ကိုရိုနာဗိုင်းရပ်စ် - ကိုယ့်မျက်နှာကိုယ် မပွတ်မိအောင် မနေနိုင်တာ ဘာ့ကြောင့်လဲ

  • ဖာနန်ဒို ဒွာတေး
  • ဘီဘီစီကမ္ဘာတလွှားအစီအစဉ်
ကိုရိုနာဗိုင်းရပ်စ်၊ မျက်နှာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

မျက်စိ၊ ပါး၊ မေးစေ့နဲ့ ပါးစပ်တို့ကို နေ့တိုင်း ခဏခဏ ကိုင်မိလေ့ ရှိကြ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေချိန်မှာ တိရစ္ဆာန်တွေ ပြုမူတတ်တာနဲ့ မတူကွဲပြားတဲ့ လူတွေရဲ့ အမူအကျင့်တွေထဲက တစ်ခုကြောင့် အတော်လေး စိတ်ပူစရာပါ။

လူတွေဟာ ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘဲ မျက်နှာကို ပွတ်လေ့ ကိုင်လေ့ ရှိတဲ့ တစ်ခုတည်းသော မျိုးနွယ် ဖြစ်ပါတယ်။

အဲဒီအမူအကျင့်ကြောင့် ကိုဗစ် - ၁၉ လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်လို ရောဂါမျိုး ကူးစက်ဖို့ မြန်ဆန် လွယ်ကူသွားစေနိုင်ပါတယ်

ဘာ့ကြောင့် ဒီလို လုပ်မိတာလဲ။ ဒီလို မျက်နှာကို ခဏခဏ မကိုင်မိအောင် ဘယ်လို တားဆီးနိုင်မလဲ။

အထိအတွေ့များမှု

လူတွေဟာ မယုံနိုင်လောက်အောင် ကိုယ့်မျက်နှာကိုယ် အကြိမ်ပေါင်းများစွာ ထိတွေ့ ကိုင်တွယ်လေ့ ရှိကြပါတယ်။

၂၀၁၅ ခုနှစ်က သြစတြေးလျနိုင်ငံက ဆေးကျောင်းသူကျောင်းသားတွေကို စမ်းသပ်သုတေသန လုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ အဲဒီဆေးကျောင်းသားတွေဟာ သူတို့မျက်နှာကို သူတို့ မထိဘဲ မနေနိုင်ကြတာ တွေ့ခဲ့ရပါတယ်။

ဆေးကျောင်းသားတွေ ဖြစ်တဲ့အတွက် တခြားသူတွေထက် ပိုသတိထားဖို့ လိုတာ မှန်ပေမဲ့ သူတို့ဟာ တစ်နာရီကို ၂၃ ကြိမ်ထက်မနည်း သူတို့မျက်နှာကို ကိုင်မိကြတာ တွေ့ရပါတယ်။ ပါးစပ်၊ နှာခေါင်း၊ မျက်စိ တို့ကိုလည်း မကြာခဏ ထိမိကြပါတယ်။

ဒီလို မျက်နှာကို အထိအတွေ့ များတာဟာ အန္တရာယ်ကြီးလွန်းတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး အပါအဝင် လူထုကျန်းမာရေး အဖွဲ့တွေနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်ဟာ ခန္ဓာကိုယ်ထဲ ရောဂါပိုးတွေ ဝင်လာနိုင်မယ့် နေရာတွေဖြစ်

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ကိုဗစ် - ၁၉ ရောဂါ မကူးစက်အောင် ကာကွယ်ဖို့ အကြံပြုချက်တွေထဲမှာ လက်ငြိမ်ငြိမ် ထားဖို့ကလည်း လက်ဆေးဖို့လိုပဲ အလားတူ အရေးကြီးတယ်လို့ အထူးပြု ဖော်ပြထားပါတယ်။

