စာမတတ်ဘဲ ကျောင်းဆရာ ၁၇နှစ်လုပ်ခဲ့သူ

ရေးသားသူ။ ။ ဆာရာ မတ်ဒါးမော့တ်

John Corcoran in 2008

ဓာတ်ပုံ ရင်းမြစ်, Alamy

ဓာတ်ပုံ ပုံစာ,

၂၀၀၈ ခုနှစ်က ဂျွန်ကော်ကိုရန်

၁၉၄၀ကျော်နဲ့ ၁၉၅၀ကျော်နှစ်ကာလတွေအတွင်း အမေရိကန်နိုင်ငံ နယူးမက္ကစီကို ပြည်နယ်မှာ ဂျွန်ကော်ကိုရန် ကြီးပြင်းခဲ့ပါတယ်။ မွေးချင်း ၆ယောက်ရှိပြီးသူဟာ အထက်တန်းအောင် ပြီးတက္ကသိုလ် ကို ရောက်ခဲ့ပါတယ်။ ပြီးတော့ ၁၉၆၀ကျော်နှစ်တွေအတွင်းမှာ ဆရာအလုပ်ကို ၁၇နှစ်လုပ်ကိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်ဒီမှာ သူကိုယ်တိုင်ပြောပြထားတာကတော့ ဘဝတလျှောက်လုံး နီးပါး သူထိန်းသိမ်းလာခဲ့တဲ့ သူရဲ့ထူးခြားတဲ့လျှို့ဝှက်ချက်တစ်ခုအကြောင်းပါ။

ကျွန်တော် ကလေးဘဝတုန်းက မိဘတွေက ကျွန်တော့်ကို အောင်မြင်မယ့်လူတယောက်လို့ပြောခဲ့ကြတယ်။ ကျွန်တော်ကလည်း အဲဒါကို အသက်၆နှစ်လောက်အထိ ယုံကြည်ခဲ့တယ်။

ကျွန်တော်ငယ်ငယ်တုန်းက စကားပြောနောက်ကျခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းတက်တဲ့ အခါမှာ ကျွန်တော့် အမတွေလိုပဲ စာဖတ်တာကို သင်ယူလာနိုင်လိမ့်မယ်လို့ ယုံကြည်မှုတွေ အများကြီးရှိခဲ့ဖူးတယ်။ ကျောင်းစတက်တဲ့ ပထမနှစ်မှာတော့ အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီနှစ်မှာက ဘာမှအများကြီး သိပ်လုပ်စရာမလိုဘဲ တန်းမှန်အောင်စီတတ်ဖို့၊ စာသင်ခုံမှာထိုင်နေတတ်ဖို့ ၊စကားသိပ်မများဖို့နဲ့ သန့်စင်ခန်းကို အချိန်မီသွား တတ်ဖို့ပဲလုပ်ဖို့ရှိ ပါတယ်။

ဒုတိယတန်းကိုရောက်လာတဲ့အခါမှာတော့ စာဖတ်တာကို မဖြစ်မနေသင်လာရပါတယ်။ ဒါပေမယ့် စာဖတ်တာက ကျွန်တော့်အတွက် တရုတ်သတင်းစာကို ဖွင့်ပြီးဖတ်ရသလို ပဲ ဘာမှနားမလည်ခဲ့ ဘူး။ကျွန်တော့်ကလေးဘဝ အသက်၆နှစ်၊ ၇နှစ်၊ ၈နှစ်တွေမှာ ဒီပြဿနာကို ဘယ်လိုကျော် လွှားဖြေရှင်း ရမယ်ဆိုတာလည်းမသိခဲ့ပါဘူး။

မနက်ဖြန်ကျရင် စာဘယ်လိုဖတ်ရမလဲဆိုတာ သိခွင့်ပေးပါအရှင်လို့ ညဘက်မှာ ဆုတောင်းခဲ့ ရတာကို မှတ်မိနေတယ်။ ပြီးတော့ စာဖတ်နိုင်တဲ့အစွမ်းတွေများပေါ်လာမလားဆိုပြီး မီးထွန်း၊ စာအုပ်ဖွင့်ပြီး စာအုပ်ကိုစိုက်ကြည့်နေခဲ့ဖူးတယ်။ ဒါပေမယ့်အဲ့ဒီအစွမ်းက ကျွန်တော့်ဆီကနေ ဘယ်တော့မှ ထွက် မလာခဲ့ပါဘူး။

စာမဖတ်နိုင်တော့ ကျောင်းမှာဆိုရင်လည်း စာဖတ်တာသင်ပေးဖို့ခက်ခဲတဲ့ အခြားကလေးတွေ နဲ့အတူ dumb row လို့ခေါ်တဲ့ နလပိန်းတုံး၊လူအတွေထားတဲ့ အတန်းမှာသွားနေခဲ့ရပါတယ်။ အဲဒီမှာ ဘာကြောင့်သွား နေရတာလဲ။ အဲ့ဒီကနေ ဘယ်လိုရုန်းထွက်ရမလဲဆိုတာနဲ့ ၊ ဒီ့အတွက်ဘာမေးခွန်း မေးရမလဲ ဆိုတာတောင် အတိအကျ မသိခဲ့ပါဘူး။

