ကိုရိုနာဗိုင်းရပ်စ် - အိန္ဒိယမှာ လော့ဒေါင်း ပြန်ဖြေလျှော့ဖို့ ဘာကြောင့် ခက်တာလဲ

  • ဆိုတစ် ဘီဆဝါ
  • အိန္ဒိယ သတင်းထောက်
အိန္ဒိယမှာ လော့ဒေါင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရှိန်နှေးသွားအောင် အိန္ဒိယမှာ ၂၁ ရက် အသွားအလာပိတ် လော့ဒေါင်းလုပ်ထားတာ ရှေ့တစ်ပတ်မှာ ပြီးဆုံးမှာဖြစ်ပေမဲ့ ဒါကို ဆက်ပိတ်ထားနိုင်ခြေရှိပါတယ်။

အမေရိကန် ဒေါ်လာ သုံးလီလျံနီးပါးနဲ့လည်ပတ်နေတဲ့ အိန္ဒိယ စီးပွားရေးစျေးကွက်ကြီး မတ်လ ၂၄ ရက်မှာ ရပ်တန့်သွားပါတယ်။

သန်းထောင်ချီနေတဲ့ နိုင်ငံသားတွေကို အိမ်မှာပဲနေဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ထားလိုက်ဖို့ အစိုးရက အမိန့်ထုတ်လိုက်တဲ့ အတွက် ဒီလို ရပ်တန့်သွားတာပါ။ ကား၊ရထားနဲ့ လေယာဥ်ခရီးတွေလည်း ရပ်ဆိုင်းသွားပါတယ်။

နိုင်ငံထဲမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတွေ့ပြီး နှစ်လကျော်အကြာမှာ လူငါးထောင်ကျော်မှာ ကူးစက်ခံထားရပြီး သေဆုံးသူ ၁၅၀ လောက်ရှိနေပါပြီ။

ဗိုင်းရပ်စ်ဟာ လူနေထူထပ်သိပ်သည်းတဲ့ အသိုင်းအဝိုင်းထဲမှာ ကူးစက်ပျံ့နှံ့မှု စတင်နေပြီ ဖြစ်ပြီး အစုလိုက်ကူးစက်မှုအသစ်တွေလည်း နေ့တိုင်းတွေ့လာနေပါပြီ။

ဒါကြောင့် လော့ဒေါင်းလုပ်ထားတာကို ဖွင့်ပေးလိုက်တာက ကူးစက်မှု လှိုင်းသစ်တစ်ခု လွယ်လွယ်ဖြစ်သွားအောင် စပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။

တင်းကြပ်တဲ့ ပိတ်ပင်မှုတွေက ဗိုင်းရပ်စ်ကူးစက်တာကို အတိုင်းအတာတစ်ခုအထိတော့ နှေးသွားအောင် လုပ်နိုင်ပါတယ်။

ရောဂါပိုးမွှားဗေဒပညာရှင်တစ်ယောက်ကတော့ အိန္ဒိယရဲ့ အခုကူးစက်မှု အခြေအနေဟာ အစပိုင်းလောက်ပဲ ရှိနေသေးတယ်လို့ ယူဆထားပါတယ်။ ရောဂါကူးစက်ပြန့်ပွားမှုနဲ့ သက်ဆိုင်တဲ့ လူဘယ်လောက်ကူးသွားနိုင်တယ်၊ အစုလိုက်ခုခံနိုင်စွမ်း ဘယ်လိုရှိမလဲဆိုတဲ့ အချက်အလက်တွေလည်း အများကြီး မရှိသေးပါဘူး။

အိန္ဒိယရဲ့ ခရိုင် ၇၀၀ ကျော်လောက်မှာ ၂၅၀ ကျော်မှာ ရောဂါကူးစက်မှုတွေ ရှိနေပါပြီ။ ကူးစက်မှု သုံးပုံတစ်ပုံက ပြည်နယ် ခုနစ်ခုလောက်မှာ ရှိနေပြီး လော့ဒေါင်းလုပ်ထားတာကို ရက်ထပ်တိုးချင်နေပါတယ်။ ပြည်နယ်ခြောက်ခုမှာတော့ အစုလိုက်ကူးစက်မှု လျင်လျင်မြန်မြန်တိုးနေတာတွေ တွေ့ရပါတယ်။

