ကိုရိုနာဗိုင်းရပ်စ် - ပြိုကျခဲ့တဲ့ အဲဒီဟိုတယ်မှာ လူတွေကို သီးသန့်ခွဲ ထားရှိ

ကိုရိုနာ၊ တရုတ်၊ ဟိုတယ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ပြိုကျခဲ့တဲ့ ဟိုတယ်ရဲ့ အပျက်အစီးပုံတွေအောက်မှာ အသက်ရှင် ကျန်ရစ်ဖွယ် သူတွေကို ကယ်ဆယ်ရေး ဝန်ထမ်းတွေ လိုက်လံရှာဖွေနေ

တရုတ်နိုင်ငံ ဂွမ်ဂျိုးပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ တားဆီးဖို့ လူတွေကို သီးသန့်ခွဲထားရာမှာ အသုံးပြုတဲ့ ဟိုတယ်တစ်ခု ရုတ်တရက် ပြိုကျသွားခဲ့အပြီး လူ ၇၀ လောက် ပိတ်မိနေပါတယ်။

အထပ် ငါးထပ် ရှိတဲ့ အဲဒီ ရှင်ဂျီယာ ဟိုတယ်ရဲ့ အပျက်အစီးပုံတွေ အောက်ထဲကနေ လူ ၃၅ ယောက်လောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံတောင်ပိုင်း ဖူဂျန်းပြည်နယ်မှာ ရှိတဲ့ အဲဒီ ဟိုတယ်ရဲ့ အပျက်အစီးပုံတွေအောက်မှာ အသက်ရှင် ကျန်နိုင်မယ့် သူတွေကို ကယ်ဆယ်ရေး ဝန်ထမ်းတွေက ရှာဖွေနေပုံ ဗီဒီယိုတွေကို လူမှုကွန်ရက် အွန်လိုင်းပေါ်မှာ တွေ့ရပါတယ်။

အဲဒီဟိုတယ် ဘာ့ကြောင့် ပြိုကျခဲ့တာလဲ၊ သေဆုံးသူ ရှိသလား ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

အသက်ရှင်ကျန်ရစ်နိုင်မယ့် သူတွေကို အပျက်အစီးပုံတွေအောက်မှာ လိမ္မော်ရောင် ဝတ်စုံနဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ မွှေနှောက်ရှာဖွေနေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

အဲဒီဟိုတယ်မှာ အခန်း ၈၀ ရှိတယ်လို့ ဆို

ဒေသစံတော်ချိန် ည ၇ နာရီခွဲလောက်မှာ ဟိုတယ် ရုတ်တရက် ပြိုကျခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ်ရောဂါသည်တွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ခဲ့သူတွေကို သီးသန့်ခွဲထားပြီး စောင့်ကြည့်စစ်ဆေးတဲ့ နေရာအဖြစ် အဲဒီဟိုတယ်ကို အသုံးပြုနေတယ်လို့ တရုတ် အစိုးရ သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။

အဲဒီ ဟိုတယ်ကို ၂၀၁၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အခန်းပေါင်း ၈၀ ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ဒဏ်ရာရထားတဲ့ လူတစ်ဦးကို အပျက်အစီးပုံတွေအောက်ကနေ ဆွဲထုတ် ကယ်တင်ခဲ့

အမျိုးသမီးတစ်ဦးက သူ့ညီမ အပါအဝင် ဆွေမျိုးတွေ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အဲဒီဟိုတယ်မှာ သီးခြား စောင့်ကြည့် စစ်ဆေးခံနေရတယ်လို့ ဘေဂျင်းသတင်း ဝက်ဆိုက် ကို ပြောပြပါတယ်။

"သူတို့ကို ဆက်သွယ်လို့ မရဘူး။ ဖုန်းလည်း မဖြေကြဘူး" လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။

"ကျွန်မကိုလည်း နောက်ဟိုတယ်တစ်ခုမှာ သီးခြား ခွဲထားတာပါ။ ဘာလုပ်ရမှန်း မသိတော့ဘူး။ အရမ်း စိတ်ပူနေပါတယ်။ သူတို့က ကျန်းမာပါတယ်။ သူတို့ကို နေ့တိုင်း အပူချိန်တိုင်းတာ ပုံမှန်ပဲ တွေ့ရတာပါ"

သောကြာနေ့အထိ ဖူဂျန်းပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူပေါင်း ၂၉၆ ဦး ရှိခဲ့ပါတယ်။ ရောဂါ ဖြစ်နေသူတွေနဲ့ နီးနီးကပ်ကပ် နေခဲ့လို့ သီးသန့်ခွဲထားပြီး စောင့်ကြည့် စစ်ဆေးနေသူတွေကတော့ ၁၀၈၁၉ ဦး ရှိပါတယ်။

အခုအခါ ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူပေါင်း တစ်သိန်း တစ်ထောင်ကျော် ရှိနေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ သုံးထောင်ကျော် သေဆုံးခဲ့ပြီး ဖြစ်ပြီး အများစုဟာ ရောဂါ စဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်က ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

မတ်လ ၆ ရက်နေ့က တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု အခြေအနေ