ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါအဆင့် ရောက်သွားနိုင်ကြောင်း သတိပေး

အစ္စရေးနိုင်ငံထဲဝင်လာသူမှန်သမျှ ၂ ပတ်ထိန်းချုပ်ခံရမယ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

အစ္စရေးနိုင်ငံထဲဝင်လာသူမှန်သမျှ ၂ ပတ်ထိန်းချုပ်ခံရမယ်

ကမ္ဘာ့ကပ်ရောဂါဖြစ်လာနိုင်ကြောင်းသတိပေး

ကော်ရိုနာဗိုင်းရပ်စ် ဟာ နိုင်ငံများစွာကိုပျံ့နှံ့နေပြီး ကမ္ဘာ့ကူးစက်ကပ်ရောဂါ အဆင့်ရောက်သွားနိုင်တဲ့ အန္တရာယ်ရှိနေပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် WHO ရဲ့ အကြီးအကဲ တန်းဒရော့စ် အက်ဒ်ဟာနွန်မ် ဂေဘရယ်ယက်ဆိုစ် ကသတိပေးလိုက်ပါတယ်။ ဒါပေမယ့် ထိန်းချုပ်လို့ ရနိုင်သေးတဲ့ အခြေအနေမှာ လောလောဆယ်ရှိနေသေးတယ်လို့လည်း သူက ဆိုပါတယ်။ ရောဂါပျံ့နှံ့မှုရပ်တန့်နိုင်ဖို့အတွက် ထိန်းချုပ်ခြင်းနဲ့ အန္တရာယ်လျှော့ချခြင်းဆိုတဲ့ နည်းဗျူဟာ နှစ်ခုကို အပြိုင် အသုံးပြုရမယ်လို့လည်း သူကဆိုပါတယ်။ ရောဂါတိုက်ဖျက်မှုကို ပြင်းပြန်းထန်ထန် အရေးယူဆောင်ရွက်တဲ့ အီတလီရဲ့ နည်းလမ်းကို အားပေးတယ်လို့လည်း သူကဆိုပါတယ်။ အခုအခါ တရုတ်နိုင်ငံမှာ ရောဂါကူးစက်ခံရသူတွေရဲ့ ၇၀ ရာနှုန်းက ပြန်လည်သက်သာကောင်းမွန်လာတဲ့ အတွက် ဒါဟာ တရုတ်အနေနဲ့ ကူးစက်မြန်ရောဂါကို စတင်ထိန်းချုပ်လာနိုင်တဲ့ လက္ခဏာကို ပြသတာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

တကမ္ဘာလုံးမှာ စတော့ရှယ်ယာစျေးတွေထိုးကျ

တကမ္ဘာလုံးစတော့ရှယ်ယာစျေးကွက်ပျက်

ကမ္ဘာတဝန်းက စတော့ရှယ်ယာစျေးကွက်မှာ စျေးထိုးကျနေပါတယ်။ အမေရိကန် စတော့ရှယ်ယာစျေးကွက်ဟာ ဖေဖော်ဝါရီလမှာ စျေးတက်နေကျဖြစ်ပေမယ့် မတက်ခဲ့တဲ့ အပြင် အခုအခါမှာ အရောင်းထိုင်းစျေးကွက်ဖြစ်လုနီးပါးအခြေအနေကို ရောက်နေပါတယ်။ နယူးယော့က် စျေးကွက်မှာ ညွှန်းကိန်းဟာ စျေးဖွင့်ဖွင့်ချင်း ၇ ရာခိုင်နှုန်းကျဆင်းပြီး ချက်ချင်း စျေးကွက်ပိတ်ခဲ့ပါတယ်။ ဘရာဇီးလ်မှာလည်း အလားတူဖြစ်ခဲ့ပါတယ်။ လန်ဒန်စျေးကွက်မှာ ၈ ရာနှုန်းထိုးကျခဲ့ပြီး ဖရန့်က်ဖာ့တ် နဲ့ ပဲရစ်စ်တို့မှာလည်း အလားတူဖြစ်ခဲ့ပါတယ်။ အခုလိုဖြစ်ရတာဟာ ကော်ရိုနာဗိုင်းရပ်စ်နဲ့ ရေနံစျေးထိုးကျတာရဲ့ ဂယက်ဖြစ်ပါတယ်။ ဆော်ဒီအာရေးဗီးယားက ရေနံတိုးထုတ်မယ်လို့ ကြေညာပြီးနောက်မှာ ရေနံစျေးဟာ ထိန်းမနိုင်သိမ်းမရပိုကျသွားခဲ့ပါတယ်။ အမေရိကန် ရေနံစိမ်းစျေးဟာ နောက်ထပ် ၂၅ ရာနှုန်းကျဆင်းသွားပြီး ရေနံတစည်ကို ၃၁ ဒေါ်လာကျော်ကျော်လေးသာရှိပါတော့တယ်။

