ပိတ်မိအလုပ်သမားတွေအတွက် အိန္ဒိယ ပထဆုံး အထူးရထားစဆွဲ

လူချင်းခွာနေနိုင်ဖို့အပြင် အစားအသောက်ပါ စီစဥ်ပေးခဲ့တယ်လို့ အာဏာပိုင်တွေကဆို

ဓာတ်ပုံ ရင်းမြစ်, ANI

ဓာတ်ပုံ ပုံစာ,

လူချင်းခွာနေနိုင်ဖို့အပြင် အစားအသောက်ပါ စီစဥ်ပေးခဲ့တယ်လို့ အာဏာပိုင်တွေကဆို

နိုင်ငံလုံးကျွတ်လော့ဒေါင်းကြောင့်ပိတ်မိခဲ့တဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ အိန္ဒိယတောင်ပိုင်း တယ်လင်ဂါနာပြည်နယ်ကနေ ပထမဆုံးရထားကြီးနဲ့ ထွက်ခွာလာကြပါပြီ။

ရထားတွဲ ၂၄ တွဲပါတဲ့ ရထားကြီးဟာ ခရီးသည် ၁၂၀၀ ကိုတင်ဆောင်ပြီး အရှေ့ပိုင်း ဂျာခန့်ပြည်နယ်အထိ ဘယ်ဘူတာမှ မနားဘဲ တိုက်ရိုက်ခုတ်မောင်းနေပါတယ်။

လော့ဒေါင်းကြောင့် ပိတ်မိနေတဲ့ သန်းနဲ့ချီတဲ့လူတွေဟာ ကိုယ့်ရပ်ရွာကို ပြန်နိုင်တယ်လို့ ဒီသီတင်းပတ် စောစောပိုင်းတုန်းက ခွင့်ပေးလိုက်တာပါ။

အိန္ဒိယဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ မတ်လ ၂၄ ရက်နေ့ကတည်းက လော့ဒေါင်းချခဲ့ပါတယ်။

လူတွေခရီးသွားချင်ရင် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်ယူရပါတယ်။ခွင့်ပြုချက်မပါဘဲ ပြည်နယ်ချင်းကူးတဲ့ နယ်စပ်ကို ဖြတ်ကျော်ခွင့်မရှိပါဘူး။

အခုထွက်ခွာသွားတဲ့ ရထားဟာ တယ်လင်ဂါနာ ပြည်နယ်အစိုးရရဲ့ ပန်ကြားချက်ကြောင့် အလုပ်သမားတွေအတွက် သီးသန့် အထူးစီစဥ်ပေးလိုက်တဲ့ ရထားလို့ အိန္ဒိယတောင်ပိုင်း ဗဟိုမီးရထားရုံးရဲ့ လူထုဆက်ဆံရေး အရာရှိ မစ္စတာ ရာကက်ရှ်က ဘီဘီစီကို ပြောပါတယ်။

ရထားဟာ ဟိုက်ဒြာဘတ်မြို့ကနေ သောကြာမနက်ပိုင်းမှာ ထွက်ခွာသွားပြီး ဂျာခန့်ပြည်နယ်ကို စနေမှာရောက်မှာ ဖြစ်ပါတယ်။

ခရီးသည်တွေအတွက် လူမှုအလှမ်းခွာနေထိုင်ဖို့ လုံလောက်တဲ့ အကျယ်အဝန်းစီစဥ်ပေးလိုက်သလို လမ်းမှာစားဖို့ အစားအသောက်လည်း ထောက်ပံ့ပေးလိုက်တယ်လို့ မစ္စတာရာကက်ရှ်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ANI

ဓာတ်ပုံ ပုံစာ,

ရုတ်တရက်လော့ဒေါင်းလုပ်လိုက်တဲ့အခါ နယ်ကအလုပ်သမားတွေ မပြန်နိုင်ကြဘဲ ပိတ်မိနေခဲ့

ရထားတတွဲမှာ ပုံမှန် ၇၂ ယောက်အတွက် ထိုင်ခုံရှိပေမယ့် တတွဲကို ၅၄ ယောက်နှုန်းပဲ တင်ပေးလိုက်တယ်လို့ဆိုပါတယ်။

အိပ်စင်တွေဆိုရင် အလယ်စင်ကို အသုံးမပြုဘဲ သုံးယောက်နေရာကို နှစ်ယောက်ပဲ သတ်မှတ်ထားတယ်လို့ မစ္စတာရာကက်ရှ်က ဆိုပါတယ်။

