ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ပုံတွေ နှိုင်းယှဉ်ဖို့ ဘာကြောင့် ခက်တာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူတိုင်းလိုလိုပဲ ကိုယ့်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တုံ့ပြန်မှု အခြေအနေတွေက သူများနိုင်ငံတွေနဲ့ ယှဥ်ရင် ဘယ်လို အခြေအနေ ရှိသလဲ ဆိုတာ သိချင်နေကြမှာပါ။
ဒါပေမဲ့ အဲလို နှိုင်းယှဥ်မယ်ဆိုရင် တူညီတဲ့ အချက်ချင်းပဲ နှိုင်းယှဥ်ဖို့ လိုပါတယ်။
ဥပမာ အားဖြင့် အမေရိကန်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ဧပြီ ၂၀ အထိ လေးသောင်းကျော်ရှိပါပြီ။ ဒါဟာ ဘယ်နိုင်ငံထက်မဆို များနေပါတယ်။
ဒါပေမဲ့ အမေရိကန်မှာက လူ သန်း ၃၃၀ တောင်ရှိပါတယ်။
အနောက် ဥရောပက နိုင်ငံကြီးငါးနိုင်ငံ ဖြစ်တဲ့ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနဲ့ စပိန်တို့က လူဦးရေ ပေါင်းကြည့်ရင် သန်း ၃၂၀ လောက် ရှိပါတယ်။
ဒီနိုင်ငံတွေက အတည်ပြု သေဆုံးသူက ဧပြီ ၂၀ အထိဆိုရင် ရှစ်သောင်းငါးထောင် ကျော်သွားပါပြီ။
ဒါကြောင့် အချက်အလက် တစ်ခုချင်းစီကြည့်ရင် အဖြစ်အပျက်တစ်ခုလုံး ပုံမပေါ်နိုင်ပါဘူး။
အသုံးဝင်တဲ့ နှိုင်းယှဥ်မှုမျိုး ဖြစ်ဖို့ဆိုရင် ကျယ်ပြန့်တဲ့ အချက်နှစ်ချက်ကို ထည့်စဥ်းစားဖို့ အက်ဒင်ဘရာ တက္ကသိုလ် အချက်အလက် သိပ္ပံဌာနက ပါမောက္ခ ရိုလန် ကောင်းက ပြောပါတယ်။
ရှိပြီးတဲ့ အချက်အလက်တွေက နှိုင်းယှဥ်လို့ ရတာတွေလား။ ပြီးတော့ အဲဒီအချက်အလက်တွေက ကူးစက်မှု ပတ်ဝန်းကျင် အခြေအနေချင်း မတူညီတာမျိုးမှာ နှိုင်းယှဥ်ဖို့ ဖြစ်နိုင်သလား ဆိုတာတွေပါ။
သေဆုံးသူ ရေတွက်ပုံ
ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စာရင်းကို ရေတွက်ပုံက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။
ပြင်သစ်မှာဆိုရင် နေ့တိုင်းထုတ်တဲ့ သေဆုံးစာရင်းမှာ သက်ကြီးစောင့်ရှောက်ရေး ဂေဟာက သေဆုံးသူတွေပါ ပါပါတယ်။ ဒါပေမဲ့ ယူကေက စာရင်းမှာတော့ ဆေးရုံတွေမှာ သေဆုံးသူ စာရင်းပဲ ပါပါတယ်။
နောက်ပြီး သေဆုံးနှုန်းနဲ့ ဘယ်လို အကြောင်းကြောင့် သေဆုံးတယ်ဆိုတာကို ဘယ်လို စာရင်းပြုစုကြမယ်ဆိုတဲ့ နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်း တစ်ခုလည်း မရှိပါဘူး။
အချက်အလက်တွေထဲကို ပိုးစစ်ဖူးသူတွေကိုပဲ ထည့်မှာလား၊ ဒါမှမဟုတ် သံသယရှိသူတွေကိုပါ ထည့်မလား၊ သေဆုံးရတဲ့ အဓိက အကြောင်းအရင်းက ဗိုင်းရပ်စ် ကြောင့် ဖြစ်တာတွေကိုပဲ ထည့်မလား၊ ဒါမှမဟုတ် သေဆုံးစာရင်းမှာ ဗိုင်းရပ်စ်နဲ့ ဆိုင်တာ တစ်ခုခု ထည့်ဖော်ပြတာနဲ့ ထည့်မှာလား။
