ကမ္ဘာပတ်နေတဲ့ ဗိုင်းရပ်၊ မြန်မာနားဝိုင်းနေတဲ့ ဗိုင်းရပ်

ဓာတ်ပုံ မူပိုင် MICHAEL KAPPELER
Image caption အနည်းဆုံး လေးပေခွဲကနေ ခြောက်ပေခြားပြီး နေကြဖို့ပြော

ဂျာမနီမှာ ကိုရိုနာ ဗိုင်းရပ်ကို အမြစ်ဖြုတ်ဖို့အတွက် လူတွေကို အလုပ် ပြင်ပမှာ နှစ်ယောက်ထက် ပိုမစုဖို့ အမိန့်ထုတ်ထားပါတယ်။ နေအိမ်တွေမှာလည်း မိမိအိမ်သား မဟုတ်သူတွေနဲ့ စုဝေး ဝိုင်းဖွဲ့တာတွေ မလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။

ရောဂါကို နှိမ်နင်းဖို့အတွက် အနည်းဆုံး နှစ်ပတ်ကြာ တားမြစ်ထားမယ် ဆိုပြီး ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲက ပြောပါတယ်။ သူကိုယ်တိုင်လည်း ဗိုင်းရပ်ပိုး ကူးစက်ခံရတဲ့ ဆရာဝန် တယောက်နဲ့ ထိတွေ့ခဲ့ပြီးနောက် သီးသန့် ခွဲနေထိုင်နေပြီ ဖြစ်ပါတယ်။

အိမ်ပြင်ထွက် အစားအသောက်နဲ့ ဆေးဝါးဝယ်တာ၊ အလုပ်သွားတာနဲ့ တယောက်တည်း လေ့ကျင့်ခန်း လုပ်တာတွေကိုတော့ ခွင့်ပြုထားဆဲ ဖြစ်ပါတယ်။ ဂျာမနီမှာ ဗိုင်းရပ်ကြောင့် သေဆုံးမှုနည်းသေးပေမယ့် လူနာအရေအတွက်ကတော့ ထိုးတက်လာခဲ့ပါတယ်။

ကူးနှုန်းနဲ့ သေနှုန်းကျတဲ့ အီတလီ

ဓာတ်ပုံ မူပိုင် Marco Di Lauro
Image caption လမ်းပေါ်မှာ လဲကျနေသူကို ဆေးရုံပို့

အီတလီမှာ ကပ်ဘေးကြီးကျကတည်းက ပထမဆုံးအကြိမ် ရောဂါကူးစက်မှု အနည်းငယ် ကျဆင်းခဲ့ပြီး ကိုးရာခိုင်နှုန်းပဲ တက်ခဲ့ပါတယ်။

နောက် ဒီတရက်အတွင်း သေသူက ၆၅၁ ယောက် ရှိသွားပြီး စနေနေ့ကထက် ပိုနည်းတာကို တွေ့ရပါတယ်။

ရောဂါကူးစက်နှုန်း ဆက်ပြီး တန့်နေမလား ဒီတပတ် အရေးတကြီး စောင့်ကြည့်ရမယ်လို့လည်း ရောမက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပြင်သစ်မှာတော့ ကျန်းမာရေး ဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာပြီး ရောဂါတိုက်ဖျက်ရေးအတွက် အစိုးရကို အာဏာပိုပေးထားပါတယ်။ ဂရိမှာလည်း အပြင်ကို အကြောင်းမရှိဘဲ မထွက်ဖို့ တားမြစ်လိုက်ပါတယ်။

စပိန်မှာတော့ ဗိုင်းရပ်ကြောင့် သေသူ ၃၉၄ ယောက် ရှိပြီး အများဆုံးနေ့ ဖြစ်ခဲ့ပါတယ်။

ဆေးရုံ ပစ္စည်းတွေ ပြတ်တော့မယ့် နယူးယော့

ဓာတ်ပုံ မူပိုင် KENA BETANCUR
Image caption ဆေးဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ကြေညာတဲ့ နယူးယော့

ပြည်သူ့ကျန်းမာရေး အကျပ်အတည်းမှာ ဗဟိုအစိုးရက ပိုပြီး ထိရောက်တဲ့နည်းနဲ့ မကူနိုင်ရင် နယူးယော့မြို့မှာ မကြာခင် ဆေးရုံသုံး ပစ္စည်း ပြတ်တောက်မှု ဆိုးဆိုးရွားရွားနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မြို့တော်ဝန် ဘီလ် ဒီဘလာဇီယိုက ပြောပါတယ်။

နယူးယော့မြို့မှာ လူ ရှစ်ထောင် ဗိုင်းရပ်ပိုး ကူးစက်ခံနေရတာ ဖြစ်ပါတယ်။

ခွဲစိတ်ခန်းသုံး မျက်နှာဖုံးနဲ့ အသက်ရှူစက်တွေအပြင် တခြား အရေးကြီးတဲ့ ဆေးပစ္စည်းတွေ ၁ဝ ရက်အတွင်း အကြီးအကျယ် ပြတ်တောက်သွားနိုင်တယ်လို့လည်း မစ္စတာ ဘီလ် ဒီဘလာဇီယိုက ဆိုပါတယ်။

နောက် ထရမ့်အစိုးရ အနေနဲ့ စစ်တပ်ကို တပ်လှန့်ထားသင့်နေပြီ လို့လည်း သူက ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု တဝန်းမှာတော့ ဒီတရက်အတွင်း ကိုဗစ် ၁၉ ဗိုင်းရပ်ကြောင့် သေသူ တရာကျော်သွားပြီး စုစုပေါင်း သေသူ ၃၈၉ ယောက် ရှိသွားခဲ့ပါတယ်။

