂါပြင်းထန်သူတွေကို အောက်စီဂျင်ပေးပြီး ကုသတဲ့နည်းက အဓိကနည်းလမ်းဖြစ်တဲ့အတွက် အဲဒီ အောက်စီဂျင်ပေးတဲ့ အသက်ရှူစက်တွေကို နိုင်ငံအသီးသီးက စုဆောင်းထားကြဖို့ တိုက်တွန်းထားပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၄၄၀ဝ၀ ကျော်ကို လေ့လာချက်အရ သက်ကြီးရွယ်အို သေဆုံးနှုန်းက သက်လတ်ပိုင်း သေဆုံးနှုန်းထက် ၁၀ ဆ များနေတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ရှင်ချွန်ဂျီအဖွဲ့ခေါင်းဆောင် အသက် ၈၈ နှစ် အရွယ် လီမန်ဟီးက အစိုးရနဲ့ ပြည်သူကို သတင်းစာရှင်လင်းပွဲတခုမှာ ဒူးထောက် တောင်းပန်

တရုတ်ပြည်ပြင်ပ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေ

တောင်ကိုရီးယား

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

တရုတ်ပြည်ပြင်ပ ကူးစက်မှုတွေထဲမှာ တောင်ကိုရီးယားနိုင်ငံက အများဆုံးဖြစ်ပြီး မတ်လ ၂ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၄၇၆ ယောက် ထပ်တွေ့တဲ့အတွက် တောင်ကိုရီးယားမှာ စုစုပေါင်း ဒီပိုးကူးနေကြောင်း တွေ့ရှိရသူ ၄၂၁၂ ယောက်နဲ့ သေဆုံးသူ ၂၆ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

အဲဒီ တောင်ကိုရီးယားမှာ တွေ့ရှိမှုတွေထဲက ၃၀၈၁ ဦးဟာ ဒေဂူးမြို့ကဖြစ်ပြီး ၇၃%က ရှင်ချွန်ဂျီ ခရစ်ယာန်အုပ်စုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီ ခရစ်ယာန်အုပ်စုရဲ့ အဖွဲ့ဝင်တချို့ဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားတဲ့ တရုတ်နိုင်ငံ ဟူဘေပြည်နယ် ဝူဟန်မြို့ကို သွားရောက်ခဲ့ပြီး အဲဒီကတဆင့် နောက်ပိုင်းမှာ တောင်ကိုရီးယားနိုင်ငံတဝန်း ဒီပိုးကူးစက်မှုတွေ ပျံ့နှံ့သွားပုံရတယ်လို့ သုံးသပ်ထားတာ ဖြစ်ပါတယ်။

အဲဒီ ရှင်ချွန်ဂျီအဖွဲ့ဟာ အဖွဲ့ဝင် လူစာရင်းကို လျှို့ဝှက်ထားတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် ပြန်နှံ့မှုကို လမ်းစရှာဖို့ ခက်ခဲစေခဲ့တယ် ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။

ဒါပေမယ့် အဲဒီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကင်ရှင်ချန်ကတော့ အဖွဲ့ဝင်စာရင်းသာမက ကျောင်းသားတွေနဲ့ အဆောက်အအုံ စာရင်းကိုပါ အာဏာပိုင်တွေကို ပေးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

သူတို့ အဖွဲ့ဝင်တွေ ခွဲခြားဆက်ဆံခံရတာ ရှိတဲ့အတွက် သူတို့လုံခြုံရေးကြောင့် လူစာရင်းထုတ်ပေးရမှာ စိုးရိမ်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

မတ်လ ၂ ရက်နေ့မှာတော့ အဲဒီ ရှင်ချွန်ဂျီအဖွဲ့ခေါင်းဆောင် အသက် ၈၈ နှစ် အရွယ် လီမန်ဟီးက အစိုးရနဲ့ ပြည်သူကို သတင်းစာရှင်လင်းပွဲတခုမှာ ဒူးထောက် တောင်းပန်ခဲ့ပြီး တမင်လုပ်တာ မဟုတ်ရကြောင်း ပြောဆိုခဲ့ပါတယ်။

လောလောဆယ်မှာ တောင်ကိုရီးယားမြို့တော် ဆိုးလ်မှာ နေထိုင်သူ ၁၀သန်း အနေနဲ့ အိမ်ကနေပဲ အလုပ်လုပ်ကြပြီး လူထူထပ်တဲ့ နေရာတွေကို ရှောင်ကြဖို့ မြို့တော်ဝန်က တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

တောင်ကိုရီးယားပြီးရင် အီတလီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိမှု အများဆုံး ဖြစ်လာ

အီတလီ

တောင်ကိုရီးယားပြီးရင် အီတလီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိမှု အများဆုံး ဖြစ်လာပြီး ၄၈ နာရီအတွင်းမှာ ကူးစက်ကြောင်း တွေ့ရှိရမှု ၂ ဆ တိုးလာခဲ့တယ်လို့ မတ်လ ၁ ရက်နေ့မှာ အီတလီအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ ၁ ရက်နေ့ စာရင်းဇယားအရ အီတလီမှာ ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူ ၁၆၉၄ ယောက်ရှိပြီး သေဆုံးသူ ၃၄ ယောက် ရှိတယ်လို့ ဆိုပါတယ်။

