ဒီမိုကရက်တစ်ပါတီရဲ့ အမေရိကန် သမ္မတလောင်းအဖြစ် အမည်တင်သွင်းထားသူ နောက်တစ်ဦး နုတ်ထွက်

အမေရိကန် ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

မင်နီဆိုတာ ဆီးနိတ်အမတ် အေမီ ကလိုဘူချာ

၂၀၂၀ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း အဖြစ် မင်နီဆိုတာ ဆီးနိတ်လွှတ်တော်အမတ် အေမီ ကလိုဘူချာ ဝင်အရွေးခံတော့မှာ မဟုတ်ပါဘူး။

စနေနေ့က တောင်ကယ်ရိုလိုင်းနားပြည်နယ် ဒီမိုကရက် ပါတီရဲ့ သမ္မတလောင်း စာရင်းမှာ အေမီ ကလိုဘူချာ အဆင့် ၆ နေရာမှာပဲ ရခဲ့တာပါ။

အသက် ၅၉ နှစ်အရွယ် မစ်စ် ကလိုဘူချာ ဟာ တက္ကဆက်စ်ပြည်နယ် ဒါးလက်စ်မြို့မှာ မတ်လ ၂ ရက်နေ့ည ကျင်းပမယ့် ဒုတိယ သမ္မတဟောင်း ဂျိုးဘိုင်ဒန်ရဲ့ မဲဆွယ်စည်းရုံးပွဲမှာ ဂျိုးဘိုင်ဒန် ဘက်ကနေ ပူးပေါင်း မဲဆွယ် စည်းရုံးမယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် အမည်စာရင်း အဆိုတင်သွင်းခဲ့သူ ပီးတ် ဘူတက်ဂျေ့ဂျ် တနင်္ဂနွေနေ့က နုတ်ထွက်ခဲ့အပြီး ဒီသတင်း ထွက်ပေါ်လာတာပါ။

အလယ်အလတ်ဝါဒီ မင်နီဆိုတာ ဆီးနိတ်အမတ် မစ်စ် ကလိုဘူချာ ဟာ အချေအတင် ဆွေးနွေးပွဲတချို့မှာ အခိုင်အမာ ပြောဆို ဆွေးနွေးသွားနိုင်ခဲ့ပြီး နယူး ဟမ့်ရှိုင်းယားပြည်နယ် သမ္မတလောင်း အမည်စာရင်းတင်သွင်းမှုမှာ ထောက်ခံမဲတွေ ရုတ်တရက် အများကြီး ရခဲ့ပေမယ့် တခြားပြည်နယ်တွေနဲ့ပါ ပေါင်းလိုက်တဲ့အခါ ထောက်ခံမဲ အလုံအလောက် မရခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

နယူးဟမ့်ရှိုင်းယား ပြည်နယ်မှာ မစ်စ် ကလိုဘူချာ ထောက်ခံအားပေးသူ များခဲ့

ရီပတ်ဘလီကန်ပါတီနဲ့ ဒီမိုကရက်ပါတီအကြား ထောက်ခံမဲ ညီတူ ဖြစ်နေတဲ့ ပြည်နယ်တွေကို ဒီမိုကရက်ပါတီဘက် ပြန်ရအောင် လုပ်ပေးနိုင်မယ့် သမ္မတလောင်းအဖြစ် မစ်စ် ကလိုဘူချာ က သူ့ကိုသူ မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအမြင်မျှတဲ့ သူ့ရဲ့ ပြိုင်ဘက် အသက် ၇၇ နှစ်အရွယ် မစ္စတာ ဘိုင်ဒန်နဲ့ အသက် ၃၈ နှစ်အရွယ် မစ္စတာ ဘူတက်ဂျေ့ဂျ် တို့နဲ့ ယှဉ်လိုက်တဲ့အခါမှာတော့ အခွင့်မသာ ဖြစ်ခဲ့ရပါတယ်။

အင်္ဂါနေ့မှာ ကျင်းပမယ့် အရေးပါတဲ့ သမ္မတလောင်း ယှဉ်ပြိုင်ပွဲတွေ မတိုင်ခင် တရက်အလိုမှာပဲ မစ်စ် ကလိုဘူချာ ပြိုင်ပွဲကနေ အခုလို နုတ်ထွက်သွားတာပါ။ အင်္ဂါနေ့မှာ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းကို အမေရိကန်နိုင်ငံ ပြည်နယ်ပေါင်း ၁၄ ပြည်နယ်မှာ မဲပေးရွေးချယ် ကြမှာ ဖြစ်ပါတယ်။

အခု မစ်စ် ကလိုဘူချာ နုတ်ထွက်သွားတဲ့အတွက် ရီပတ်ဘလီကန် ပါတီ သမ္မတ ဒေါ်နယ်လ် ထရမ့်နဲ့ ပြိုင် အရွေးခံဖို့ အမည်စာရင်း တင်သွင်းထားတဲ့ ဒီမိုကရက် သမ္မတလောင်း ၅ ဦးသာ ကျန်ပါတော့တယ်။ မစ္စတာ ဘိုင်ဒန်၊ ဘာနီ ဆန်ဒါစ်၊ အယ်လစ်ဇဘက် ဝါရန်၊ မိုက်ကယ်လ် ဘလူးမ်ဘာ့ဂ် နဲ့ တူလ်ဆီ ဂက်ဘာ့ဒ် တို့ ဖြစ်ပါတယ်။ ဟာဝိုင်အီ လွှတ်တော် အမတ် မစ်စ် ဂက်ဘာ့ဒ် က လွဲလို့ ကျန်တဲ့သူတွေအားလုံးဟာ အသက် ၇၀ နဲ့ ၇၉ နှစ်ကြား အရွယ်တွေ ဖြစ်ကြပါတယ်။