မျက်နှာကို ခဏခဏ ပွတ်သပ်မိ ကိုင်မိတာ ဘာ့ကြောင့်လဲ

လူတွေနဲ့ မျောက်ဝံတချို့ဟာ ကိုယ့်မျက်နှာကိုယ် မပွတ်ဘဲ မနေနိုင်ကြပါဘူး။ ဒါဟာ လူသားဖြစ်စဉ် ပြောင်းလဲလာမှုကြောင့်လို့ ယူဆရပါတယ်။

သတ္တဝါမျိုးစိတ်အများစုက သူတို့ကိုယ်သူတို့ သန့်အောင်လုပ်ဖို့ ဒါမှမဟုတ် ပိုးမွှားတွေ ဖယ်ရှားဖို့ အတွက် မျက်နှာတွေကို ပွတ်သပ်ကြတာ ဖြစ်ပေမဲ့ လူတွေနဲ့ မျောက်ဝံတချို့မှာတော့ တခြားအကြောင်းရင်းတွေ အများကြီး ရှိပါတယ်။

တစ်ခါတလေမှာ ကိုယ့်ကိုယ်ကို နှစ်သိမ့်တဲ့ အနေနဲ့ အခုလို လုပ်ကြတာလို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် ဘာကလေတက္ကသိုလ်က စိတ်ပညာ ပါမောက္ခ ဒက်ချာ ကယ်လ်တနာ က ပြောပါတယ်။ မူယာမာယာ ပြတဲ့အခါမျိုးတွေမှာ မသိစိတ်က မျက်နှာကို ပွတ်သပ် ထိတွေ့တတ်ကြသလို တခါတလေ လူမှုရေးကိစ္စရပ် ဖြစ်ရပ်တစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းတဲ့အခါမျိုးမှာလည်း လုပ်တတ်ကြတယ်လို့ သူက ပြောပါတယ်။

ကိုယ့်မျက်နှာကို ကိုယ့်ဟာကိုယ် ပွတ်သပ် ထိတွေ့တာဟာ စိတ်လှုပ်ရှားမှုနဲ့ အာရုံစိုက်မှုကို ထိန်းချုပ်တဲ့ နည်းတစ်မျိုး ဖြစ်တယ်လို့ အမူအကျင့်ဆိုင်ရာ ကျွမ်းကျင်သူ တချို့က ကောက်ချက်ချပါတယ်။

ဒါဟာ လူသားမျိုးနွယ်ရဲ့ အခြေခံ အမူအကျင့် တစ်ခု ဖြစ်တယ်လို့ ဂျာမနီနိုင်ငံ လေးပ်ဇစ်ဂ် တက္ကသိုလ်က စိတ်ပညာရှင် ပါမောက္ခ မာတင် ဂရွန်ဝေါလ်ဒ် က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

လူတွေနဲ့ မျောက်ဝံတွေမှာ မျက်နှာကို ပွတ်သပ် ထိတွေ့ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိ

ကိုယ့်ကိုယ်ကို ပွတ်သပ် ကိုင်တွယ်တာဟာ တခြားသူတွေနဲ့ အပြန်အလှန် ဆက်သွယ်တာမျိုး မဟုတ်ဘဲ ကိုယ့်မသိစိတ်က မသိလိုက် မသိဖာသာ လုပ်တတ်တာမျိုး ဖြစ်တယ်လို့ မစ္စတာ ဂရွန်ဝေါလ်ဒ် က ဘီဘီစီကို ပြောပါတယ်။

"ဒါဟာ သိမြင်မှုနဲ့ စိတ်လှုပ်ရှားမှု ဖြစ်စဉ် အားလုံးမှာ အရေးကြီးတဲ့ ကဏ္ဍမှာ ပါတယ်"လို့ "လူတွေ ဘာ့ကြောင့် အထိအတွေ့ မလုပ်ဘဲ မနေနိုင်ကြတာလဲ" ဆိုတဲ့ စာအုပ်ကို ၂၀၁၇ ခုနှစ်တုန်းက ရေးသားခဲ့သူ မစ္စတာ ဂရွန်ဝေါလ်ဒ် က ပြောပါတယ်။

