MH17 လေယာဉ်အမှု ၊ ယူကရိန်းမှာ လူ ၂၉၈ ယောက်သေဆုံးခဲ့တဲ့ လေယာဉ်ပစ်ချခံရမှု စစစ်

Judges in court, 9 Mar 20

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

လနဲ့ချီကြာမယ့် တရားခွင်ကို စစစ်နေ

၂ဝ၁၄ တုန်းက ယူကရိန်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှား လေကြောင်းပိုင် လေယာဉ်ပေါ်ပါ လူ ၂၉၈ ယောက် သတ်ဖြတ်ခံရမှုမှာ ဖမ်းမမိသေးတဲ့ ရုရှား သုံးယောက်နဲ့ ယူကရိန်းတယောက်ကို နယ်သာလန်မှာ စပြီး ရုံးတင်စစ်ဆေးနေပါပြီ။

ရုရှဘက်သား သူပုန်တွေ ထိန်းချုပ်ထားတဲ့ ယူကရိန်း အရှေ့ပိုင်းမှာ ဘိုးအင်း ၇၇၇ အမျိုးအစား လေယာဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ကို ပစ်ချတဲ့ ဘတ် ဒုံးကျည်စနစ်ဟာ ရုရှား စစ်စခန်းက လာတာဖြစ်ကြောင်း သက်သေတွေ ရှိတယ်လို့လည်း စုံစမ်းစစ်ဆေးသူတွေက ဆိုပါတယ်။

ကွာလာလမ်ပူကို သွားတဲ့ လေယာဉ် ထွက်ခွာခဲ့ရာ အမ်စတာဒမ်မြို့က စကစ်ပေါလေဆိပ်နားက တရားရုံးမှာ ဒီအမှုကို စစ်နေတာပါ။

၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်က ဖြစ်ခဲ့တဲ့ ဒီလေယာဉ်ပျက်ကျမှုမှာ မပါကြောင်း ရုရှားဘက်က ထပ်ခါထပ်ခါ ပယ်ချခဲ့ပါတယ်။ လေယာဉ်ပေါ်ပါ ၁ဝ နိုင်ငံက ခရီးသည် ၃ဝဝ နီးပါး သေဆုံးခဲ့ပါတယ်။

နောက် ဒီအမှုမှာ တရားစွဲခံရသူ လေးယောက်က ရုရှားဘက်သား ခွဲထွက်ရေး သူပုန်တွေနဲ့ ဆက်စပ်သူတွေ ဖြစ်ပါတယ်။

ဘယ်နိုင်ငံကမှ ဒီအလိုရှိတဲ့ တရားခံတွေကို ထုတ်မပေးကြပါဘူး။ ရုရှားတယောက်အတွက်တော့ သူ့ရှေ့နေအဖွဲ့က ရုံးခန်းမှာ လာခုခံဖို့ ရှိပါတယ်။ နောက် ဗီဒီယိုကနေ သက်သေခံထွက်ဆိုရင်လည်း လက်ခံဖို့ ရှိတယ်လို့ တရားရုံးက ဆိုပါတယ်။

စကစ်ပေါ လေဆိပ်က လေယာဉ်ပျံသံတွေနဲ့ ဆူညံနေပေမယ့် ဒီအလိုရှိနေတဲ့ သံသယတရားခံလေးယောက် လာပြီး အမှုရင်ဆိုင်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားကြပါဘူး။

ဒီအမှုဟာ နယ်သာလန် တရားစီရင်ရေး သမိုင်းမှာ အရှုပ်ထွေးဆုံး ရာဇဝတ်မှု ဖြစ်ပါတယ်။

သေဆုံးသူ သုံးပုံနှစ်ပုံက နယ်သာလန်က ဖြစ်လို့ ဒီအမှုစစ်ရာမှာ သူတို့ ဦးဆောင်တာ ဖြစ်ပါတယ်။

စွပ်စွဲခံရသူတွေ မပါဘဲ အမှုကို စစ်သွားမလား စတာတွေ ပြင်ဆင်ဖို့လည်း တရားခွင် စတင်ချိန် နှစ်ပတ် ပေးထားပါတယ်။

