ပါရာဂွေးကို အသွား အဖမ်းခံရတဲ့ ရော်နယ်ဒင်ညို

ဘောလုံးအားကစား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ရော်နယ်ဒင်ညို(တီရှပ်အဖြူ)နဲ့ အစ်ကို ဖြစ်သူ Roberto Assis တို့ တရားရုံးကို ရောက်လာစဉ်

ဘရာဇီး လက်ရွေးစင် ဘောလုံးသမားဟောင်း ရော်နယ်ဒင်ညို ဟာ သူ့ညီအစ်ကို တော်စပ်သူ တစ်ယောက်နဲ့အတူ ပါရာဂွေးနိုင်ငံကို အသွား ပြီးခဲ့တဲ့ သောကြာနေ့ မတ်လ ၆ ရက်နေ့က အဖမ်းခံခဲ့ရပါတယ်။

သူ့ကို နိုင်ငံကူး လက်မှတ် အတု ကိုင်ဆောင်မှုနဲ့ ပါရာဂွေးနိုင်ငံ အ၀င်မှာ ဖမ်းလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူတို့ လိုက်ပါ စီးနင်းလာတဲ့ လေယာဉ်ဟာ ပါရာဂွေး မြို့တော် အာဆူဆီရော်န် ကို ဆိုက်ရောက်လာစဉ်မှာ ရော်နယ်ဒင်ညို တို့ ညီအစ်ကို နှစ်ယောက်ဟာ စာရွက်စာတမ်း အတုတွေ တင်ပြခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

တခြား ပြစ်ဒဏ် တစ်ခုခု ချမှတ်ပေးဖို့ အစိုးရ ရှေ့နေတစ်ယောက်ရဲ့ အဆိုပြုချက်ကို တရားသူကြီးက ငြင်းပယ်လိုက်ပြီးနောက် သူတို့ နှစ်ယောက်ကို နာရီ အတော်ကြာ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

သူတို့ ညီအစ်ကို နှစ်ယောက်ဟာ လိမ်ညာ လှည့်ကွက် ပြုခဲ့တယ်လို့ တရားလို ရှေ့နေတွေက ပြောကြားခဲ့ပေမယ့် သူတို့ကတော့ ဘာမှ အမှားအယွင်း မလုပ်ဘူးလို့ ဆိုပါတယ်။

ရော်နယ်ဒင်ညို ဆိုရင် အခုလို အဖမ်းခံရတဲ့အတွက် အံအားသင့်နေပုံ ရတယ်လို့ တရားလို ရှေ့နေ တစ်ယောက်က ပြောပါတယ်။

သူတို့နှစ်ယောက်ဟာ ရဲရဲ့ စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပြီး နိုင်ငံကူးလက်မှတ် ဆိုတာ လောကဝတ် ပျူငှာတဲ့ သဘောအရ ပြသရတဲ့ စာရွက်စာတမ်းအဖြစ် သူတို့က မှတ်ယူမိကြောင်း ပြောကြားခဲ့ကြပါတယ်။

အဲဒီနောက် သူတို့ နေထိုင်ရာ ဟော်တယ်ကို ရဲအရာရှိတွေက ၀င်ရောက် ရှာဖွေခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, FISCALIA PARAGUAY, ON FACEBOOK

ဓာတ်ပုံ ပုံစာ,

ပါရာဂွေး အာဏာပိုင်တွေ ထုတ်ပြန်လိုက်တဲ့ သက်သေခံ မှတ်တမ်း တစ်ခု

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

၂၀၁၉ ဇူလိုင် လတုန်းကလည်း အခွန်ရှောင်မှု၊ ဘရာဇီး အမျိုးသား ဥယျာဉ် အတွင်း တရားမဝင် အဆောက်အအုံ ဆောက်မှု အပေါ် ပြစ်ဒဏ်ကြေး မပေးဆောင်မှု စတဲ့ ပြစ်ချက်တွေနဲ့ ရော်နယ်ဒင်ညို ဟာ သူ့ရဲ့ ဘရာဇီး နဲ့ စပိန် နိုင်ငံဆိုင်ရာ နိုင်ငံကူးလက်မှတ်တွေ အသိမ်းခံခဲ့ရဖူးပါတယ်။

အားကစားမှာ နာမည် ကျော်ကြား ထင်ရှားသူတွေကို ကျွန်တော်အနေနဲ့ လေးစားမိပေမယ့် တရားဥပဒေ ဆိုတာကလည်း ဘယ်သူမဆို လေးစား လိုက်နာကြမယ့် အရာ ဖြစ်ပါတယ် ၊ သင်ဘယ်သူပဲ ဖြစ်နေပါစေ၊ ဥပဒေနဲ့ ရင်ဆိုင်ရရင် တပြေးညီ ဖြစ်သင့်ပါတယ်လို့ ပါရာဂွေးနိုင်ငံ ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီး Euclides Acevedo က အခု သီတင်းပတ် အတွင်း ဒေသခံ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

အသက် ၃၉ နှစ် ရှိပြီ ဖြစ်တဲ့ ဘရာဇီး လက်ရွေးစင် ဘောလုံးသမားဟောင်း ရော်နယ်ဒင်ညို ဟာ ချို့တဲ့နွမ်းပါးတဲ့ ကလေးငယ်တွေ အရေးအတွက် စာအုပ်တအုပ် ထုတ်ဝေရာမှာ အရောင်းမြှင့်တင်ဖို့ ပါရာဂွေးနိုင်ငံကို သွားရောက်ရင်း အဖမ်းခံရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

ကမ္ဘာဖလား ဘောလုံးပွဲမှာ ဘရာဇီး အတွက် ကစားခဲ့စဉ် အောင်ပွဲဆင်

ရော်နယ်ဒင်ညို ဟာ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုတွေ ဆွတ်ခူးခဲ့ဖူးသူ ဖြစ်ပြီး စပိန်က ကလပ်အသင်း တစ်ခု ဖြစ်တဲ့ ဘာစီလိုနာ အသင်းမှာ ကစားရင်း နာမည် ကြီးလာခဲ့တာပါ။

သူဟာ ဘရာဇီး နိုင်ငံအတွက် ကမ္ဘာ့ဖလားကို ၂၀၀၂ ခုနှစ်မှာ တခြား နာမည်ကြီး ကစားသမားတွေ ဖြစ်တဲ့ တိုက်စစ်မှူး ရော်နယ်ဒို နဲ့ ရီဗာဒို တို့နဲ့အတူ ဆွတ်ခူးပေးခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ ချမ်းသာကြွယ်၀မှုက စတာလင်ပေါင်း သန်း ၈၀ ကနေ ၁၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

သူဟာ အင်တာစတာဂရမ်ပေါ်မှာ စည်းမျဉ်းနဲ့ မညီတဲ့ ပို့စ် တစ်ခု တင်မိလို့ စတာလင်ပေါင် တစ်သိန်းခွဲ ဒဏ်ရိုက်ခံခဲ့ရဖူးပါတယ်။