မျက်လုံး၊ နှာခေါင်း၊ ပါးစပ် တို့ဟာ ခန္ဓာကိုယ်ထဲ ရောဂါပိုးပေါင်းစုံ ဝင်နိုင်တဲ့ နေရာဖြစ်တဲ့အတွက် ကိုယ့်မျက်နှာကိုယ် ပွတ်သပ်ကိုင်တွယ်တတ်တဲ့ အမူအကျင့်ဟာ သိပ်ကို အန္တရာယ် ရှိပါတယ်။

ဥပမာ ကိုဗစ်-၁၉ ရောဂါ ဆိုရင် ရောဂါ ကူးစက်ခံထားရသူရဲ့ နှာခေါင်း ဒါမှမဟုတ် ပါးစပ်က ထွက်လာတဲ့ အရည်စက် သေးသေးလေး ကနေတဆင့် လူလူချင်း ရောဂါပိုး ကူးစက်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ရောဂါပိုးရှိတဲ့ မျက်နှာပြင်တွေကို ထိတွေ့မိရာကနေ ရောဂါကူးနိုင်

ဒါပေမဲ့ ဗိုင်းရပ်စ်ပိုး ထိထားတဲ့ ပစ္စည်း ဒါမှမဟုတ် ဝတ္ထု မျက်နှာပြင်တွေကို ထိတွေ့မိရင်လည်း ရောဂါကူးစက်နိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါသစ်နဲ့ ပတ်သက်လို့ ကျွမ်းကျင်သူသိပ္ပံပညာရှင်တွေ ခုထိ လေ့လာနေကြတုန်းဖြစ်ပေမဲ့ ဒီရောဂါပိုးဟာ ခံနိုင်ရည် ရှိတဲ့ ရောဂါပိုးလို့ သိထားကြပြီး ဝတ္ထုမျက်နှာပြင်တွေပေါ်မှာ ၉ ရက်လောက် ရှင်သန်နိုင်စွမ်း ရှိတယ်လို့ တချို့က ဆိုပါတယ်။

ရှင်သန်နိုင်စွမ်းရှိတဲ့ ရောဂါပိုး

ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ ဒီလို ရှင်သန်နိုင်စွမ်းဟာ မျက်နှာကို မကြာခဏ ပွတ်သပ်လေ့ ရှိတဲ့ အမူအကျင့်နဲ့ ပေါင်းလိုက်တဲ့အခါ အန္တရာယ် ပိုကြီးလာတာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းက အမေရိကန်နဲ့ ဘရာဇီး သုတေသီတွေက ဘယ်သူဘယ်ဝါရယ် မဟုတ်ဘဲ ကြုံရာလူတွေကို လေ့လာကြည့်တဲ့အခါ အဲဒီလူတွေဟာ တစ်နာရီကို ၃ ကြိမ်ကျော်လောက် အများသုံးနေရာတွေက အရာဝတ္ထု မျက်နှာပြင်တွေကို ထိတွေ့ခဲ့ကြတာကို လေ့လာတွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

နှာခေါင်းစည်း ဝတ်ထားပြီး ကိုယ့်မျက်နှာကိုယ် မပွတ်မိအောင် တားဆီးနိုင်

အဲဒီလူတွေဟာ သူတို့ရဲ့ ပါးစပ် ဒါမှမဟုတ် နှာခေါင်းတွေကိုလည်း နာရီတိုင်းမှာ ၃ ကြိမ်ကျော်နှုန်းလောက် ပွတ်ခဲ့ ကိုင်ခဲ့ကြတာ တွေ့ရပါတယ်။ ဒါဟာ သြစတြေးလျ ဆေးကျောင်းသားတွေထက် တစ်နာရီကို ၂၃ ကြိမ် လျော့နေပါတယ်။ ဒါကလည်း အဲဒီ ဆေးကျောင်းသားတွေ စာသင်ခန်းထဲမှာ စာသင်ကြား ပို့ချတာကို နားထောင်နေချိန် ဖြစ်ပြီး အာရုံစူးစိုက်စရာတွေ ပိုများတဲ့ အပြင်ဘက်မှာ ရှိမနေတာကြောင့် ဖြစ်နိုင်ပါတယ်။