သေဆုံးနှုန်း
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
သေဆုံးနှုန်းအကြောင်း အများကြီး အာရုံစိုက်ကြပါတယ်။ ဒါပေမဲ့ သေဆုံးနှုန်း တွက်ချက်ပုံကတော့ မျိုးစုံ ဖြစ်နေပါတယ်။
တစ်နည်းက ကူးစက်ခံရသူနဲ့ သေဆုံးသူ အချိုးပါ။ စစ်သမျှထဲက ပိုးတွေ့သူအားလုံးနဲ့ အဲဒီထဲက ဘယ်လောက်သေသလဲကို အချိုးချကြည့်တာပါ။
ဒါပေမဲ့ နိုင်ငံတွေမှာ ပိုးစစ်တဲ့ပုံစံတွေက မတူပါဘူး။
ယူကေမှာဆိုရင် ဆေးရုံတက်ရလောက်အောင် နေမကောင်းတဲ့သူတွေကိုပဲ အဓိကထား စစ်ပါတယ်။ ဒါက လူအများကြီး စစ်တဲ့ နိုင်ငံတွေနဲ့ သွားယှဥ်လိုက်ရင် သေဆုံးနှုန်းက အများကြီး ပိုများသွားမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက သေဆုံးသူ အရေအတွက်နဲ့ နိုင်ငံလူဦးရေကို နှိုင်းယှဥ်တာပါ။ ဥပမာ လူတစ်သန်းမှာ သေဆုံးသူ ဘယ်လောက်ဆိုတာမျိုးနဲ့ တွက်တဲ့ပုံစံပါ။
ဒါပေမဲ့ နိုင်ငံမှာ ကူးစက်မှုက ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာနဲ့ တစ်စိတ်တစ်ပိုင်း ဆိုင်ပါတယ်။ ဥပမာ နိုင်ငံတစ်နိုင်ရဲ့ ပထမဆုံး ကူးစက်မှုက တစ်ကမ္ဘာလုံးကူးစက်မှုရဲ့ အစပိုင်းမှာ ဖြစ်ရင် သေဆုံးသူနှုန်းက နောက်ပိုင်းမှာ တိုးလာနိုင်ပါသေးတယ်။
ယူကေ အစိုးရကတော့ နိုင်ငံတွေကို နှိုင်းယှဥ်တဲ့အခါ အဲဒီနိုင်ငံရဲ့ သေဆုံးသူ နံပါတ် ၅၀ ရောက်မှ စပြီး အဲဒီနိုင်ငံ ဘယ်လို လုပ်ခဲ့သလဲဆိုတာကို နှိုင်းယှဥ်ပါတယ်။ အဲဒီနည်းမှာတောင် ပြဿနာ တချို့ ရှိပါသေးတယ်။
နိုင်ငံတစ်နိုင်ငံက သေဆုံးသူ ၅၀ လောက် ရောက်သွားပြီဆိုရင် နောက်ပိုင်း ဗိုင်းရပ်စ်ကို တုံ့ပြန်ဖို့ အချိန်ပိုရသွားပြီး သေဆုံးသူလည်း လျော့အောင် လုပ်သွားနိုင်သင့်ပါပြီ။
ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်နိုင်ငံ တီဟီရန်က အမျိုးသမီးတစ်ဦး
နိုင်ငံရေးနောက်ခံ
နိုင်ငံရေးဖိနှိပ် တင်းတင်းကြပ်ကြပ်အုပ်ချုပ်တဲ့ နိုင်ငံတွေက အချက်အလက်တွေကို ယုံရဖို့က ပိုခက်ပါတယ်။
အခုထိ တရုတ်နဲ့ အီရန်လို နိုင်ငံတွေက ထုတ်ထားတဲ့ သေဆုံးနှုန်းတွေက တိကျပါသလား။ ဘယ်သူမှ မသိနိုင်ပါဘူး။
လူတစ်သန်းမှာ သေဆုံးနှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင် တရုတ်ရဲ့ သေနှုန်းက အင်မတန်ကို နည်းလွန်းပါတယ်။ ဝူဟန်မှာ သေဆုံးနှုန်း နောက်ထပ် ၅၀ ရာခိုင်နှုန်းလောက် တိုးလာတယ်လို့ စာရင်းထပ်ပြင်လိုက်တာတောင်မှ နည်းလွန်းပါတယ်။