ဥရောပပူးပေါင်းကိုင်တွယ်ဖို့ပြင်ဆင်

ကော်ရိုနာဗိုင်းရပ်စ်ကို ဥရောပနိုင်ငံတွေ ပူးပေါင်းကိုင်တွယ်ရေး အတွက် ဥရောပခေါင်းဆောင်တွေ ဒီနေ့ အင်္ဂါနေ့မှာ အရေးပေါ်တယ်လီဖုန်းအစည်းအဝေးပြုလုပ်ဖို့ ရှိပါတယ်။ ဗိုင်းရပ်စ်ကို နှိမ်နင်းရာမှာ ညီညွတ်ခြင်းသာ အင်အားဖြစ်လိမ့်မယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယယ်လ် မက်ခရွန်းကဆိုပါတယ်။ အီးယူကော်မရှင်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတယောက်ကို ပထမဆုံးတွေ့ခဲ့ပြီးနောက် အီယူပါလီမန်ကို လူတွေ့ထိုင်စည်းဝေးတဲ့အချိန်လျှော့ချခဲ့ပါတယ်။ အီတလီမြောက်ပိုင်းကို ပိတ်ဆို့ပြီးနောက်မှာ လူတွေဟာ ပထမဆုံးနေ့အဖြစ်အိမ်ကနေပဲ အလုပ်လုပ်ခဲ့ကြရပါတယ်။ ကျောင်းတွေ၊ ပြတိုက်တွေ၊ စျေးဆိုင်နဲ့ ကော်ဖီဆိုင်တွေ အများအပြားပိတ်ခဲ့ကြပါပြီ။ ထောင်တချို့မှာလည်း အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။ ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၆၃ ယောက်အဖြစ်စံချိန်တင်များပြားခဲ့ပြီးနောက်မှာ ဆေးရုံတွေရဲ့ အရေးပေါ်ကုသပြုစုဆောင်တွေဟာလည်း အခြေအနေကို ထိန်းသိမ်းနိုင်အောင် အပြင်းအထန်ကြိုးစားနေကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အစားအသောက်ဝယ်ဖို့ လူအများတန်းစီစောင့်ဆိုင်း

ဘုရားဝတ်ပြုသူတွေသီးခြားခွဲနေဖို့အကြံပြု

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ခရစ်ယာန်ဘုန်းတော်ကြီး တင်မသီ ကိုးလ်ကို ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့ပြီးနောက် သူတရားဟောပြောတဲ့ ဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုခဲ့သူတွေအနေနဲ့ မိမိကိုယ်ကိုယ် သီးခြားခွဲနေထိုင်ဖို့ ကျန်းမာရေး အရာရှိတွေက တိုက်တွန်းလိုက်ပါတယ်။ တခြားလူတွေနဲ့ လုံးဝ မထိတွေ့ပဲ အိမ်ထဲမှာ ၁၄ ရက် သီးခြားနေထိုင်ဖို့ တိုက်တွန်းထားတာပါ။ ဘုန်းတော်ကြီးနဲ့ ဆက်စပ်ခဲ့သူတွေဟာ ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်အဆင့် အလယ်အလတ်လောက်ရှိတယ်လို့လည်း သတိပေးထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း အပျော်စီးသင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ့ခဲ့ပြီးနောက် သင်္ဘောစီးခရီးသည် ၂၀၀၀ လောက်ကို သီခြားခွဲထားဖို့ ပြင်ဆင်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ဂရန်းပရင့်ဆက်သင်္ဘောပေါ်မှာ ကိုရိုနာကူးစက်သူ ၂၁ ယောက်ရှိ