"လက်အသေအချာ မဆေးရင် ရောဂါကူးစက်နိုင်တဲ့ အဓိက အရင်းအမြစ် နေရာဟာ မျက်နှာ ဖြစ်ပါတယ်။ မျက်နှာကို မပွတ်မိအောင် နှာခေါင်းစည်း ဝတ်ထားခြင်းအားဖြင့် ရောဂါကူးစက်မယ့် အန္တရာယ်ကို လျော့သွားစေနိုင်ပါတယ်"လို့ လိဒ်စ်တက္ကသိုလ်က ပါမောက္ခ စတီဖန် ဂရစ်ဖင် က ရှင်းပြပါတယ်။

ဘယ်လိုနည်းတွေနဲ့ ဖြေရှင်းကြမလဲ

ဒါဆိုရင် မျက်နှာကို ပွတ်မိ ကိုင်မိတဲ့ အရေအတွက် လျော့သွားအောင် ဘယ်လိုနည်းတွေနဲ့ ဖြေရှင်းကြမလဲ။

"ပြောတာ လွယ်ပေမဲ့ လက်တွေ့ လုပ်ဖို့ ခက်ပါတယ်" လို့ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းရဲ့ ယူကေအစိုးရလက်ထက်မှာ မူဝါဒပိုင်း အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ ကိုလမ်ဘီယာ တက္ကသိုလ်က အမူအကျင့်ဆိုင်ရာ သိပ္ပံပညာရှင် ပါမောက္ခ မိုက်ကယ် ဟောလ်စ်ဝါ့သ် က ပြောပါတယ်။

"မသိစိတ်က လုပ်တဲ့ အကျင့်တစ်ခုကို ပြင်ဖို့က တကယ့်ကို မလွယ်တဲ့ ပြဿနာကြီး တစ်ခုပါ" လို့ သူက ဘီဘီစီကို ပြောပါတယ်။

"မျက်နှာကို ခဏခဏ မပွတ်ဖို့ထက် လက် ပိုဆေးဖို့က လူတွေအတွက် အများကြီး ပိုလွယ်ပါလိမ့်မယ်"

"မသိစိတ်က လုပ်တဲ့ အမူအကျင့်တစ်ခုကို မလုပ်ပါနဲ့လို့ သွားပြောလို့ ရမှာမဟုတ်ပါဘူး"

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

မသိစိတ်က လုပ်တဲ့ အကျင့်တစ်ခုကို ဘယ်လို ဖျောက်မလဲ

ဒါပေမဲ့ ဒီလိုလုပ်နိုင်ဖို့ တွန်းအားပေးတဲ့ နည်းလမ်းတချို့ ရှိတယ်လို့ မစ္စတာ ဟောလ်စ်ဝါ့သ်က ယုံကြည်ထားပါတယ်။

အဲဒီထဲက တနည်းကတော့ ကိုယ့်မျက်နှာကို ကိုယ် ဘယ်နှစ်ကြိမ် ပွတ်မိ ထိမိသလဲ ဆိုတာကို ပိုသတိထားဖို့ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ယားလို့ ကုတ်ချင်တဲ့အခါ တခြားနည်းတနည်းကို အစားထိုး လုပ်နိုင်ပါတယ်။

အကောင်းဆုံး ဖြေရှင်းနည်း တစ်ခု မဟုတ်ပေမဲ့ လက်မောင်းနဲ့ ပွတ်ပြီး အယားဖြေရင် ရောဂါကူးစက်ခံရမှု အန္တရာယ် ပိုနည်းသွားနိုင်ပါတယ်။

