ကိုရိုနာဗိုင်းရပ်စ် - လူငယ်တွေလည်း သတိထားဖို့ WHO သတိပေး

လူငယ်တွေလည်း လွတ်မှာ မဟုတ် ဓာတ်ပုံ မူပိုင် AFP
Image caption လူငယ်တွေလည်း သတိထားဖို့ ကျန်းမာရေးအဖွဲ့ကြီးက သတိပေး

လူငယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်မဖြစ်ဘူးလို့မပြောနိုင်ကြောင်းနဲ့ လူငယ်တွေအနေနဲ့ လူစုလူဝေးထဲသွားတာ၊ အသက်ကြီးသူတွေနဲ့ ထိတွေ့တာတွေကို ရှောင်ဖို့အပြင် တခြား နာတာရှည်ရောဂါအခံရှိထားသူတွေနဲ့ ပိုပြီးမထိတွေ့သင့်ဘူးလို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက သတိပေးလိုက်ပါတယ်။

ဒီအကြံပြုချက်တွေကိုမလိုက်နာဘဲ လူငယ်တွေက ကိုယ့်ဆန္ဒအတိုင်း လုပ်ကြမယ်ဆိုရင် ကိုယ့်ကြောင့် တခြားလူတွေအတွက် အသက် သေဆုံးမှု အထိ သက်ရောက် သွားနိုင်တယ်လို့ WHO အတွင်းရေးမှူးချုပ် တက်ဒရော့စ် အက်ဒန်နွမ် ဂေဘရီယီးဆပ်စ်က ပြောပါတယ်။

မလ ၂၁ ရက် စနေညအထိ ကမ္ဘာတဝန်းမှာ ကိုဗစ် ၁၉ ကူးစက်မြန် အဆုတ်ရောင် ရောဂါကြောင့်သေဆုံးသူ တစ်သောင်းတစ်ထောင် ကျော်သွားပါပြီ။

ကူးစက်ခံထားရသူစုစုပေါင်းလည်း နှစ်သိန်းရှစ်သောင်းအထိ ရှိနေပါတယ်။

ဒီဗိုင်းရပ်စ်ဟာ အသက်ကြီးသူတွေမှာ ပိုအန္တရာယ်ရှိတာတွေ့ရတာကြောင့် လူတွေ လိုက်နာသင့်တဲ့ ကျန်းမာရေးသတိပေးချက်တွေကို နိုင်ငံအတော်များများက လူငယ်တွေက သိပ်မလိုက်နာကြဘူးဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာအပြီးမှာ အခုလို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အကြီးအကဲရဲ့ သတိပေးချက် ပေါ်ထွက် လာတာပါ။

ကိုရိုနာရောဂါဖြစ်ပွားမှုကို တရုတ်နိုင်ငံမှာ ဒီဇင်ဘာလက စတင် တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဥရောပက ရောဂါကူးစက်မှု အများဆုံး အချက်အချာနေရာ ဖြစ်နေပါပြီ။

အီတလီမှာသေဆုံးသူ ဦးရေက တခြားနိုင်ငံတွေမှာ ဒီရောဂါကြောင့် သေဆုံးသူ အရေအတွက်ထက် ကျော်သွားပါပြီ။ သေဆုံးသူ ၄၀၀၀ ကျော်သွားပါပြီ။

သောကြာနေ့ကတော့ သေဆုံးသူ ၆၂၇ ယောက် ရှိခဲ့ပါတယ်။ ဒါဟာ ရောဂါစတင်ဖြစ်ပွားပြီးနာက်ပိုင်း တစ်ရက်တည်း သေဆုံးသူ အများဆုံး စံချိန် ချိုးသွားတာပါ။

ဥရောပက အရေးယူဆောင်ရွက်မှု အသစ်များ

အခုရကပိုင်းမှာပဲ ဥရောပဒေသတွင်း နိုင်ငံတွေက အရေးယူဆောင်ရွက်မှု အသစ်တွေ လုပ်လာကြပါတယ်။

ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကော်ဖီဆိုင်၊ အရက်ဘားတွေနဲ့ စားသောက်ဆိုင်တွေ အားလုံးကို သောကြာနေ့ညက စပြီး ပိတ်ဖို့ ပြောလိုက်ပါတယ်။

အမေရိကန်ကတော့ မက္ကဆီကိုနဲ့ နယ်စပ်၊ ကနေဒါနဲ့ နယ်စပ် လမ်းတွေ အများစုကိုပိတ်လိုက်ပါတယ်။

နယူးယောက်ပြည်နယ်မှာလည်း မရှိမဖြစ်ဖွင့်ဖို့မလိုတဲ့ လုပ်ငန်းတွေကို ပိတ်ဖို့ ညွှန်ကြားလိုက်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ အလားတူ ကြေညာခဲ့ပြီး နောက်တနေ့မှာ အခုလို လုပ်ဆောင်တာပါ။

စပိန်မှာတော့ အကြောင်းပြချက်မခိုင်လုံဘဲ အပြင်ထွက်သူတွေတွေ့ရင် ကင်းလှည့်စစ်သားတွေက ဖမ်းဆီးမယ်လို့ အစိုးရက သတိပေးထားပါတယ်။

ဂျာမနီက လူဦးရေဒုတိယ အထူထပ်ဆုံး ဘာဘေးရီးယားပြည်နယ်ကတော့ ပိတ်ဆို့ကန့်သတ်မှုတွေလုပ်လိုက်တဲ့ ပထမဆုံးပြည်နယ် ဖြစ်လာပါတယ်။