ဒါကြောင့် အချက်အလက်တွေ အကုန်လုံးကို တကယ်ပဲ ယုံကြည်နိုင်ပါသလား
လူဦးရေ မတူညီမှု
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လူဦးရေ ကွာခြားချက်လည်း ရှိပါတယ်။ ပထဝီအနေအထားအရ လူတွေ ပျံ့နှံ့နေထိုင်ပုံက မတူနိုင်ပါဘူး။ နေရာ တစ်နေရာအလိုက် ပျမ်းမျှအသက်၊ ဘယ်နေရာတွေမှာ လူတွေနေတယ်ဆိုတဲ့ လူမှု ပထဝီ အချက်အလက်တွေကို ထည့်စဥ်းစားဖို့က အရေးကြီးပါတယ်။
ယူကေနဲ့ အိုင်ယာလန်ကို နှိုင်းယှဥ်မယ်ဆိုရင် ပြဿနာရှိပါတယ်။ အိုင်ယာလန်မှာ လူသိပ်သည်းမှု ပိုနည်းပြီး အများစုက ကျေးလက်တွေမှာ နေပါတယ်။
နှိုင်းမယ်ဆိုရင် လူသိပ်သည်းဆ နီးစပ်တဲ့ မြို့ချင်းယှဥ်ရပါမယ်။
ပြီးတော့ ဘယ်လို အသက်အရွယ်တွေကို နှိုင်းယှဥ်တာလဲ ဆိုတာ ကြည့်ရပါမယ်။
ဥရောပနဲ့ အာဖရိက နိုင်ငံတွေကို သေဆုံးနှုန်း နှိုင်းမယ်ဆိုရင် မဖြစ်နိုင်ပါဘူး။ အာဖရိက နိုင်ငံတွေမှာ လူငယ်လူဦးရေ ပိုများပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေအများစုက အသက်ကြီးသူတွေ ဖြစ်လို့ပါ။
ဓာတ်ပုံ ရင်းမြစ်, Getty Images
မတူတဲ့ ကျန်းမာရေး ဝန်ဆောင်မှု စနစ်
နောက်တစ်ခုက ဥရောပ နိုင်ငံအများစုမှာဆိုရင် အာဖရိကနိုင်ငံ တော်တော်များများထက် ကျန်းမာရေး ရန်ပုံငွေ ပိုတောင့်တင်းကြပါတယ်
ဒါ့အပြင် နိုင်ငံတစ်နိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက် ဆိုးဆိုးရွားရွား ကူးစက်သလဲ၊ မတူတဲ့ ယဥ်ကျေးမှု အခြေအနေတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေဖို့ဆိုတာမျိုးကို ဘယ်လောက် လိုက်နာနိုင်ကြသလဲဆိုတာတွေလည်း ပါပါတယ်။
ကျန်းမာရေး စနစ်တွေက ကူးစက်ကပ်ရောဂါကို ဘယ်လောက် နိုင်နိုင်နင်းနင်း ထိန်းချုပ်သလဲဆိုတာမှာ သိသာထင်ရှားတဲ့နေရာက ပါပါတယ်။ ဒါပေမဲ့ နိုင်ငံတိုင်းမှာ မတူပြန်ပါဘူး။
လူတိုင်းက ဆေးကုခံဖို့ တက်တက်ကြွကြွရှိလား။ ဆေးရုံကိုရော လွယ်လွယ်ကူကူ ရောက်နိုင်သလား။ ကောင်းကောင်းအကုခံရဖို့ ပိုက်ဆံပေးဖို့ လိုသလား။ ဒါတွေအကုန်လုံးက တစ်နေရာနဲ့ တစ်နေရာ မတူပါဘူးလို့ ဆောက်သမ်ပတန်တက္ကသိုလ်က ပါမောက္ခ အန်ဒီတတ်တမ်က ပြောပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်က တခြားရောဂါတွေပါ ရှိနေသလားဆိုတာပါ။ ဆီးချို၊ နှလုံးရောဂါနဲ့ သွေးတိုးရောဂါ စတဲ့ ရောဂါအခံရှိသူတွေမှာ ကူးစက်ခံရသလားဆိုတာကို ကြည့်ရမှာပါ။
ပိုးစစ်ဆေးမှု