ဓာတ်ပုံ ပုံစာ,

ဂျွန်ကော်ကိုရန် ငယ်စဥ်ဘဝ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဆရာကတော့ ကျွန်တော်တို့ကို "dumb row" နလပိန်းတုံးတွေလို့ဘယ်တော့မှ မခေါ်သလို၊ အရမ်းဖိနှိပ် ဆူပူတာတွေလည်း မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ကလေးတွေကတော့ နလပိန်းတုံးတန်း လို့ပဲခေါ်နေကြတော့ အဲဒီကိုရောက်သွားရင် ကိုယ်လည်း နလပိန်းတုံးတယောက်ဆိုပြီး တွေးမိလာပါတယ်။

. မိဘဆရာတွေ့ဆုံပွဲမှာဆရာက "ကောင်လေးကတော်တယ်၊ နောက်ဆို သူရသွားပါလိမ့်မယ်လို့" ကျွန်တော့် မိဘတွေကိုပြောတယ်။

ပြီးတော့ ကျွန်တော့်ကို တတိယတန်းကို သူတို့ က တင်ပေး လိုက်ပါတယ်။

"ကောင်လေးက တော်တယ် သူရသွားပါလိမ့်မယ်" အဲဒါနဲ့ လေးတန်းကို ထပ် တင်ပေးလိုက်တယ်။

"ကောင်လေးက တော်တယ် သူရသွားလိမ့်မယ်" ဆိုပြီး ငါးတန်းကို အတန်းတင်ပေးလိုက်ပြန်ရော။

ဒါပေမယ့် ကျွန်တော် စာတကယ်မလိုက်နိုင်ခဲ့ပါဘူး။

ငါးတန်းကို ရောက်လာတဲ့အချိန်မှာတော့ စာဖတ်တဲ့အလုပ်ကို ကိုယ်တိုင်စွန့်လွှတ်လိုက်ဖို့ဖြစ်လာခဲ့ တယ်။ နေ့တိုင်းအိပ်ယာထ အဝတ်လဲ ကျောင်းသွားရတာ စစ်တိုက်ထွက်နေရသလိုပါပဲ။ စာသင်ခန်းကို မုန်းလာတယ်။ ကိုယ်မကြိုက်တဲ့ ပတ်ဝန်းကျင်တခုလို့ ခံစားလာရပြီးတော့ အဲဒီမှာဆက်ရှင် သန်နိုင်ဖို့နည်း လမ်း ကိုလည်းမဖြစ်မနေ ရှာခဲ့ရပါတယ်။

ခုနှစ်တန်းရောက်တော့ နေ့တိုင်းလိုလို ကျောင်းအုပ်ကြီးရုံးခန်းကို သွားနေရတာများပါတယ်။ ရန်တွေဖြစ်တယ် ၊ နားမထောင် အာခံတာတွေလုပ်တယ်၊ ငပြောင်လုပ်တယ် ။ အဲဒါတာတွေကြောင့် ကျောင်းကအထုတ်ခံခဲ့ရတယ်။တကယ်တော့ ကျွန်တော့် စိတ်ထဲမှာက အဲ့လိုမျိုးစရိုက် ရှိနေတာမဟုတ်ပါဘူး။အဲ့လိုလူမျိုးလဲမဖြစ်ချင်ခဲ့ပါဘူး။ ကျွန်တော့်မှာ အောင်မြင်ချင်တဲ့ ဆန္ဒရှိသလို ကျောင်းသားကောင်းတယောက်လည်း ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် အဲဒါတွေ ဖြစ်အောင်မလုပ်နိုင်ခဲ့ပါဘူး။

ရှစ်တန်းကို ရောက်လာတော့ မိသားစုအတွက်ရော ကိုယ်ကိုတိုင်အတွက်ပါ စိတ်အနှောင့်အယှက် ဖြစ်စရာတွေဆက်မလုပ်ချင်တော့ပါဘူး ။ ကောင်းကောင်းနေတော့မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ အထက်တန်းကျောင်းမှာ ဣန္ဒြေရရ နေပြီး အဲ့ဒီစနစ်ကိုကျော်လွှားနိုင်မယ့် လမ်းကြောင်းကိုပါ တွေ့လာနိုင်ပါတယ်။ အဲ့ဒါကြောင့်ဆရာတယောက်ရဲ့အချစ်တော်လုပ်ပြီး တော့ဒီစနစ်ကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းတွေ လိုအပ်တာတွေမှန်သမျှကိုလုပ်ခဲ့ပါတယ်။

ကျွန်တော်က အားကစားသမား တယောက်ဖြစ်ချင်ခဲ့တဲ့သူပါ။ အားကစားကျွမ်းကျင်မှုနဲ့ သင်္ချာ ကျွမ်းကျင် တွေမှုတွေလည်း ကျွန်တော့်မှာရှိခဲ့တယ်။ကျောင်းမတက်ခင်ကတည်းက ပိုက်ဆံတွေ ကို ရေတွက်တတ် ပြီးတော့ ငွေကိုလည်း ပြန်အမ်းတတ်ပါတယ်။ ပြီးတော့ အလီတွေကို လည်း ‌လေ့လာထားပါတယ်။

တစ်ဘက်မှာလဲ ကျွန်တော့်မှာက ပေါင်းတတ်သင်းတတ်တဲ့ စွမ်းရည်ကလဲရှိနေ တော့ ကောလိပ်က သူငယ်ချင်းတွေ ရှိပါတယ်။ ပြီးတော့ အမှတ်အများဆုံးနဲ့အောင်လို့ ကျောင်းဆင်းပွဲမှာ စကားတက်ပြောခွင့်ရ တဲ့ ကျောင်းသူတယောက်နဲ့လည်းတွဲခဲ့တော့ လူသိများတဲ့ လူတစ်ယောက်ပေါ့ဗျာ။ သူငယ်ချင်းအများစုက မိန်းကလေးတွေဖြစ်ပြီး ကျွန်တော့် အိမ်စာတွေကို သူတို့က လုပ်ပေးကြပါတယ်။