စီးပွားရေးကိုရိုက်ခတ်မှု

လော့ဒေါင်းလုပ်တာက စီးပွားရေးကို စပြီးထိခိုက်နေပါပြီ။ ကူးစက်မှု စခဲ့တဲ့ နေရာတော်တော်များများက နိုင်ငံစီးပွားရေးကို အဓိကမောင်းနှင်နေတဲ့နေရာတွေ ဖြစ်ပါတယ်။ စီးပွားရေး မြို့တော် မွမ်ဘိုင်းဆိုရင် တစ်နိုင်ငံလုံး အခွန်ဝင်ငွေအားလုံးရဲ့ သုံးပုံတစ်ပုံကျော် ရနေတဲ့နေရာပါ။

လူဦးရေ ထူထပ်သိပ်သည်းတဲ့ အဲဒီမြို့မှာ ကူးစက်မှု ၅၀၀ ကျော်ရှိနဲ့ သေဆုံးသူ ၄၅ ယောက်ရှိပြီး ဒီစာရင်းတွေက တိုးလာနေပါတယ်။

ကူးစက်မှုဟာ ဒေသထဲမှာ ပျံ့နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါကြောင့် မွမ်ဘိုင်းမှာ နှာခေါင်းစည်း မတပ်မနေရ သတ်မှတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အသွားအလာပိတ်ပင်ထားချိန် ဗိုင်းရပ်စ်စစ်

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ပြီးတော့ အစုလိုက်ကူးစက်မှုတွေတွေ့တဲ့ နေရာ အများအပြားက ကုန်ထုတ်လုပ်မှု အဓိကနေရာတွေလည်းပါပါတယ်။ ဒီလိုကူးစက်မှုတွေကြောင့် အဲဒီနေရာတွေကို အချိန်ကြာကြာပိတ်ထားရမယ့် အခြေအနေရောက်စေပါတယ်။

ဒါ့အပြင် နိုင်ငံဝင်ငွေ တစ်ဝက်နီးပါးရှာပေးနေတဲ့ စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းကြီးလည်း အချိန်တစ်ခုထိ ဆက်ပိတ်ထားရဖွယ် ရှိနေပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေနဲ့ လည်ပတ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ဆက်ရပ်ထားပါလိမ့်မယ်။

ဒါကြောင့် လော့ဒေါင်းလုပ်ပြီးနောက် နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းကလည်း ၂၀ ရာခိုင်နှုန်းကျော် တိုးလာပါတယ်။

ဒီအခြေအနေကြားထဲမှာပဲ အစိုးရက အခုလက်ရှိအချိန်မှာတော့ လူသန်းပေါင်းများစွာ ရှင်သန်ရေးနဲ့ နိုင်ငံရဲ့ အနာဂတ် စားနပ်ရိက္ခာလိုအပ်ချက်အတွက် လယ်ယာကဏ္ဍကို အဓိက ဦးစားပေးလုပ်လိမ့်မယ်လို့ စီးပွားရေး ပညာရှင်တွေက ပြောပါတယ်။

အိန္ဒိယရဲ့ လုပ်သားအင်အားစု တစ်ဝက်လောက်ကလည်း လယ်ယာလုပ်ငန်းခွင်မှာ ရှိတာပါ။ ရာသီအလိုက် စိုက်ပျိုး၊ရိတ်သိမ်း၊ ရောင်းချတာတွေ ဆက်လုပ်ဖို့ကလည်း စိန်ခေါ်ချက်ဖြစ်လာပါတယ်။ ဒီလိုလုပ်ငန်းစဥ် လည်ပတ်နေတုန်း လူချင်းခပ်ခွာခွာနေခိုင်းဖို့နဲ့ လက်ဆေးဖို့ လုပ်ခိုင်းတာတွေလည်း အစိုးရက ခပ်မြန်မြန်လုပ်ရပါလိမ့်မယ်။