ကပ်ရောဂါ အစပိုင်းမှာကတည်းက ရောဂါပိုး ရှိမရှိ နိုင်ငံထဲမှာ များများစားစား စစ်တာ၊ နောက် ပိုးရှိတဲ့သူနဲ့ ထိတွေ့သူတွေကို ရှာဖွေဖော်ထုတ်တာတွေ လုပ်ခဲ့တဲ့ နိုင်ငံတွေမှာ အခုချိန်ထိတော့ ကူးစက်မှုနှုန်း နှေးအောင် အောင်အောင်မြင်မြင် လုပ်နိုင်တာ တွေ့ရပါတယ်။
ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ ယှဥ်ရင် များများစစ်ခဲ့တဲ့ ဂျာမနီနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံစလုံးမှာ အခုချိန်ထိ သေဆုံးသူက အများကြီး ပိုနည်းပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်ကိုရီးယားမှာ များများစစ်နိုင်ခဲ့တယ်
စစ်နှုန်းက သေဆုံးနှုန်းနည်းရတဲ့အကြောင်းကို ခန့်မှန်းရာမှာ အသုံးဝင်တဲ့ အချက်အလက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ စစ်ဆေးပုံကို ရေတွက်ပုံချင်းကလည်း မတူကြပြန်ပါဘူး။ တချို့က လူဘယ်လောက်ကို စစ်တယ်ဆိုတာ စာရင်းမှတ်တယ်။ တချို့က လူတစ်ယောက်တည်းကို ဘယ်နှကြိမ် ပြန်စစ်စစ် အကုန်မှတ်တယ်။ တချို့လူတွေအတွက် အဖြေမှန်ရဖို့ တစ်ခါထက်မက ပိုစစ်ကြရတာတွေ ရှိတော့ စစ်သမျှ အကြိမ်တွေ ထည့်တာတွေလည်း ရှိပါတယ်။
နောက်တစ်ခုက ဆေးရုံတွေမှာနဲ့ လူတွေကြားမှာ ပိုးစစ်တဲ့ အချိန်က စစ်သင့်တဲ့ အချိန် အချိန်ကိုက်ဖြစ်ရဲ့လားဆိုတာ ထည့်စဥ်းစားဖို့ပါ။
ဂျာမနီနဲ့ တောင်ကိုရီးယားမှာ အစောကြီးကတည်းက လူတွေ အများကြီးကို စစ်လိုက်တော့ ဒီနိုင်ငံတွေက ဗိုင်းရပ်စ် ဘယ်လို ပြန့်နေသလဲဆိုတာ သိသွားပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ အီတလီမှာတော့ အများကြီး စစ်ခဲ့ပေမဲ့ သေဆုံးမှုနှုန်းက တော်တော်များနေပြန်ပါတယ်။ အီတလီက ရောဂါ ဖြစ်နှုန်း သိသိသာသာများလာမှ ပိုးစစ်တာတွေ စပြီး တိုးလုပ်ခဲ့တာပါ။ ယူကေမှာလည်း အဲလိုပဲ လုပ်ခဲ့ပါတယ်။
နှိုင်းရတာခက်
ဒီတော့ အခုလို နှိုင်းယှဥ်ကြည့်တာတွေက ဘာများ အသုံးဝင်တာ တွေ့ရပါသလဲ။
သိချင်တာက နိုင်ငံတစ်နိုင်ငံက တခြားနိုင်ငံထက် ဘာလို့ ပိုကောင်းကောင်း လုပ်နိုင်တာလဲဆိုတာနဲ့ အဲဒီကနေ ဘာသိသွားသလဲ ဆိုတာပါလို့ အောက်စဖို့ဒ်တက္ကသိုလ်က ပါမောက္ခ ဂျေဆန် အုခ်က ပြောပါတယ်။
အခုချိန်ထိတော့ ပိုးစစ်တာက အသိသာဆုံး ဥပမာပါပဲလို့ ပြောပါတယ်။
ဒါပေမဲ့ ဒီကပ်ရောဂါ မပြီးသေးသရွေ့တော့ ဒီဗိုင်းရပ်စ်ကို ဘယ်နိုင်ငံက ပိုကောင်းကောင်း ကိုင်တွယ် ဖြေရှင်းနေလဲဆိုတာ ပြောနိုင်မှာ မဟုတ်ပါဘူး။
အဲဒါက နောက်တစ်ခါအတွက် သင်ခန်းစာတွေယူရမယ့် အချိန်ပါပဲလို့ ပါမောက္ခ အုတ်က ပြောပါတယ်။