ကင်းဘရစ် အကျဉ်းထောင်က ၈၄နှစ်အရွယ် အမျိုးသား ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်

ကိုရိုနာဗိုင်းရပ်စ်
Image caption Falfield အရပ်မှာ ရှိတဲ့ Eastwood Park

ကင်းဘရစ် မြို့မှာ ရှိတဲ့ Littlehey အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျ အမျိုးသား တယောက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွနေ့က ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။

အသက် ၈၄နှစ် အရွယ် အဲဒီအမျိုးသားဟာ ယူကေမှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရပြီးနောက် အကျဉ်းထောင်ထဲ ပထမဆုံး သေဆုံးသူ ဖြစ်လာပါတယ်။

သူ့ဟာ ကျန်းမာရေး မကောင်းတဲ့ အခံ ရှိသူ တယောက် ဖြစ်တယ်လို့ အကျဉ်းထောင်များ စီမံခန့်ခွဲရေး ဌာနက ထုတ်ပြန် ထားပါတယ်။

ဒီလို အချိန်မျိုးမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကွယ်လွန်သွားတဲ့ အတွက် သူ့မိသားစုနဲ့ အတူ စိတ်မကောင်း ဖြစ်မိပါတယ်လို့ အကျဉ်းဦး စီးဌာန ပြောခွင့်ရသူက ဆိုပါတယ်။

အခုလို အကျဉ်းသား သေဆုံးသွားတာနဲ့ ပတ်သက်လို့ လုပ်ရိုးလုပ်စဉ် အတိုင်း သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အဲဒီ ပြောခွင့်ရ ပုဂ္ဂိုလ်က ရှင်းပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ယူကေ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေ ထားသင့်တာထက် ပိုများတာက ပြဿနာ တခု ဖြစ်လာနေ

မတ်လ ၂၅ရက်နေ့က ယူကေမှာ ရှိတဲ့ အကျဉ်းထောင်တွေထဲက ၁၀ ခုမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရမှု ရှိမရှိ စစ်ဆေးကြည့်တဲ့အခါ အကျဉ်းသား ၁၉ ယောက်နဲ့ နောက်ထပ် အကျဉ်းထောင် လေးခုမှာ ထပ်စစ်ကြည့်တဲ့ အခါ အကျဉ်းထောင် ၀န်ထမ်း ၄ ယောက်တို့မှာ Covid-19 ရှိနေပြီ ဖြစ်ကြောင့် တွေ့ရပါတယ်။

ဒါ့အပြင် ထောင်သားများ ဆိုင်ရာ လုံခြုံရေး ဌာနစိတ်နဲ့ အကျဉ်းဦး စီးဌာန ထိန်းသိမ်းစောင့်ရှောက် ဆိုင်ရာ ဌာနခွဲတို့က ၀န်ထမ်း ၃ ယောက်မှာလည်း Covid-19 တွေ့ရှိခဲ့ပါတယ်။

ယူကေ က အကျဉ်းထောင်တွေမှာ ခိုင်မာတဲ့ အရံအတား အစီအမံတွေ ချမှတ်ထားပြီး လူထု ကျန်းမာရေး ဆိုင်ရာ ဌာန ၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဌာန စတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး အကြံပေးမှု ရယူလျက် ရှိတယ်လို့ အကျဉ်းဦး စီးဌာန က ပြောပါတယ်။

Covid-19 သံသယ ရှိသူ ဒါမှမဟုတ် တခြား ကူးစက်ရောဂါ တခုခု ရှိသူတွေ့တာနဲ့ လိုအင်ရင် သီးသန့်စီ ခွဲခြားနေခိုင်းတာ အပါအဝင် ချက်ချင်း အရေးယူ ဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ ကောင်းကောင်း အကျဉ်းထောင်တွေမှာ ပြင်ဆင်ထားပါတယ်လို့ အကျဉ်းဦး စီးဌာန က ထုတ်ပြန် ပြောဆိုပါတယ်။