ကွယ်လွန်သူတွေရဲ့ ဆွေမျိုးတွေအတွက် သူတို့နစ်နာမှုတွေကို တင်ပြနိုင်မှာ ဖြစ်သလို ဘယ်လို အပြစ်ပေးသင့်သလဲလည်း တောင်းဆိုနိုင်ကြမှာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ,

MH17 လေယာဉ် ပစ်ချခံရမှုနဲ့ လူ ၄ ဦးကို စွဲချက်တင်

ပိ ပလုဂ်ရဲ့ တူဆိုရင် အလောင်းက အစိတ်အပိုင်း ၈ဝ ထိ ဖြစ်သွားပါတယ်။ ဒီခန္ဓာကိုယ်အစိတ်အပိုင်းစာရင်းကို မစ္စတာ ပလုဂ်က မီးခံသေတ္တာမှာ သိမ်းထားပါတယ်။ သူ့ညီ အဲလက်စ်ရဲ့ အလောင်းကတော့ ပြန်မရခဲ့ပါဘူး။

တရားခံတွေ ရုံးမှာ ဗီဒီယိုနဲ့ လာအစစ်ခံဖို့နဲ့ သူတို့အပြစ်ရှိရင်တောင် ထောင်ကျခံဖို့ ဆိုတာတွေလည်း ပိပလုဂ်က မျှော်လင့်မထားပါဘူး။

ဒါပေမဲ့ ဒီလိုစစ်ဆေးမှသာ အမှန်တရားက ပေါ်ထွက်လာမယ်လို့ သူ့လိုပဲ ကျန်ရစ်တဲ့ ဆွေမျိုးတွေက ယူဆ ကြတာပါ။

သည်ဟိဂ်မြို့က ရုရှားသံရုံးရှေ့မှာလည်း ထိုင်ခုံအလွတ် ၂၉၈ ခုံကို လေယာဉ်ပျက်ကျမှုမှာ ကွယ်လွန်သူတွေရဲ့ ဆွေမျိုးတွေက လာချခဲ့ကြပါတယ်။ ဒီအမှုမှာ ရုရှားရဲ့ ကာဆီးကာဆီးလုပ်နေတာကို ကန့်ကွက်တဲ့အနေနဲပါ။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

သေဆုံးသူတွေအတွက် ဆွေမျိုးတွေ ဆန္ဒပြ

ဘယ်သူတွေ သက်သေပေးမလဲ

တရားသူကြီး သုံးယောက်ရှေ့ ဘယ်သူတွေ သက်သေခံထွက်ဆိုမလဲ ဆိုတာ နည်းနည်းပဲ သိရပါတယ်။

အမည်နာမလျှို့ဝှက်ထားတဲ့ သက်သေ ၁၃ ယောက် ရှိတယ်လို့ပဲ အတည်မပြုနိုင်တဲ့ နယ်သာလန် သတင်းတွေအရ သိရပါတယ်။ အစိုးရရှေ့နေတွေဆီမှာ သက်သေထွက်ဆိုပြီးသား သူတွေကိုတော့ ရုံးတော်ကို လူကိုယ်တိုင် လာစရာ မလိုဘူးလို့လည်း တရားသူကြီးတွေက ဆုံးဖြတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

MH17 လေယာဉ်ပျက်ကို စစ်ဆေးနေသူ

လိုအပ်လို့ရှိရင် နာမည်မခံဘဲ ထွက်ဆိုတာတွေကို လက်ခံဖို့လည်း တရာရုံးက စီစဉ်နေပါတယ်။ ဒီအမှု စစ်ဆေးမှုက သုံးနှစ်ကျော်လောက် ကြာနိုင်ပါတယ်။

သံသယတရားခံတွေက ဘယ်သူတွေလဲ

ဒီထဲက စွပ်စွဲခံရသူ နှစ်ယောက်ဟာ ရုရှား စစ်ထောက်လှမ်းရေးနဲ့ အဆက်အသွယ်ရှိတယ်လို့ ဆိုပါတယ်။ ဆိုင်ဘာတိုက်ခိုက်မှုတွေ၊ ဗြိတိန်နိုင်ငံ ဆော်လ်စ်ဘရီမြို့က အာရုံကြောအဆိပ်နဲ့ တိုက်ခိုက်မှုတွေမှာ ဒီထောက်လှမ်းရေးအဖွဲ့နဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။