ကျွန်တော့်နာမည်ကို ကျွန်တော်ရေးနိုင်သလို တချို့စကားလုံးတွေကိုလည်းမှတ်မိထားပါတယ်။ ဒါပေမယ့် ဝါကျတစ်ကြောင်းကိုတော့ ပြည့် စုံအောင်မရေးနိုင်ပါဘူး။ အထက်တန်းကျောင်းမှာ ကျွန်တော်စာဖတ်နိုင်တဲ့ အဆင့်က နှစ်တန်းလောက်ပဲရှိပါတယ်။ ပြီးတော့ ကျွန်တော် စာမဖတ်တတ်ဘူးဆိုတာကိုလည်း ဘယ်သူ့ကိုမှ ဖွင့်မပြောခဲ့ဘူး။

စာမေးပွဲ ဖြေတဲ့ အချိန်ရောက်ရင်လည်း တစ်ယောက်ယောက် ဖြေထားတဲ့ စာရွက်ကိုကြည့်တယ်။ ဒါမှမဟုတ် တစ်ယောက်ယောက် ကို စာရွက်ကမ်း ပေးလိုက်ပြီး သူတို့က ကျွန်တော့်အတွက် ဖြေခိုင်းခဲ့ပါတယ်။မသိရင် တော့ တစ်ယောက်ယောက် က အပျော်လိမ်တမ်း ကစားနေသလိုမျိုးပေါ့ ။ဒါပေမယ့် အားကစား စကော်လာ ရှစ်တခု အပြည့်ဝရပြီး ကောလိပ်ကိုရောက်သွားတဲ့အခါမှာတော့ ဇာတ်လမ်းက ပုံစံတမျိုးပြောင်း လာခဲ့ပါ တယ်။

အဲ့ဒီအချိန် ခေါင်းထဲမှာ ကျွန်တော်တွေးခဲ့တာက ဒီအခြေနေကို ငါဘယ်လို ကျော်ဖြတ်နိုင်မလဲဆိုတာပါ။

စာမေးပွဲအဖြေလွှာအဟောင်း မိတ္တူတွေသိမ်းထားတဲ့ အသိုင်းအဝန်းတခုကလည်း ကျွန်တော့်မှာ ရှိခဲ့ပါ တယ်။ အဲ့ဒါက လိမ်နည်းလမ်းကြောင်းတခုပေါ့ဗျာ။ကျွန်တော့်ကို အကူအညီပေးနိုင်တဲ့ သူငယ်ချင်း တယောက်နဲ့ အတန်းတူတူတက်တယ်။ပါမောက္ခတွေကလည်း တနှစ်ပြီးတနှစ် စာစစ်တဲ့ပုံစံကို အတူတူတွေ ပဲသုံးခဲ့ကြတာ။ ဒါပေမယ့် မတတ်သာတဲ့အချိန်ရောက်လာရင်တော့ ကိုယ်ကိုတိုင်ဖန်တီးပီး ရတဲ့ ကိစ္စတွေ လည်းရှိလာခဲ့ပါတယ်။

စာမေးပွဲတခုမှာဆို ပါမောက္ခက ကျောက်သင်ပုန်းပေါ်မှာ မေးခွန်းလေးခုကိုရေးပြီး ဖြေခိုင်းခဲ့တယ်။ ကျွန်တော်တို့ကအဲ့ဒီမေးခွန်းတွေကို ဖြေပေးရမှာ။ ကျွန်တော်က အသက်ပိုကြီး တဲ့ ကျောင်း သား တွေရဲ့နောက် နောက်ဆုံးတန်းပြတင်းပေါက်ဘေးကခုံမှာထိုင်နေတယ်။ ပြီးတော့ ကျွန်တော့် စာအုပ်အပြာထဲကို အဲ့ဒီမေးခွန်းလေးခုကို အပင်ပန်းခံပြီး ကူးရေးလိုက်တယ်။ကူးသာကူးရေးရတယ် မေးခွန်းတွေက ဘာတွေမေးထားမှန်းလည်း မသိဘူး။

အဲ့ဒီအချိန်မှာ ကျွန်တော့် ပြတင်းပေါက်အပြင်ဘက်ကနေ သူငယ်ချင်းတယောက်ကို စီစဉ်ပြီး စောင့်ခိုင်း ထားတယ်။ ကျောင်းမှာတော့ သူက အတော်ဆုံး ကျောင်း သားတယောက်လို့ ပြောနိုင်မယ်ထင်တယ်။ ဒါပေမယ့် သူကရှက်တတ်တဲ့သူ။ နွေဦးရာသီကပွဲမှာ သူနဲ့တွဲကဖို့ မာရီလို့ခေါ်တဲ့ မိန်း ကလေးတယောက်နဲ့ ချိတ်ပေးဖို့ ကျွန်တော့်ကိုအကူအညီတောင်းထားတဲ့ သူလည်းဖြစ်ပါတယ်။