အစ္စရေးကိုဝင်လာသူမှန်သမျှထိန်းချုပ်ခံရမယ်

အစ္စရေးနိုင်ငံမှာ ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တိုက်ဖျက်တဲ့ အစီအစဉ်တရပ်အနေနဲ့ နိုင်ငံတွင်းဝင်ရောက်လာသူခရီးသည်အားလုံး နှစ်ပတ်အကြာ မိမိကိုယ်ကိုယ် သီးခြားခွဲထုတ်နေထိုင်ရမယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အများပြည်သူ ကျန်းမာရေးကို ကာကွယ်ဖို့ အတွက် ဒါဟာ မဖြစ်မနေလုပ်ရမယ့် အလုပ်ဖြစ်တယ်လို့လည်း အစ္စရေး ခေါင်းဆောင် ဘင်ဂျမင် နာတန်ယာဟုက ဆိုပါတယ်။ နိုင်ငံခြားခရီးသည်တွေကို ကိုယ့်ဖာသာ နှစ်ပတ်သီးခြားခွဲနေထိုင်ဖို့ကိုတော့ အစ္စရေးက ညွှန်ကြားချက်ထုတ်ထားပြီးလည်း ဖြစ်ပါတယ်။ အခုအသစ်ညွှန်ကြားချက်ကတော့ နိုင်ငံခြားသားဖြစ်စေ နိုင်ငံသားဖြစ်စေ ပြည်ပက ဝင်ရောက်လာသူမှန်သမျှ အကြုံးဝင်မှာ ဖြစ်ပါတယ်။ အစ္စရေးမှာ ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ခုထိ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

တီဟီရန်ဟာအီရန်မှာ အဆိုးဆုံးကူးစက်ခံရတဲ့နေရာ

အီရန်မှာ အရက်အဆိပ်သင့်

အရက်သောက်ရင် ကော်ရိုနာဗိုင်းရပ်စ် ကာကွယ်တယ်ဆိုတဲ့ ကောလာဟလ ကြောင့် အီရန်နိုင်ငံမှာ အရက်သောက်သုံးသူ ၃၀ ကျော် အရက်အဆိပ်သင့်သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ မက်သနောသောက်လို့ အဆိပ်သင့်ခဲ့တာဖြစ်ပါတယ်။ သေဆုံးမှုဟာ နယ်မြေသုံးခုမှာ ဖြစ်ပွားခဲ့တာပါ။ အများဆုံးကတော့ အနောက်တောင်ပိုင်း ခူဇက်စတန်ပြည်နယ်မှာ ဖြစ်ခဲ့ပါတယ်။ ဒီလနှောင်းပိုင်းမှာ အီရန်နှစ်သစ်ကူးကာလ ဟောပြောပွဲအဖြစ် လူပေါင်းမြောက်မြားစွာကို အီရန်ခေါင်းဆောင် အယာတိုလာခါမေနီ မိန့်ခွန်းပြောကြားမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ပါတယ်။ တရားဝင်ထုတ်ပြန်ချက်အရ သေဆုံးသူ အရေအတွက်ဟာ ၄၃ ယောက်ရှိပါပြီ။ အမှန်တကယ်သေဆုံးသူအရေအတွက်ဟာ အစိုးရတရားဝင်စာရင်းထက်ပိုလိမ့်မယ်လို့ လူအများကယုံကြည်နေကြပါတယ်။