ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမြောက်ပိုင်းမှာ လူ ၁၆ သန်းကို အသွားအလာကန့်သတ်

A passenger wearing a protective face mask looks her phone in Linate Airport in Milan

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

အကန့်အသတ်တွေ သတ်မှတ်လိုက်ပေမယ့် မီလန်မြို့ကိုတော့ လေယာဉ် အဝင်အထွက် ရှိနေ

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို တားဆီးနိုင်ဖို့အတွက် နိုင်ငံမြောက်ပိုင်းက လူပေါင်း ၁၆ သန်းကို အသွားအလာ ကန့်သတ်ပြီး သီးခြားခွဲထားလိုက်ပါတယ်။

လွန်ဘာဒီဒေသ အပါအဝင် အီတလီမြောက်ပိုင်းနဲ့ အလယ်ပိုင်းက ဒေသ ၁၄ ခုမှာ နေထိုင်သူတွေ ခရီးသွားချင်ရင် အထူးခွင့်ပြုချက် လိုအပ်မှာဖြစ်ပြီး မီလန်နဲ့ ဗင်းနစ်မြို့မှာ နေထိုင်သူတွေ အတွက်လည်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။

အီတလီနိုင်ငံမှာ မတ်လ ၇ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တွေ့ရှိရမှု သိသိသာသာ တက်လာခဲ့ပြီး ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အများဆုံးတွေ့ရတဲ့ နိုင်ငံလည်း ဖြစ်နေပါတယ်။

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၃၀ ကျော်သွားပြီ ဖြစ်ပြီး လတ်တလော ၂၄ နာရီအတွင်းမှာတင် သေဆုံးသူ ၃၆ ယောက် ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မတ်လ ၇ ရက်နေ့က အီတလီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ များပြားမှုကြောင့် ယခင် စုစုပေါင်း ၁၂၀ဝ ကျော်ရှိရာကနေ ၅၈၈၃ ယောက် အထိ ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

မီလန်မြို့မှာ အစားအသောက် ဝယ်ဖို့ လူတွေ တန်းစီနေကြစဉ်

အီတလီမြောက်ပိုင်း ကန့်သတ်ချက် အခြေအနေ

အီတလီ ဝန်ကြီးချုပ် ဂျူဇက်ပေ ကွန်တေက တနိုင်ငံလုံးက ကျောင်းတွေ၊ အားကစားခန်းမတွေ၊ ပြတိုက်တွေ၊ ညကလပ်တွေနဲ့ တခြားခန်းမတွေကို ပိတ်လိုက်ကြောင်း ကြေညာထားပါတယ်။

ဒါ့အပြင် ရုပ်ရှင်ရုံတွေ၊ ရေကူးကန်တွေနဲ့ ရေလွှာလျှောစီး အပန်းဖြေ စခန်းတွေကိုလည်း လောလောဆယ်မှာ ပိတ်ထားပါတယ်။

လူအများအပြား တက်ရောက်တဲ့ မင်္ဂလာဆောင်၊ အသုဘ အခမ်းအနား၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားတွေကို ဆိုင်းငံ့ထားပါတယ်။

ကန့်သတ်ဇုန်အတွင်းမှာရှိတဲ့ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်တွေကို မနက် ၆ နာရီကနေ ည ၆ နာရီအထိ ဖွင့်ခွင့်ပေးထားပေမဲ့ လာရောက် စားသောက်သူတွေက သုံးပေ အနည်းဆုံး ခွာပြီး ထိုင်ကြရမယ်လို့ ဆိုပါတယ်။

အိမ်ထဲမှာပဲ တတ်နိုင်သမျှ နေကြဖို့လည်း အများပြည်သူကို တိုက်တွန်းထားပြီး သီးခြားခွဲနေခိုင်းထားသူ ဖြစ်လျက်သားနဲ့ အပြင်ထွက်တဲ့သူဆိုရင် ထောင် သုံးလအထိ ချမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ရဲတွေကိုတော့ ဒီဒေသတွေ အတွင်းမှာ ရှိသူတွေ ဝင်လာတာလား၊ ထွက်ဖို့ လုပ်နေတာလားဆိုတာ မေးမြန်းပြီး တားဆီးခွင့် အာဏာပေးထား