ဒီလူလေးယောက်ကတော့

  • အီဂေါ ဂါကင် ၊ ရုရှား ထောက်လှမ်းရေးက ဗိုလ်မှူးကြီးဟောင်း၊ သူပုန်ထိန်းချုပ်ထားတဲ့ ယူကရိန်း အရှေ့ပိုင်း ဒွန်းညက်မြို့မှာ ကာကွယ်ရေး ဝန်ကြီး ရာထူး ရထားသူ ဖြစ်ပါတယ်။
  • ဆာဂေ ဒူဘင်းစကီး ၊ ရုရှား ထောက်လှမ်းရေးဟောင်း ဖြစ်ပြီး မစ္စတာ ဂါကင်ရဲ့ လက်ထောက်၊ ရုရှားနဲ့ ပုံမှန်အဆက်အသွယ် ရှိသူလို့ သိရပါတယ်။
  • အိုလက် ပူလာတော့ဗ် ၊ ရုရှား ထောက်လှမ်းရေးက စစ်သားဟောင်း ဖြစ်ပြီး ဒွန်းညက်က ထောက်လှမ်းရေးမှာ ဒုတိယအကြီးအကဲ ဖြစ်လာတယ်လို့ ဆိုပါတယ်။
  • လေယိုနိ ခါချန်းကိုး ၊ ယူကရိန်း နိုင်ငံသား ဖြစ်ပြီး စစ်ဘက်က လာသူမဟုတ်ပါ။ ဒါပေမဲ့ ယူကရိန်း အရှေ့ပိုင်းမှာ တပ်မှူးအဖြစ် ခေါင်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ပျံကို ပစ်ချဖို့အတွက် ဘတ် ဒုံးကျည်ပစ် လောင်ချာကို ပြင်ဆင်ရာမှာ သူတို့ ပူးပေါင်း ပါဝင်ခဲ့လို့ ဒီလူတွေမှာ ပူးတွဲ တာဝန်ရှိတယ် ဆိုပြီး နယ်သာလန် အစိုးရရှေ့နေတွေက ပြောပါတယ်။

သူတို့လေးယောက်လုံးကို တရားရုံးက သမ္မန်စာတွေ ပို့ထားပြီး ဖြစ်ပေမယ့် ရမရ မသိရပါဘူး။ ဒါကြောင့် ဒီလူတွေဆီ စာတွေ ရောက်မရောက် တရားရုံးက အရင် ဆုံးဖြတ်ရဖို့ ရှိနေပါတယ်။

အိုလက် ပူလာတော့ဗ်အတွက် ရှေ့နေအဖွဲ့ကတော့ တရားရုံးမှာ လာပြီး ခုခံကြဖို့ ရှိပါတယ်။ ဒါကြောင့် သူ့ကို မျက်ကွယ်မှာ စစ်တယ်လို့ ပြောလို့ ရမရ ရုံးက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အီဂေါ ဂါကင်ကတော့ တရားရုံးရဲ့ အာဏာပိုင်မှုကို အသိအမှတ် မပြုဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒီနှစ်ပိုင်းအတွင်း ရုရှားဟာ သူ့ကို စွပ်စွဲတာမှန်သမျှ ပယ်ချခဲ့ရာမှာ ဒီလေယာဉ်ပျက်ကျမှုလည်း ပါပါတယ်။

ဒီစစ်ဆေးမှု မစခင်မှာပဲ တရားခွင်ကို ရှုတ်ချတာတွေ ရုရှားဘက်က လုပ်ခဲ့ပါတယ်။

ဒီတရားခွင်မှာ နိုင်ငံရေးက ရာနှုန်းပြည့် ကြီးစိုးနေတယ်ဆိုပြီး ရုရှားနိုင်ငံခြားရေး ဌာနက ပြောဆိုပါတယ်။ ဒီအတွက် ရုရှားဘက်က တန်ချိန်စီးတဲ့ အချက်အလက်တွေကို နယ်သာလန်ဘက် ပေးခဲ့ပေမယ့် ဂရုမစိုက်ခံရဘူးလို့လည်း ပြောပါတယ်။