ဒါ့အပြင် အခု အရင်ဆုံးလုပ်ရမယ့် စိန်ခေါ်ချက်က ကျေးလက်ဒေသတွေကို မထိခိုက်အောင် သေချာလုပ်ဖို့ပါလို့ စီးပွားရေး ပညာရှင် ရာသင် ရေးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

မတ်လ ၂၄ ရက်က စပိတ်ထား

လက်တွေ့မှာ အားလုံးကို ပိတ်ထားဖို့ဆိုတာ မေလ အစပိုင်းကို ကျော်ပြီး မဖြစ်နိုင်ဘူး၊ တခြားရွေးစရာမရှိလို့ အဲဒီနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ပြန်ဖွင့်ရမှာပဲလို့ သူက ပြောပါတယ်။

ဒါပေမဲ့ အစိုးရ ရောဂါပိုးကူးစက်မှု တိုက်ဖျက်ရေး အကြံပေးအဖွဲ့ခေါင်းဆောင်ကတော့ ကူးစက်မှု မရှိတဲ့နေရာတွေမှာပဲ လော့ဒေါင်းလုပ်တာ ဖြေလျှော့နိုင်လိမ့်မယ်လို့ ပြောပါတယ်။

ပိတ်ပင်မှုတွေ ဖြေလျှော့ဖို့ဆိုရင် အိန္ဒိယဟာ တခြားကူးစက်ခံနိုင်ငံတွေလိုပဲ အလှည့်ကျ ထိန်းချုပ်လိုက်၊ဖြေလျှော့လိုက် လုပ်တဲ့ စနစ်လုပ်ဖို့ ကြိုပြင်ထားရမှာ ဖြစ်ပါတယ်။

ဒီလို လုပ်နေချိန်မှာ ကန့်သတ်ချက်တွေ ထုတ်လိုက်၊ ဖြေလျှော့ပေးလိုက်၊ ပြန်ကန့်သတ်လိုက်၊ ပြန်ဖြေလျှော့လိုက် လုပ်ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ပြီး ကူးစက်မှုကို ထိန်းချုပ်ရမှာ ဖြစ်ပေမဲ့ ဒီ့အတွက် စီးပွားရေး၊လူမှုရေး ပေးဆပ်လိုက်ရမှာလည်း ရှိပါမယ်။

အခုချိန်မှာ သေချာတာကတော့ ကူးစက်မှု သိသိသာသာ ကျဆင်းသွားတဲ့အထိ ဆက်ပြီး ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ရမှာ ဖြစ်ပြီး ကူးစက်မှုကို ကိုင်တွယ် ထိန်းချုပ်ဖို့ကတော့ ရောဂါစစ်ဆေးတာနဲ့ ကျန်းမာရေး အခြေခံလိုအပ်ချက်တွေကို ဖြည့်တင်းရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

မွမ်ဘိုင်း

မူဝါဒ ချရတယ်ဆိုတာ တော်တော်ခက်ခဲပါတယ်။ အိန္ဒိယဟာ မြို့ပေါ်ကနေ ရွာတွေဆီ ပြန်လာကြမယ့် သန်းချီတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကိစ္စကို မမျှော်လင့်ခဲ့ဘဲ လောင့်ဒေါင်းလုပ်ခဲ့တာပါ။ လာမယ့် သီတင်းပတ်တွေမှာ အဲဒီလိုပြန်လာသူတွေကနေ ရွာတွေမှာ ကူးစက်မှုတွေ ရှိမရှိဆိုတာ အဖြေပေါ်လာတော့မှာပါ။ ဒါကြောင့် လော့ဒေါင်းကို ပြန်ဖြေလျှော့တဲ့အခါမှာ ဒီလို အမှားမျိုး ထပ်မလုပ်သင့်တော့ပါဘူး။