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

မီလန်မြို့ရှိတဲ့ အီတလီမြောက်ပိုင်း လွန်ဘာဒီဒေသမှာ နေထိုင်သူ လူဦးရေ ၁၀ သန်းရှိပြီး အရေးပေါ်အခြေအနေ မဟုတ်ရင် ဒီဒေသတွင်းကို ဝင်ခွင့်နဲ့ ထွက်ခွင့်တွေ ကန့်သတ်ထားမယ်လို့ ဆိုပါတယ်။

အလားတူ ကန့်သတ်မှု လုပ်မယ့် ဒေသတွေကတော့ မိုဒေနာ၊ ပါမာ၊ ပီချန်စာ၊ ရက်ဂျီယို အီမီလီယာ၊ ရီမီနီ၊ ပီစာရိုအီဘီနို၊ အယ်လေစန်ဒရီရာ၊ အာ့စ်တီ၊ နိုဗာရာ၊ ဗေဘားနိုး ကူးစယို အိုစလာ၊ ဗေချယ်လီ၊ ပါဒူအာ၊ ထရေဗီဆို နဲ့ ဗင်းနစ် တို့ ဖြစ်ပါတယ်။

အဲဒီ ဒေသတွေမှာ အဝင်အထွက် ကန့်သတ်မယ့်အပြင် အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ အကြောင်းပြချက်၊ ကျန်းမာရေး အရေးပေါ် အခြေအနေတွေကြောင့်က လွဲလို့ ဒီဒေသတွေ အချင်းချင်း သွားလာခွင့်လည်း ကန့်သတ်မှာ ဖြစ်တယ်လို့လည်း မစ္စတာ ကွန်တေက သတင်းသမားတွေကို ပြောဆိုခဲ့ပါတယ်။

အခုလို လုပ်ဆောင်မှုတွေဟာ ကိုရိုနာ ဗိုင်းရပ်စ် ထပ်မပြန့်ဖို့အတွက် တရုတ်နိုင်ငံမှာ သန်းနဲ့ချီတဲ့ လူတွေကို ကန့်သတ် ထိန်းချုပ်တဲ့ နည်းလမ်းနဲ့ ဆင်တူပြီး ရောဂါ တိုက်ဖျက်ရေးထက် အခုလို ထပ်မပြန့်ဖို့ အဓိက အာရုံစိုက်ရမယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အီတလီကို အကြံပေးထားပါတယ်။

အီတလီနိုင်ငံသားတွေရဲ့ ကျန်းမာရေးကို အာမခံချက် ပေးချင်တဲ့အတွက် လုပ်ရတဲ့ ကန့်သတ်မှုတွေကြောင့် အနည်းနဲ့အများ အနစ်နာခံကြရမှာကို နားလည်ပါတယ်လို့လည်း မတ်လ ၈ ရက်နေ့မှာ မစ္စတာ ကွန်တေက ပြောကြားခဲ့ပါတယ်။

အခုလို လုပ်ဆောင်မှုတွေကို လာမယ့် ဧပြီလ ၃ ရက်နေ့အထိ လုပ်ထားမှာဖြစ်ပြီး တရုတ်ပြည်ပြင်ပ ကိုရိုနာဗိုင်းရပ်စ် ဖြေရှင်းမှုတွေထဲမှာ အတင်းကြပ်ဆုံးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

'မြင်းလန့်ပြေးတော့မှ မြင်းဇောင်းတံခါးပိတ်' ('သူခိုးပြေးမှ ထိုးကွင်းထ') ဆိုသလို ဖြစ်နေပြီလားဆိုပြီး မေးစရာတွေရှိ (မာ့ခ် လိုဝန်ရဲ့ သုံးသပ်ချက်)