နောက် သံသယတရားခံတွေထဲက သုံးယောက်က ရုရှားတွေပါ။ သူတို့ကို နိုင်ငံတကာက ဖမ်းဝရမ်းတွေ မနှစ်ကတည်းက ထုတ်ထားပေမယ့် ကြောက်တဲ့ပုံ မရှိပါဘူး။ ရုရှားရဲ့ အခြေခံဥပဒေအရ သူ့နိုင်ငံသားတွေကို တခြားနိုင်ငံကို လွှဲပြောင်းပေးခွင့်လည်း မရှိပါဘူး။

စစ်ဆေးမှု နှောင့်နှေးအောင် ရုရှား လုပ်ခဲ့သလား

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ရုရှားဘက်က ဒီစစ်ဆေးမှုမှာ ပူးပေါင်းဖို့ အစောကြီးကတည်းက ကမ်းလှမ်းခဲ့ပြီး ဖြစ်တယ်လို့ ဆိုပေမယ့် ဒီလေယာဉ် ပစ်ချခံရမှုနဲ့ ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုခဲ့ပါတယ်။

ဒီအတွက် ရုရှားသိထားတဲ့ အချက်အလက်တွေကို ပေးဖို့ နယ်သာလန်ဘက်က တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ပေးတဲ့ သတင်းအချက်အလက်တွေက "မတိကျတာတွေ အများကြီး ပါတယ်"လို့ နယ်သာလန်ဘက်က ဆိုပါတယ်။

ဒီဒုံးကျည်ပစ်လွှတ်တဲ့နေရာနားက သူပုန်စခန်းတချို့ကို ထိန်းချုပ်ခဲ့တဲ့ ယူကရိန်း တယောက်ကို ဖမ်းပေးဖို့ ရုရှားကို နယ်သာလန်ဘက်က မနှစ်က တောင်းဆိုခဲ့ပါတယ်။ ဒီလို ဖမ်းပေးမယ့်အစား ရုရှားက ဒီလူကို ယူကရိန်း အရှေ့ပိုင်းကို သွားခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ပစ်ချခဲ့တဲ့ ဘတ်ဒုံးကျည်ပစ် လောင်ချာ ယူလာပေးမှုအတွက် ရုရှားမှာ တာဝန်ရှိတယ် ဆိုပြီး ၂ဝ၁၈ ခုနှစ်ကတည်းက နယ်သာလန်နဲ့ သြစတြေးလျတို့က ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

ယူကရိန်းအရှေ့ပိုင်းက သူပုန်တွေဟာ လေယာဉ်ပစ်ချခံရတဲ့အချိန်တုန်းက ရုရှားနဲ့ နီးစပ်ခဲ့ကြောင်းလည်း စုံစမ်းရေး အဖွဲ့က ဖွင့်ချခဲ့ပါတယ်။ "တခုတည်းသော နိုင်ငံတော် ဖြစ်တဲ့ ရုရှား ဖက်ဒရေးရှင်းအတွက် အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက် ပေးနေတယ်" ဆိုပြီး လေယာဉ်ကိစ္စ မဖြစ်ခင် နှစ်ပတ်အလိုမှာ ဒွန်းညက် ပြည်သူ့သမ္မတနိုင်ငံ အကြီးအကဲက ပြောခဲ့တယ် ဆိုတဲ့ မှတ်တမ်းလည်း ရထားပါတယ်။

MH17 ပျက်ကျမှုမှာ ဘယ်သူတွေ အသက်ဆုံးသလဲ

ဓာတ်ပုံ ရင်းမြစ်, Various

ဓာတ်ပုံ ပုံစာ,

လေယာဉ်ပျက်ကျမှုမှာ ကွယ်လွန်သူတချို့

  • ဒတ်ချ် ၁၉၃ ယောက်
  • မလေးရှား ၄၃ ယောက် (လေယာဉ်ဝန်ထမ်း ၁၅ ယောက် )
  • သြစတြေးလျ ၂၇ ယောက်
  • အင်ဒိုနီးရှား ၁၂ ယောက်
  • ဗြိတိသျှ ၁ဝ ယောက်
  • ဂျာမန် ၄ ယောက်၊ ဘယ်လ်ဂျီယံ ၄ ယောက်
  • ဖိလစ်ပိုင် ၃ ယောက်၊ ကနေဒါနဲ့ နယူးဇီလန်က တယောက်စီ