ကျွန်တော့်စာအုပ်အပြာကို ပြတင်းပေါက်အပြင်ဘက်က သူ့ကို ကမ်းပေးလိုက်ပြီးတော့ သူက အဖြေတွေကို အဲ့ဒီထဲမှာ ကျွန်တော့်အတွက်ဖြည့်ရေးပေးခဲ့တာပါ။

သူဖြေနေတဲ့အချိန် ဒီဘက်မှာလည်း ကျွန်တော့် အင်္ကျီထဲက ဖွက်ယူလာတဲ့ စာအုပ်အပြာ တအုပ်ကိုဖွင့်ပြီး ကျွန်တော်က ဖြေနေတဲ့ပုံစံ ဟန်ဆောင်ပေးခဲ့ရပါတယ်။

ကျွန်တော်ကမ်းပေးလိုက်တဲ့ စာအုပ်ကို သူရပြီး အဖြေမှန်တွေဖြေပြီး ပြန်ပို့ပေးနို င်ပါ စေလို့လည်း ကျွန်တော်ဆုတောင်းနေခဲ့ရပါသေးတယ်။

စာမေးပွဲတွေကိုအောင်ဖို့လိုတော့ ကြံမိကြံရာ မလုပ်သင့်တာတွေ စွတ်လုပ်ခဲ့တာပေါ့ဗျာ။

ဒီလိုနဲ့ နောက် စာမေးပွဲတခုကိုတော့ ဘယ်လိုနည်းနဲ့ကျော်လွှားရမလဲဆိုတာ အဖြေရှာမတွေ့ခဲ့ပြန်ဘူး။

တစ်ညတော့ ပါမောက္ခရုံးခန်းမှာမရှိတဲ့အချိန် ညလယ်လောက် သူ့ရုံးခန်းကို ခိုးဝင်ခဲ့ပါတယ်။ ပြတင်းပေါက်တံခါးကို ဓားနဲ့ကလော်ဖွင့်ပြီးသူခိုးငတက်ပြားတစ်ယောက်လို အထဲကို ဝင်သွားခဲ့ရတာ ပါ။ဒီ ကိစ္စက ကျောင်းသားတစ်ယောက် လုပ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ လိမ်တာတင်မက ရာဇဝတ်သား တယောက် လို လုပ်ခဲ့တာပါ။

ပါမောက္ခရုံးခန်းထဲကိုရောက်တော့ စာမေးပွဲမေးခွန်းနဲ့ပတ်သက်တာတွေ လိုက်ရှာခဲ့တယ်။ သူ့ရုံးခန်း ထဲမှာအသေအချာ ရှိမယ်လို့ထင်ထားပေမယ့် ရှာမတွေ့ခဲ့ဘူး။ ဗီရိုတခုထဲမှာ ရှိမယ်လို့ထင် ရပေမယ့် အဲ့ဒီဗီရိုက သော့ခတ်ထားတယ်။

အဲ့ဒီပုံစံအတိုင်း နှစ်ည သုံးညလောက်သွားပြီး စာမေးပွဲမေးခွန်းတွေ သွားရှာခဲ့ပေမယ့် ရှာမတွေ့ခဲ့ပါ ဘူး။ အဲဒါကြောင့်တစ်ညတော့ သူငယ်ချင်း သုံးယောက်ကို ခေါ်ပြီး မနက်တစ်နာရီလောက်မှာ ရုံးခန်းထဲကို ပြန်သွားခဲ့ပါတယ်။အဲ့ဒီကနေ လေးဆင့်အံဆွဲ ဗီရိုကို ကားတစီးပေါ်မလာပြီး ကောလိပ်က အခန်းတခန်း ထဲကို ကျွန်တော်တို့သယ်လာခဲ့ကြပါတယ်။

ဗီရိုကိုဖွင့်ခိုင်းဖို့ သော့ပြင်ဆရာတယောက်ကို ခေါ်သုံးခဲ့ရ ပါတယ်။ ကျွန်တော်ကလည်း နက်ကတိုင်နဲ့ ဝတ်စုံပြည့်ဝတ်ပြီး နောက်နေ့မှာ လော့စ်အိန်ဂျလိစ်ကို သွားရမယ့် လူငယ်စီးပွားရေး သမားတစ်ယောက်ပုံစံ ဟန်ဆောင်ခဲ့ရတာပေါ့ဗျာ။

သော့ပြင်ဆရာက ဗီရိုကို ဖွ်ငပေးပြီးတော့ ကျွန်တော့်ကိုလည်း သော့တချောင်းပေးခဲ့ပါတယ်။ ကျွန်တော်ထင်တဲ့အတိုင်းပဲ ဗီရိုအပေါ်ဆုံးထပ် အံဆွဲထဲမှာ အမှားအမှန်ရွေးရတဲ့ မေးခွန်းစာရွက် အစုံ ၄ဝကိုတွေ့ခဲ့ပါတယ်။ အဲ့ဒီထဲက တစုံကို ကျွန်တော်ယူထားလိုက်ပြီး အဲ့ဒီက မေးခွန်းတွေ အားလုံးကို ကျွန်တော့်အတန်းဖော်သူငယ်ချင်း စာတော်တယ်ဆိုတဲ့ ကောင်လေးကိုဖြေခိုင်းခဲ့ပါတယ်။