ဘူတာထဲက ရထားမထွက်ခွာမီမှာ ခရီးသည်အားလုံးကို ကိုယ်အပူချိန်တိုင်းတာခဲ့သလို တခြားရောဂါလက္ခဏာတွေ ရှိမရှိလည်း စစ်ဆေးခဲ့ပါတယ်။

သူတို့အားလုံးဟာ ဟိုက်ဒြာဘတ်မြို့ အိန္ဒိယနည်းပညာတက္ကသိုလ်မှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ အလုပ်သမားတွေဖြစ်ကြပါတယ်။

အလုပ်သမားတွေဟာ လုပ်ငန်းရှင် ကန်ထရိုက်တာဆီက လခမရလို့ စောစောပိုင်းတုန်းက ဆန္ဒပြခဲ့ကြပါတယ်။

လုပ်ငန်းရှင်ကို လခထုတ်ပေးဖို့အပြင် အပြန်ခရီး အတွက်စီစဥ်ပေးဖို့ တောင်းဆိုခံခဲ့ရတယ်လို့ အဆင့်မြင့်အရာရှိတယောက်ဖြစ်တဲ့ ဟနုမန်သာရောင်းကဆိုပါတယ်။

ဒီခရီးစဥ်အတွက် ပြင်ဆင်ချိန်နည်းနည်းပဲရခဲ့တယ်လို့ ရဲအရာရှိအကစ်ချန်ဒရာရှီကာရက်ဒီက ဘီဘီစီတဲလုဂုဌာနကိုပြောပါတယ်။

အလုပ်သမားတန်းလျားမှာ သူတို့ကိုစစ်ဆေးပြီး ဘူတာရုံကို ဘတ်စ်ကားနဲ့ပို့ခဲ့တာပါလို့ သူကဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေဟာ မြို့ပြစီးပွားရေးရဲ့ ပင်မကျောရိုးကြီး ဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်၊ ပစ္စည်းအစားအသောက်ပို့ဆောင်ရေး၊ မော်တော်ကားထုတ်လုပ်ရေး၊ ပိုက်ပြင်ပိုက်ဆက်လုပ်ငန်း၊ သတင်းစာပို့လုပ်ငန်းနဲ့ လုပ်ငန်းတော်တော်များများမှာ နယ်ကလူတွေ ဝင်ရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ANI

ဓာတ်ပုံ ပုံစာ,

ဘူတာမပို့ခင် အဖျားတိုင်းတာတွေ၊ ရောဂါလက္ခဏာရှိမရှိ စစ်ဆေးတာတွေလုပ်ခဲ့

ပြည်တွင်းရွှေ့ပြောင်းအလုပ်သမား သန်း ၁၀၀ လောက်ထဲက အများစုဟာ ညစ်ပတ်နုံချာတဲ့နေရာတွေမှာ နေထိုင်ကြရတာ ဖြစ်ပါတယ်။

လုပ်ငန်းတွေ နေ့ချင်းညချင်း ပိတ်သွားကြတော့ အလုပ်သမားအများအပြားဟာ ထမင်းငတ်မှာကို ပူပန်ခဲ့ကြပါတယ်။

ကားလိုင်းနဲ့ မီးရထားတွေ ရုတ်တရက် ပိတ်သွားတဲ့အတွက် အလုပ်သမား အများအပြားဟာ သူတို့ရွာတွေ ပြန်ဖို့ မိုင်ပေါင်းများစွာ လမ်းလျှောက်ခဲ့ကြရပါတယ်။

လမ်းမှာတွင် လူတချို့သေဆုံးတာတောင်ရှိခဲ့ပါတယ်။

တချို့ပြည်နယ်အစိုးရတွေက လိုင်းကားတွေစီစဥ်ပေးပါတယ်။ ဒါပေမယ့် ကားအလုံအလောက် မရကြပါဘူး။

သောင်းနဲ့ချီတဲ့ တခြားအလုပ်သမားတွေဟာ သီးခြားခွဲထားတဲ့ ကွာရန်တင်းစခန်းတွေနဲ့ နားနေခန်းတချို့မှာ နေကြရပါတယ်။

ဗီဒီယို ပုံစာ,

အိန္ဒိယ ကတ်ရှ်မီးယားမှာ ကိုဗစ် အသက်ရှုစက်တွေ သရီးဒီ ပရင်တာနဲ့ထုတ်