ရောမမြို့အခြေစိုက် ဘီဘီစီသတင်းထောက် မာ့ခ် လိုဝန်ရဲ့ သုံးသပ်ချက်

မတ်လ ၈ ရက် တနင်္ဂနွေနေ့ မတိုင်ခင် သီတင်းတစ်ပတ်ဟာ အီတလီက ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို တားဆီးနိုင်ချေ ရှိမရှိ စမ်းသပ်မယ့် အရေးကြီးတဲ့ ရက်သတ္တပတ်အဖြစ် အီတလီ ပြည်တွင်းမှာ ပြောဆိုနေခဲ့ကြတာပါ။ ဒါပေမယ့် သူတို့ မတားဆီးနိုင်ခဲ့ပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တွေ့ရှိရမှုတွေ တက်လာချိန်မှာတော့ အစိုးရက ဖြေရှင်းမှုကို နောက်တဆင့် သိသိသာသာ မြှင့်လိုက်ရပါတယ်။

ကန့်သတ်လိုက်တဲ့ ဒေသတွေကို လုံးဝ ပိတ်ထားလိုက်တာမျိုးတော့လည်း မဟုတ်ပါဘူး။ လေယာဉ်နဲ့ ရထားခရီးစဉ်တွေ ဆက်ရှိနေဆဲ ဖြစ်ပြီး မသွားမနေ သွားရတဲ့ အလုပ်မျိုးနဲ့ အရေးပေါ် အခြေအနေတွေအတွက် သွားလာခွင့် ပေးထားပါတယ်။ ဒါပေမယ့် ရဲတွေကိုတော့ ဒီဒေသတွေ အတွင်းမှာ ရှိသူတွေ ဝင်လာတာလား၊ ထွက်ဖို့ လုပ်နေတာလားဆိုတာ မေးမြန်းပြီး တားဆီးခွင့် အာဏာပေးထားပါတယ်။

အီတလီနိုင်ငံတွင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု မတွေ့ရှိရခင်မှာ ရက်သတ္တပတ်ပေါင်းများစွာ ပြန့်ပွားနေခဲ့တယ်လို့ ယူဆကြတဲ့အတွက် အခုလို ကန့်သတ်မှုတွေ လုပ်တာ နောက်ကျသွားပြီလားလို့လည်း မေးခွန်း ထုတ်စရာတွေ ရှိနေပါတယ်။

အခုဆိုရင် အီတလီနိုင်ငံရဲ့ ဒေသ ၂၂ ခုစလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ရှိလာပြီ ဖြစ်တဲ့အတွက် ဒီလို တရုတ်ပြည်ပြင်ပ အတင်းကြပ်ဆုံး ကန့်သတ်မှုတွေ လုပ်တာက 'မြင်းလန့်ပြေးတော့မှ မြင်းဇောင်းတံခါးပိတ်' ('သူခိုးပြေးမှ ထိုးကွင်းထ') ဆိုသလို ဖြစ်နေပြီလားဆိုပြီး မေးစရာတွေ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အီရတ်က ပြန်လာတဲ့ အီရန်နိုင်ငံသားတွေကို ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အချက်အလက်တွေ ပေးဝေနေ

ကမ္ဘာတဝန်းက ကိုရိုနာဗိုင်းရပ်စ် အခြေအနေ

ကမ္ဘာတဝန်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁၀၂၀ဝ၀ နီးပါး ရှိလာပြီ ဖြစ်ပြီး သေဆုံးသူ အရေအတွက်ကတော့ ၃၅၀ဝ နီးပါး ဖြစ်ပါတယ်။

အခုလို သေဆုံးသူတွေထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာက ဒီဗိုင်းရပ်စ် စပြန့်တဲ့ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး ၃၀ဝ၀ ကျော် ရှိခဲ့ရာမှာ တရုတ်ပြည်တွင်း နေ့စဉ် သေဆုံးမှု အရေအတွက်က ပြီးခဲ့တဲ့ ဇန်နဝါရီလက စပြီး အနည်းဆုံး ဖြစ်လာတယ်လို့ မတ်လ ၈ ရက်နေ့မှာ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၇ ရက်နေ့မှာ တရုတ်ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် အယောက် ၄၀ တွေ့ရှိခဲ့ပြီး မတ်လ ၆ ရက်နေ့က တွေ့ရှိမှုထက် တဝက်ကျော် အထိ နည်းသွားတာရာမှာ ဒီဗိုင်းရပ်စ် ပြန့်ပွားမှု လျော့လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

မတ်လ ၇ ရက် တရုတ်ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၇ ယောက် ဆိုတဲ့ အရေအတွက်ကလည်း ပြီးခဲ့တဲ့ တစ်လကျော်အတွင်း နေ့စဉ်သေဆုံးမှု အနည်းဆုံးဖြစ်လာပြီး နောက်ဆုံး သေဆုံးသူ အားလုံးက ဒီပိုးစပြန့်တဲ့ ဝူဟန်မြို့တမြို့တည်းက လူတွေ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ,

တရုတ်ပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်း ကျလာ

တရုတ်နိုင်ငံပြီးရင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံးတွေ့ရတဲ့ နိုင်ငံဖြစ်လာတဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ မတ်လ ၇ ရက်နေ့မှာ ဒီပိုးကူးစက်နေသူ ၃၆၇ ယောက် ထပ်တွေ့ခဲ့ပြီး စုစုပေါင်း ပြည်တွင်း တွေ့ရှိရမှု ၇၁၃၄ ယောက် ရှိရာမှာ သေဆုံးသူ ၅၀ နီးပါး ရှိထားပါတယ်။

အီရန်နိုင်ငံဟာလည်း တရုတ်ပြည်ပြင်ပ ကိုရိုနာ ဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရသူနဲ့ သေဆုံးသူတွေ ရှိလာတဲ့ နိုင်ငံ ဖြစ်လာပြီး ကူးစက်သူ ၆၀ဝ၀ နီးပါးနဲ့ သေဆုံးသူ ၁၄၅ ယောက် ရှိထားပါတယ်။

အမေရိကန်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသူ ၄၀ဝ ကျော် ရှိပြီး သေဆုံးသူ ၁၉ ယောက် ရှိထားရာမှာ နယူးယောက်မြို့မှာ ၇၆ ယောက်အထိ ကူးစက်သူ ရှိလာတဲ့အတွက် အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

တောင်အမေရိကတိုက်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးသူရှိလာပြီး အာဂျင်တီးနားနိုင်ငံက အသက် ၆၄ နှစ် အရွယ် အမျိုးသား တဦးဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၈၀ နီးပါး တွေ့ရှိထားတဲ့ သြစတြေးလျနိုင်ငံမှာတော့ ကူးစက်ခံထားရသူတွေထဲက အသက် ၈၀ ကျော် အမျိုးသား တဦးက ပြည်တွင်း တတိယမြောက် သေဆုံးသူ ဖြစ်လာပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တက်လာတဲ့ နိုင်ငံတွေကတော့ ပြင်သစ်(၉၄၉)၊ ဂျာမနီ(၇၉၅)၊ စပိန်(၄၄၁)၊ ယူကေ(၂၀၉)၊ နယ်သာလန်(၁၈၈) တို့ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ရှိလာတဲ့ နိုင်ငံတွေကတော့ ကိုလံဘီယာ၊ ဘူလ်ဂေးရီးယား၊ ကော်စတာရီကာ၊ မော်လ်တာ၊ မော်လ်ဒိဗ်စ် နဲ့ ပါရာဂွေးတို့ ဖြစ်ပြီး ကူးစက်ခံရသူ တွေ့ရှိတဲ့ နိုင်ငံအရေအတွက် ၁၀ဝ နီးပါး ရှိလာပြီလည်း ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ,

ကိုရိုနာဗိုင်းရပ်စ် မကူးစက်ဖို့ အကောင်းဆုံး လက်ဆေးနည်း