ဖိုင်တွေထည့်ထားတဲ့ ဗီရိုကို မနက်ငါးနာရီ အရောက် ပါမောက္ခ ရုံးခန်းကိုပြန်ပို့လိုက်ပြီးတော့ ကျွန်တော့်အခန်းကို ပြန်လျှောက်လာချိန်မှာ မဖြစ်နိုင်ဘူးလို့ထင်တဲ့ ထူးခြားတဲ့ စွန့်စားခန်းတခု အောင် မြင်သွားပြီလို့တွေးမိခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် လည်း တော်တဲ့လူ လိမ္မာပါးနပ်တဲ့ လူတယောက်ဆိုပြီးတော့ တောင် အထင်ရောက်ခဲ့ပါသေးတယ်။

ဒါပေမယ့် လှေကားထစ်တွေကိုတက်ပြီး ကျွန်တော့်အိပ်ယာပေါ်ရောက်တဲ့အချိန်မှာတော့ ကလေးတယောက်လို စငိုခဲ့မိပါတယ်။

ဘာလို့ ကျွန်တော် အကူအညီ မတောင်းခဲ့တာလဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် စာဖတ်တတ်လာအောင် ဘယ်သူမှ သင်ပေးနိုင်မယ်လို့မယုံကြည်ခဲ့လို့ပါ ။နောက်ပြီးတော့ ကျွန်တော့်ရဲ့ဒီလျို့ဝှက်ချက်ကိုလည်း ဘယ်သူမှမသိအောင် ဆက်ထိန်းသိမ်းခဲ့ပါတယ်။

ကောလိပ်ကနေ ဒီဂီရီတွေဘွဲ့တွေရရင် အလုပ်ကောင်းကောင်းရမယ် ကောင်းကောင်းနေရမယ်လို့ ဆရာတွေနဲ့မိဘတွေက ကျွန်တော့်ကိုပြောခဲ့ကြတယ်။ အဲဒါကိုလည်း ကျွန်တော်က ယုံကြည်ခဲ့ ပါတယ်။ ကျွန်တော့်ရည်ရွယ်ချက်ကလည်း အဲ့ဒီဘွဲ့လက်မှတ်တွေရဖို့ပါပဲ။ အသိပညာရလာတာဖြစ်ဖြစ်၊ ဆုတောင်းတာကဖြစ်ဖြစ်၊ အံ့ဩဖွယ်ရာအစွမ်းပေါ်လာတာဖြစ်ဖြစ် တစ်နေ့မှာတော့ စာဖတ်နိုင်အောင် သင်ယူလာနိုင်မယ်လို့ယုံကြည်ထားခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော် ကောလိပ်ကနေ ဘွဲ့ရပြီးတဲ့အချိန် ကျောင်းမှာကလည်း ဆရာလိုနေတဲ့ အချိန်နဲ့သွား တိုက်ဆိုင်တော့ ဆရာဖြစ်လာခဲ့ပါတယ်။တွေးကြည့်လိုက်ရင် တော်တော် ယုတ္တိ မတန်တဲ့ကိစ္စတခု ပါ။ခြင်္သေ့ဂူထဲကနေထွက်လာပြီးတော့ ခြင်္သေ့ဂူထဲကို ပြန်ဝင်သွားတဲ့ပုံစံမျိုးလိုဖြစ်နေခဲ့တာပါ။

စာသင်တဲ့အလုပ်ကို ဘာလို့သွားလုပ်ခဲ့ ရတာလဲ။ ပြန်ကြည့်လိုက်ရင် အရူးထပြီး ကျွန်တော်လုပ်ခဲ့ တာလို့ ပြောရမှာပါ။ ဒါပေမယ့် မဟုတ်တာတွေလုပ်ခဲ့တာတွေ ဖမ်းမိခဲ့တာတွေမရှိဘဲ အထက်တန်းနဲ့ကောလိပ်ကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ဒါကြောင့် ဆရာတစ်ယောက်ဖြစ်နေ တာက လျို့ဝှက်ချက်ကို ကောင်းကောင်း ဖွက်ထားနိုင်မယ်လို့ လည်းယူဆခဲ့တယ်။ ဆရာတစ်ယောက်ဟာ စာမဖတ်နိုင်ဘူးလို့ဘယ်သူကမှ သံသယ ဝင်ကြမှာမဟုတ်ဘူးလေ။

ကွဲပြားတဲ့အကြောင်းအရာတွေအများကြီးကို ကျွန်တော်သင်ပေးခဲ့ပါတယ်။ ကျွန်တော် အားကစား နည်းပြလုပ်ခဲ့တယ်။ လူမှုရေးသိပ္ပံတွေကိုလည်း သင်ခဲ့ပါတယ်။ လက်နှိပ်စက်ရိုက်တာကိုလည်းသင်ပေးခဲ့တယ်။ တစ်မိနစ်ကို စာလုံးရေ၆၅ လုံးအထိ ကျွန်တော်ရိုက်နိုင် ပေမယ့် ဘာတွေရိုက်နေလဲဆိုတာတော့ ကျွန်တော်မသိခဲ့ပါဘူး။

ကျောက်သင်ပုန်းပေါ် မှာ ဘယ်တော့မှစာမရေးခဲ့သလို ပြီးတော့ ကျွန်တော့်စာသင်ခန်းထဲမှာ ပုံနှိပ်ထားတဲ့ စာလုံး တွေလည်းမရှိဘူး ။ ရုပ်ရှင်တွေအများကြီးကြည့်၊ ဆွေးနွေးတာတွေအများကြီးလုပ်ပြီး စာသင် ခဲ့တာ ပါ။

ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ မှတ်မိနေတယ်။ အတန်းထဲ မှာ ကျောင်းသား နာမည်ခေါ်တာကို မလုပ်နိုင်ခဲ့ဘူး ။ ကျောင်းသားတွေရဲ့နာမည်ကို အသံ ထွက်ပြောခိုင်းတော့ သူတို့နာမည်ကို မှတ်ထားပါတယ် ။ ပြီးတော့ အစောပိုင်းမှာတော့ ဘယ်သူဘယ်ဝါဆို တာ ကျွန်တော်သိထားတဲ့ ကျွန်တော့်ကို ကူ ပြီးစာကောင်းကောင်းဖတ် စာကောင်းကောင်းရေး နိုင်တဲ့ ကျောင်းသား နှစ်ယောက်လောက်ကျွန်တော့် အတန်းထဲမှာ အမြဲရှိတယ်။ သူတို့ကလည်း ခင်ဗျားတို့ဆရာကို သံသယမထားကြသလိုမျိုး ကျွန်တော့်ကိုလည်း ဘာသံသယမှ မထားခဲ့ပါဘူး။

အဲ့ဒီအချိန်မှာ ကျွန်တော်အတွက် ကြောက်စရာအကောင်းဆုံးတစ်ခုကတော့ ဆရာ ဆရာမအစည်းအဝေး တက်ရတာပါ ။ အစည်းအဝေးကို တစ်ပတ်တစ်ရက်လုပ်ပြီး၊ ဘုတ်အဖွဲ့ကို အိုင်ဒီယာ စိတ်ကူးတွေ တင်နိုင်ဖို့ ကျောင်းအုပ်က အစည်းအဝေးမှာ တစ်ယောက်ယောက်ကို ခေါ်ပြီး အပြင်းအထန် ဆွေး နွေးခိုင်းတာ ပါ။ ကျွန်တော့်ကိုများ သူ ခေါ်လိုက်မလားဆိုပြီး အပတ်တိုင်း အထိတ်တလန့်ဖြစ်နေရတယ်။ ဒါကိုဖြေရှင်းနိုင်ဖို့ အရန်အစီ အစဉ် တခု လည်း စီစဉ်ထားရပါတယ်။

တကယ်လို့ကျွန်တော့်ကို သူခေါ်လိုက်ရင် ထိုင်တဲ့ခုံကနေထ ခြေလှမ်းနှစ်လှမ်းလောက်လှမ်း ရင်ဘတ်ကို ကိုင်ပြီး ကြမ်းပြင်ပေါ်လှဲချလိုက်မယ်။ အဲ့ဒီအချိန်ကျရင် သူတို့က 911 အရေးပေါ်ကို ခေါ်မယ်လို့တော့ မျှော်လင့်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် အဲ့ဒီကိစ္စနဲ့တော့ကျွန်တော် ဒုက္ခမတွေ့ခဲ့သလို ကျွန်တော့်ကိုလည်း သူတို့သတိမထားမိခဲ့ကြပါဘူး။

ငါအလုပ်ကြိုးစားလုပ်တယ်၊ လုပ်တဲ့အလုပ်ကိုလည်း တကယ်အာရုံစိုက်ခဲ့တယ်ဆိုပြီး တခါတလေတော့ ကိုယ့်ကိုယ်ကိုယ် ဆရာကောင်းတယောက်လို့ခံစားမိပါတယ်။ဒါပေမယ့်အဲဒါကမဟုတ်ပါဘူး။ ဒီနေရာက ကျွန်တော်နဲ့မသက်ဆိုင်တဲ့နေရာပါ။ ကျွန်တော်က ကျုးကျော်ဝင်လာတဲ့သူပါ။ ကျွန်တော်ရှိမနေသင့်ပါဘူး။ပြီးတော့ တခါတလေ ဒီအလုပ်ကို လုပ်ရတာ လုံးဝမသက်မသာခံစားခဲ့ရပြီး ပိတ်မိနေသလိုဖြစ်ခဲ့ပါတယ်။ ဒီခံစားမှုကို ဘယ်သူ့ကိုမှ လည်းထုတ်မပြောနိုင်ခဲ့ပါဘူး။

ဆရာလုပ်နေတဲ့အချိန်မှာ ကျွန်တော်အိမ်ထောင်ကျခဲ့ပါတယ်။ အိမ်ထောင်ပြုတယ်ဆိုတာက တစ်ယောက်ကို တစ်ယောက်အလေးအမြတ်ထား ယုံကြည်မှုထား ရတာဆိုတော့ သူ့ကိုတော့ ငါဖြစ်နေတာတွေကို ပထမဆုံး ပြောလိုက်တော့မယ်ဆိုပြီး စိတ်ကူးခဲ့ပါတယ်။

သူ့ကို ပြောဖို့ " ကေသီ ငါစာမဖတ်တတ်ဘူး၊ ငါစာမဖတ်နိုင်ဘူး" လို့ မှန်ရှေ့ မှာလေ့ကျင့်ခဲ့ပါတယ်။ တစ်ညနေ ဆိုဖာပေါ်မှာ တူတူထိုင်နေကြတုန်း ကေသီ ငါစာမဖတ်တတ်ဘူးလို့ သူ့ကိုပြောလိုက်ပါတယ်။