အီတလီနိုင်ငံက အမေဇွန်ကုမ္ပဏီ အလုပ်သမား ၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိရတဲ့အတွက် သီးခြားခွဲထား ကုသနေတယ်လို့လည်း အမေဇွန်ကုမ္ပဏီက ပြောပါတယ်။

အခြားနိုင်ငံတွေမှာ လတ်တလော ကိုရိုနာဗိုင်းရပ်စ်ကူးသူ တွေ့ရှိမှု

အီရန်နိုင်ငံကလည်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိမှု တရုတ်ပြည်ပြင်ပမှာ စတုတ္ထအများဆုံး ဖြစ်လာပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ အစိုးရထုတ်ပြန်ချက်အရ ဒီပိုးကူးစက်သူ ၉၇၈ ယောက်နဲ့ သေဆုံးသူ ၅၄ ယောက်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ မတ်လ ၁ ရက်နေ့မှာပဲ ကာတာ၊ အက်ကွေဒေါ၊ လတ်ဇင်ဘတ်ဂ်နဲ့ အိုင်ယာလန်နိုင်ငံတို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ ပထမဆုံး တွေ့ရှိခဲ့ရပြီး မတ်လ ၂ ရက်နေ့မှာတော့ အင်ဒိုနီးရှား၊ အိုက်စလန်နဲ့ အင်ဒိုရာနိုင်ငံတွေမှာ ပထမဆုံး စတင်တွေ့ရှိခဲ့ပါတယ်။

အမေရိကန်ပြည်တွင်းမှာတော့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးသူ ရှိလာပြီး ဝါရှင်တန်က တခြားရောဂါတွေ အခံရှိတဲ့ အသက် ၅၀ ပတ်ဝန်းကျင် အမျိုးသားတဦးဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ၁ ရက်နေ့မှာတော့ နယူယောက်မှာ အီရန်က လတ်တလော ပြန်လာသူ အသက် ၃၀ ပတ်ဝန်းကျင် အမေရိကန် အမျိုးသမီးတဦး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း တွေ့ရှိခဲ့ပါတယ်။

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ကတော့ ၂ ဦး ဖြစ်ပါတယ်။

ယူကေနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူ အရေအတွက် ၃၆ ဦးရှိထားပြီး ဒီရောဂါတိုက်ဖျက်ရေးအတွက် ယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က မတ်လ ၂ ရက်နေ့မှာ ကော်ဘရာလို့ခေါ်တဲ့ အရေးပေါ် အစိုးရအဖွဲ့အစည်းအဝေး လုပ်မယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

မတ်လ ၂ ရက်နေ့မှာ တရုတ်ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၂ ဦး ထပ်တွေ့ခဲ့ပြီး ၆ ဦးကသာ စတင်ပြန့်ပွားတဲ့ ဟူဘေပြည်နယ် အပြင်ဘက်ကဖြစ်

တရုတ်ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေ

မတ်လ ၂ ရက်နေ့မှာ တရုတ်ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၂၀၂ ဦး တွေ့ခဲ့ပြီး ၆ ဦးကသာ ဒီဗိုင်းရပ်စ် စတင်ပြန့်ပွားတဲ့ ဟူဘေပြည်နယ် အပြင်ဘက်က ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် စုစုပေါင်း သေဆုံးသူ ၂၉၁၂ ယောက်ရှိပြီး ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူ ၈၀ဝ၀ဝ ကျော် ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး နောက်တဆင့်ကတော့ လူတွေ အလုပ်ပြန်လာလုပ်တဲ့အချိန်မှာ နောက်ထပ်ကူးစက်ခံရသူတွေ ပေါ်လာနိုင်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ဖြစ်တယ်လို့ တရုတ်နိုင်ငံတော် ကျန်းမာရေးကော်မရှင် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုထားပါတယ်။

ဗီဒီယို ပုံစာ,

china economy

တရုတ်ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေထဲမှာ အသက် ၈၀ ကျော်သူ အရေအတွက်က အများဆုံးဖြစ်ပြီး အသက် ၅၀ မပြည့်ခင် ကူးစက်ခံရသူတွေရဲ့ သေဆုံးမှုနှုန်းကတော့ အနည်းဆုံးဖြစ်တာကို တရုတ်ကူးစက်ရောဂါ တိုက်ဖျက်ထိန်းချုပ်ရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို သေဆုံးသူတွေထဲမှာ ရောဂါအခံမရှိပဲ သေဆုံးသူအရေအတွက်နဲ့ နှိုင်းယှဉ်ရင် နှလုံးနဲ့ ဆက်စပ်ရောဂါ အခံရှိလို့ သေဆုံးသူ အရေအတွက်က အများဆုံးဖြစ်နေပြီး ဆီးချို၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ သွေတိုးရောဂါ အခံရှိသူတွေလည်း သေဆုံးမှုများတာကို တွေ့ရပါတယ်။