ပြင်သစ်မှာလည်း သီတင်းပတ်ကုန်ရက် ခရီးထွက်သူတွေကို တားဆီးဖို့ မီးရထားဘူတာရုံတွေမှာ ကင်းလှည့်တာတွေ ပိုလုပ်မယ်လို့ ရဲတွေက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကိုရိုနာဗိုင်းရပ်စ် မကူးစက်ဖို့ အကောင်းဆုံး လက်ဆေးနည်း

WHO ဘာပြောလဲ

ဓာတ်ပုံ မူပိုင် AFP
Image caption အသွားအလာ ရှင်းနေတဲ့ ဟောင်ကောင်ဆိပ်ကမ်း

ဂျီနီဗာမြို့က WHO ရုံးချုပ်မှာ အွန်လိုင်းကတဆင့် လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ တက်ဒရော့စ်က ကိုရိုနာဗိုင်းရပ်ဟာ အသက်ကြီးသူတွေကို အဆိုးဆုံး ထိခိုက်ပေမဲ့ လူငယ်တွေလည်း ကင်းလွတ်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီဗိုင်းရပ်စ်က လူငယ်တွေကို လည်းဖြစ်နိုင်တယ်၊ သီတင်းပတ်အကြာကြီး ဆေးရုံတက်ကုသခံရတာမျိုး ဖြစ်နိုင်တယ်၊ အသက်တောင်သေဆုံးနိုင်တယ်လို့ WHO အကြီးအကဲက လူငယ်တွေကို သတိပေးပါတယ်။

ကိုယ်က နာဖျားမကျန်းဖြစ်မနေဘူး၊ နေကောင်းတယ်ဆိုပြီး အပြင်ထွက်မယ်ဆိုရင် ကိုယ့်ကြောင့် တခြားလူတွေရဲ့ အသက်ရှင်မှု ကနေ သေဆုံးမှု အထိ ပြောင်းလဲ သက်ရောက်သွားနိုင်တယ်လို့ လည်း သူက ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ရာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ကြာသတေးနေ့က ကူးစက်သူ အသစ် ထပ်မတွေ့ဘူးဆိုတာကို မစ္စတာ တက်ဒရော့စ်က ကြိုဆိုလိုက်ပါတယ်။

ဒီအခြေအနေက အဆိုးရွားဆုံး ရင်ဆိုင်နေရတဲ့ တခြားကမ္ဘာ့နိုင်ငံတွေ အတွက် အကောင်းဘက်ကို ပြန်ရောက်လာနိုင်တဲ့ မျှော်လင့်ချက်ပေးတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဘယ်သူတွေ အဆိုးဆုံး အန္တရာယ်ရှိလဲ

လေ့လာမှုတွေအရ ဒီဗိုင်းရပ်စ်က အသက်အရွယ်မရွေး ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူတွေ၊ ရင်ကျပ်၊ သွေးတိုးနဲ့ ဆီးချိုရောဂါတို့လို နာတာရှည်ရောဂါနဲ့ ကိုယ်ခံအား နည်းပါးတဲ့ တခြားရောဂါအခံ ရှိသူတွေမှာတော့ အန္တရာယ် ပိုကြီးပါတယ်။

အီတလီမှာ ကိုဗစ် ၁၉ ကြောင့် သေဆုံးခဲ့တဲ့ ပျမ်းမျှ အသက်က ၇၈ နှစ်ခွဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အသက် ၅၀ အောက် လူနာသေဆုံးမှုက ၁ ရာခိုင်နှုန်းထက် နည်းတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။

ဒါပေမဲ့ အသက် ၈၀ ကျော် အရွယ်တွေသေဆုံမှုက ၁၅ ရာခိုင်နှုန်း နီးပါး ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Oli Shier
Image caption သတိထားဖို့ လိုပေမယ့် ဆက်သွယ်ဆက်ဆံမှုတွေလည်း ဆက်ရှိဖို့ ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်း

အခုတော့ ရောဂါမကူးစက် မပျံ့ပွားအောင် လူစုလူဝေးရှောင်ဖို့ social distancing လုပ်မယ့်အစား လူအချင်းချင်း တိုက်ရိုက် ထိတွေ့မှု မလုပ်ဖို့ WHO က အကြံပေး နေတယ်လို့ ရိုက်တာ သတင်းက ဆိုပါတယ်။

WHO ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ်ရေးဆိုင်ရာ ပညာရှင် ဒေါက်တာ မာရီယာကာ့ခ်ဟော့ဗ် က လူတွေကို အချင်းချင်း ဆက်လက် ဆက်သွယ်နေကြ စေချင်တယ်လို့ ပြောပါတယ်။

ဒီကပ်ရောဂါကို ရင်ဆိုင် ကျော်လွှားနိုင်ရေးမှာ ခန္ဓာကိုယ် ကျန်းမာရေးလိုပဲ စိတ်ကျန်းမာရေး ကလည်း အရေးကြီးတဲ့ အတွက် အချင်းချင်း အဆက်အသွယ်မပြတ်အောင် လူမှုကွန်ရက် ပလက်ဖောင်း အမျိုးမျိုး နဲ့ အင်တာနက်သုံးပြီး နည်းလမ်းရှာ ဆက်သွယ်နေကြဖို့ သူက တိုက်တွန်း ပါတယ်။

ဆက်စပ် အကြောင်းအရာများ