ဘာ့ကြောင့်ဖြစ်တာလဲ ဆိုတာ ဆန်းစစ်ဖို့ လို

လူတွေ ဘာ့ကြောင့် ကိုယ့်မျက်နှာကိုယ် ပွတ်မိ ကိုင်မိကြသလဲ ဆိုတာကို အဖြေရှာကြည့်ဖို့ကိုလည်း အမူအကျင့်ပိုင်း ဆိုင်ရာ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

တကယ်လို့ ဘာ့ကြောင့် ဒီလို လုပ်မိသလဲ ဆိုတာကို ဖော်ထုတ်နိုင်ရင် အဖြေရှာနိုင်ပါလိမ့်မယ် လို့ မစ္စတာ ဟောလ်စ်ဝါ့သ် က ရှင်းပြပါတယ်။

"မျက်စိကို ပွတ်တတ်သူတွေ နေကာမျက်မှန် ဝတ်ထားသင့်ပါတယ်"

"ဒါမှမဟုတ် အဲဒီလို ပွတ်ချင်လာပြီ ဆိုရင် ကိုယ့်လက်တွေ ပေါ်မှာ ကိုယ်ဖိထိုင် ထားလိုက်ပါ" လို့ သူက အကြံပေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

လက်မှန်မှန်ဆေးခြင်းရဲ့ အရေးပါမှု

ဥပမာ စိတ်ဖိအား ဖြေလျော့ပေးတဲ့ အလုံးလေးတွေကို နှိပ်ကစားတာမျိုးလို လက်တွေကို အအားမထားတဲ့ နည်းကိုလည်း သုံးနိုင်ပါတယ်။

ဒါပေမဲ့ အဲဒီအလုံးလေးတွေကိုတော့ မကြာခဏ ပိုးသတ်ဆေး ဖျန်းပေးဖို့ လိုပါတယ်။

မျက်နှာကို မပွတ်ဖို့ ကိုယ့်ကိုယ်ကို သတိပေးတာမျိုးကလည်း အထောက်အကူ ပြုနိုင်ပါတယ်။

တကယ်လို့ ကိုယ့်အသိ၊ ကိုယ့်မိသားစုတွေထဲမှာ မျက်နှာ မပွတ်ဘဲ မနေနိုင်သူတွေ ရှိရင်လည်း သူတို့ကို ဘေးကနေ လှမ်းသတိပေးတာမျိုး လုပ်နိုင်တယ် လို့ မစ္စတာ ဟောလ်စ်ဝါ့သ် က အကြံပြုထားပါတယ်။

လက်အိတ်စွပ် ထားတာမျိုးနဲ့ရော ကာကွယ်နိုင်သလား လို့ မေးကြည့်တော့ သူက ကိုယ့်လက်တွေကို မှန်မှန်ဆေးသလို အဲဒီလက်အိတ်တွေကို လဲဝတ်တာမျိုး လျှော်တာမျိုး လုပ်သင့်ပါတယ်၊ မဟုတ်ရင်တော့ အဲဒီလက်အိတ်တွေဟာ ရောဂါ ကူးစက်တဲ့ နေရာတွေ ဖြစ်လာပါလိမ့်မယ် လို့ ပြောပါတယ်။

လက်ဆေးတဲ့ သမားရိုးကျနည်းကပဲ အလုပ်ဖြစ်

"ကာကွယ်ဆေးတွေ၊ ကုထုံးတွေကို စောင့်နေဖို့ မလိုပါဘူး" လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒ်ဟန်နောမ် ဂါဘရာယက်ဆပ်စ် က ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

အခုခေတ်ကာလကြီးမှာ လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကိုရော တခြားသူတွေကိုပါ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်လို့ ဒေါက်တာ တက်ဒရော့စ်က ဖြည့်စွက်ပြောသွားခဲ့ပါတယ်။