ဒါပေမယ့် ကျွန်တော်ပြောလိုက်တာကို သူသေသေချာချာ နားလည်လိုက်ပုံမရပါဘူး။ စာတွေ ကျွန်တော် အများကြီး မဖတ်ခဲ့ဘူးလို့ပြောလိုက်တာလို့ သူထင်လိုက်ပုံရပါတယ်။ သိတဲ့အတိုင်းပဲ အချစ်မှာက နားတွေ မျက်စိတွေမရှိဘူးလို့ဆိုကြတယ်လေ။

ကျွန်တော်တို့လက်ထပ်ပြီးတော့ ကလေးတယောက်ရလာပါတယ်။ အဲဒီနောက်ပိုင်းနှစ်တွေနဲ့ချီကြာပြီးမှ ကျွန်တော့်အဖြစ်ကို သူတကယ်သိလာခဲ့တာပါ။

သုံးနှစ်အရွယ် ကျွန်တော့်သမီးလေးကို ကျွန်တော် စာဖတ်ပြရပါတယ်။ ကျွန်တော်တို့လင်မယား က သူ့ကို ပုံမှန်စာဖတ်ပြရပေမယ့် ကျွန်တော်ကတော့ တကယ်ဖတ်ပြတာမဟုတ်ပါဘူး။ သိထားတဲ့ ဇတ်လမ်း ဂေါ်ဒီလော့ခ်နဲ့ဝက်ဝံ၃ကောင် ဇတ်လမ်းလိုမျိုးကို စိတ်လှုပ်စရာကောင်းတာတွေ ထပ်ဖြည့်ပြီး သူ့ကို ပြန်ပြောပြတာပါ။ ဒါပေမယ့် ဒီတခေါက်ဖတ်ပြရမှာက ရမ်ပယ်စတေးလ်စကင်း Rumpelstiltskin ဆိုတဲ့ စာအုပ်အသစ်။ သူ့ကိုဖတ်ပြပြီးတော့ ဒယ်ဒီဖတ်တာကလည်း မာမီဖတ်တာ နဲ့မတူဘူးလို့သမီး ပြောတာခံခဲ့ရပါတယ်။

ကလေးရဲ့စာအုပ်ကို ကျွန်တော်ကြိုးစားဖတ်နေတာကို မိန်းမကြား သွားပါတယ်။အဲ့ဒီနောက် သူတဖြည်းဖြည်းနဲ့ သဘောပေါက်လာပါတယ်။ သူ့ကိုစာတွေရေးခိုင်းခဲ့တာ ၊ ကျောင်းအတွက်စာတွေရေးပေးဖို့ အကူအညီတောင်းရတဲ့ အကြောင်းတွေကို ပါ နောက်ဆုံးမှာ သူသိလာခဲ့ပြီး၊ ဒီပြဿနာရဲ့နက်ရှိုင်းမှုကိုပါ သူ သဘောပေါက်လာခဲ့ပါတယ်။

ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှမပြောခဲ့သလို ထိပ်တိုက်တွေ့တာတွေလည်းမဖြစ်ဘဲကျွန်တော့် ကိုလည်း ကူညီမြဲဆက်ကူညီနေခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ဂျွန်ကော်ကော်ကိုရန်ကို သူ့မိသားစုတွေနဲ့အတူတွေ့ရစဉ်

ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ ငါကနလပိန်းတုံး၊ အယောင်ဆောင်ခဲ့တဲ့ လူတယောက်ဆိုပြီး ဘာမှစိတ်သက်သာရာမရခဲ့ပါဘူး။ ကျွန်တော်က မရိုးသားခဲ့တဲ့လူပါ။ ကျောင်းသားတွေကို အမှန်တရား ရှာဖွေရမယ်လို့သင်ပေးခဲ့ပြီး ကိုယ်တိုင်ကတော့ အတန်းထဲ အလိမ်ညာဆုံး လူတစ် ယောက်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာ စာဖတ်တတ်ဖို့ သင်ခဲ့တဲ့ အချိန်ရောက်လာတော့မှပဲ စိတ်သက်သာရာရလာခဲ့ပါတယ်။

အထက်တန်းကျောင်း မှာ ကျွန်တော်စာသင်ခဲ့တဲ့နှစ်တွေက ၁၉၆၁ကနေ ၁၉၇၈ခုနှစ် အထိပါ။ ဆရာအလုပ်ကနေ ထွက်ပြီး ၈နှစ်ကြာတဲ့အချိန်ကျမှ နောက်ဆုံးမှာ တစ်စုံတစ်ခု အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။

အမေရိကန်က Second Lady ဒုတိသမ္မတကတော် ဘာဘရာဘွတ်ခ်ျ ရဲ့ သက်ကြီးစာတတ်မြော က်ရေးအကြောင်း တီဗီမှာပြောနေတာကြည့်ရတဲ့အချိန်မှာ ကျွန်တော့်အသက်က ၄၇နှစ်ကျော် ၄၈နှစ်ထဲကိုရောက် နေပါပြီ ။ဒီသက်ကြီးစာတတ်မြောက်ရေးကိစ္စက သူအထူးလုပ်ဆောင်ခဲ့တာပါ။ သက်ကြီးစာတတ်မြောက်မှုအကြောင်း ဟောပြောတာကို အရင်က ကျွန်တော် တခါမှမကြားခဲ့ဖူး ပါဘူး။ သူပြောနေတဲ့ အခြေနေနဲ့အကိုက်ဆုံးသူက ကမ္ဘာမှာ ကျွန်တော်တစ်ယောက်တည်းရှိတယ်လို့လည်းခံစားခဲ့မိ ပါတယ်။