ဒေလီနဲ့ ပြည်နယ်အများအပြား လကုန်ထိ ပိတ်ထားမယ်

ဓာတ်ပုံ မူပိုင် STR
Image caption အိုးခွက်တွေ တီးခတ်ပြီး ဆေးဝန်ထမ်းတွေကို ဂုဏ်ပြု

ဗိုင်းရပ်တိုက်ဖျက်ရေးအတွက် အိန္ဒိယနိုင်ငံ ဒေလီမြို့တော်နဲ့ တခြား ပြည်နယ်တော်တော်များများကို ဒီလကုန်ထိ အပြင်ထွက်ခွင့် ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဒီကာလအတွင်း မရှိမဖြစ် လိုအပ်တဲ့ လုပ်ငန်းတွေကို ဆက်ပြီး လည်ပတ်ခွင့်ပြုမယ်လို့လည်း ဒေလီနယ်မြေ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီမတိုင်ခင်ကလည်း အိန္ဒိယမှာ နိုင်ငံတဝှမ်း ကိုယ့်အသိစိတ်နဲ့ကိုယ် နေထွက်ကနေဝင်အထိ အပြင်မထွက်ဘဲ နေနေကြတာပါ။

မရူတီ၊ မဟင်ဒရာနဲ့ ဟွန်ဒါစတဲ့ အိန္ဒိယက အဓိက ကားလုပ်ငန်းကြီးတွေလည်း ရပ်ဆိုင်းထားမှာ ဖြစ်ပြီး အစိုးရ သတ်မှတ်တဲ့အချိန်မှ လုပ်ငန်းပြန်စမယ်လို့ ဆိုပါတယ်။

ဘန်ကောက်က မထွက်ဖို့ သတိပေး

ဓာတ်ပုံ မူပိုင် NARONG SANGNAK
Image caption ဘန်ကောက်က ဗိုင်းရပ်ပိုးစစ်တဲ့နေရာ

ထိုင်းနိုင်ငံမှာ မနေ့ကထိ ဗိုင်းရပ်ပိုး ကူးစက်ခံရသူ ခြောက်ရာလောက် ရှိလာခဲ့ပြီး ဘန်ကောက်မြို့တော်မှာ အများဆုံးဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းအရ သိရပါတယ်။ ဗိုင်းရပ် တနိုင်ငံလုံးကို ပြန့်သွားမှာ စိုးလို့ ဘန်ကောက်ကလူတွေကို မြို့ပြင် မထွက်ကြဖို့လည်း ထိုင်းအစိုးရက သတိပေးနေပါတယ်။

မြောက်ပိုင်းက ချင်းရိုင်ဘက်မှာတော့ နယ်စပ်ဂိတ်တွေ မပိတ်ခင် မြန်မာပြည်ဘက်ကို ထောင်နဲ့ချီတဲ့သူတွေ ပြန်နေကြတယ်လို့လည်း သိရပါတယ်။

ဘန်ကောက်မှာ လူသူစုဝေးတဲ့ နေရာတွေကို ပိတ်ထားပြီး ကုန်တိုက်တွေမှာလည်း ရိက္ခာတွေ အလုအယက် ဝယ်နေကြပါတယ်။

ဘန်ကောက်အဲဝေးနဲ့ ထိုင်းအဲအေးရှားရဲ့ ပြည်ပ ခရီးစဉ်တွေ အားလုံး ဖျက်သိမ်းထားပြီး ထိုင်းလိုင်းယွန်းအဲ လေယာဉ်တွေအားလုံးကိုလည်း မပျံသန်းဘဲ ရပ်ဆိုင်းထားပါတယ်။ ပတ္တယားနဲ့ ဖူးခက်က ကမ်းခြေတွေကိုတော့ မပိတ်သေးဘူးလို့ သိရပါတယ်။

ဗီယက်နမ်မှာတော့ နိုင်ငံခြားသားတွေ အားလုံးကို ပြည်ဝင်ခွင့် ပိတ်လိုက်ပြီး ကူးစက်ခံရသူ ၁၁၃ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

နောက် ဗိုင်းရပ်ပိုးကူးစက်မှာ စိုးလို့ ဗီယက်နမ်မှာ ဧပြီလဆန်းမှာ ကျင်းပဖို့ ရှိတဲ့ အာဆီယံ နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးကို ဇွန်လကုန်ထိ ရွှေ့ဆိုင်းလိုက်တယ်လို့လည်း ရိုက်တာ သတင်းအရ သိရပါတယ်။

ငလျင်ကြောက်ပေမယ့် ဗိုင်းရပ်ကြောင့် အိမ်ပြန်နေရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဇာဂရက်က ငလျင်အပျက်အစီး

ခရိုအေးရှား နိုင်ငံ ဇာဂရက် မြို့တော်မှာ မနေ့မနက်က ငလျင်နှစ်ခု ဆက်တိုက်လှုပ်သွားလို့ လူတထောင်ကျော်အတွက် ယာယီအမိုးအကာတွေ ပေးဖို့ စီစဉ်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နှစ်ပေါင်း ၁၄ဝ အတွင်း နိုင်ငံမှာ အပြင်းထန်ဆုံး ငလျင်လို့လည်း ခရိုအေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

ကိုရိုနာ ဗိုင်းရပ်ကူးမှာစိုးလို့ လူတွေကို အိမ်ပြန်ကြဖို့လည်း ဇာဂရက် မြို့တော်ဝန်က တောင်းဆိုခဲ့ပါတယ်။

မြို့တော်ရဲ့ အဆောက်အအုံ ၈ဝ ရာခိုင်နှုန်းက ငလျင်ဒဏ်ခံနိုင်အောင် ဆောက်ထားတာ လို့လည်း သူက ဆိုပါတယ်။