ကျွန်တော့် ဘဝအတွက် အလွန်အရေးကြီး တဲ့အခန်းကဏ္ဍကို ရောက်လာခဲ့ပါပြီ။

ကျွန်တော့် အခက်အခဲကို တယောက်ယောက်ကို ပြောပြချင် နေခဲ့ပြီး အကူအညီလည်း လိုချင်နေခဲ့တာပါ။

တနေ့တော့ စာသောက် ကုန်ရောင်း တဲ့ဆိုင်မှာ တန်းစီနေတုန်း သူတို့အကို စာကြည့်တိုက်သွား တဲ့အကြောင်း ရှေ့ကအမျိုး သမီး ၂ယောက်ပြောတာကြားခဲ့ရပါတယ်။ စာဖတ်တာကို သူတို့အကို အဲ့ဒီမှာသင်နေလို့ဝမ်းသာရတဲ့ အကြောင်း သူတို့ပြောတာကြားလိုက်ရတော့ မယုံနို င်လောက်အောင်ဖြစ်ခဲ့ ရပါတယ်။

အဲဒါနဲ့ သောကြာနေ့နေ့လည်ခင်းတခုမှာ ဝတ်စုံအစင်းကြားကို ဝတ်ပြီး စာကြည့်တိုက်ကို သွားခဲ့ပါတယ်။ ပြီးတော့ စာတတ်မြောက်ရေးအစီအစဉ်ရဲ့ညွှန်ကြားရေး မှူးကို တွေ့ခွ င့်တောင်းပြီး၊ ကျွန်တော်စာ မဖတ် တတ် တဲ့ အကြောင်း သူ့ကိုပြောပြခဲ့ပါတယ်။

ကျွန်တော်စာမဖတ်တတ်တဲ့ အကြောင်း ထုတ်ပြောခဲ့တာဟာ သူကဒုတိယလူဖြစ်ပါတယ်။

ကျွန်တော့်ကို သင်ဖို့အသက်၆၅နှစ် အရွယ် အမျိုးသမီး စေတနာ့ဝန်ထမ်းဆရာတယောက်ကို ပေးပါတယ်။ သူက ဆရာမတယောက်တော့မဟုတ်ပါဘူး။ စာဖတ်တာကို ကြိုက်နှစ်သက်တဲ့ သူတယောက် ၊ လူတိုင်း ကို လည်း စာဖတ်တတ်စေချင်တဲ့သူတယောက်ဖြစ်ပါတယ်။

အစောပိုင်းမှာ ကျွန်တော့်ကို သူလုပ်ခိုင်းတဲ့တာကတော့ စာကိုကြိုးစားရေးခိုင်းခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ခေါင်းထဲမှာ စိတ်ကူးတွေ အများကြီးရှိနေပေမယ့် အဲ့ဒါတွေကို ဝါကျတစ်ကြာင်းပြည့်စုံအောင် မရေးခဲ့ဖူးပါဘူး။ ပထမဆုံးအနေနဲ့ကျွန်တော့် စိတ်ခံစားမှု အကြောင်း ကဗျာတပုဒ်ကို စရေးခဲ့ပါ တယ်။ ကဗျာတပုဒ်ရေးမယ်ဆိုရင် ဝါကျကို ပြည့်စုံအောင် ရေးဖို့ သိနားလည်ထားစရာမလိုသလို၊ဝါကျကိုလည်း ပြည့်စုံအောင်ရေးဖို့မလိုပါဘူး။

သူက ကျွန်တော့်ကို ၆တန်းအဆင့်ဖတ်စာကို တက်ပေးလိုက်ပါတယ်။ မယုံကြည်နို င်လောက်အောင်ဖြစ်ပြီး အရမ်းဝမ်းသာခဲ့ရပါတယ်။ ဒါပေမယ့် စာတတ်တဲ့သူတယောက်လို့ ကိုယ့်ကိုယ်ကိုယ်ခံစားလာနိုင်ဖို့ ၇နှစ်လောက် ကြာအောင် လုပ်ခဲ့ရပါတယ်။

စိတ်ပျက်စရာတွေ အများကြီး ၊နာကျင်ခံစားခဲ့ရတာတွေ အများကြီး ကြုံခဲ့ရတာကြောင့် စာဖတ်တတ် အောင်စသင်နိုင်ခဲ့ပြီးတဲ့အချိန်မှာတော့ ကျွန်တော်ငိုခဲ့မိပါတယ်။ ဒါပေမယ့် အဲ့ဒါက ကျွန်တော့်စိတ် ဝိညာဉ်ထဲမှာရှိနေတဲ့ လိုအပ်ချက်ကို ဖြည့်ပေးနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ဂျွန်ကော်ကိုရန်နဲ့ သူ့မြေးမလေး ကေလာမာတက်စ်

စာတတ် မြောက်ရေးအလုပ်ကို မြှင့်တင်ပေးဖို့နဲ့ အခြားသူတွေကိုလည်း စိတ်ဓါတ်မြှင့်တင်ပေး တဲ့အနေနဲ့ ကျွန်တော့်အကြောင်းကို ထုတ်ပြောဖို့ဆရာမက အားပေးခဲ့ပါတယ်။ဒါပေမယ့် "ကျွန်တော်က မဖြစ်ဘူး ။ကျွန်တော်ဒီမှာ နေလာခဲ့တာ ၁၇နှစ်ရှိပြီ ။ ကျွန်တော့် ကလေးတွေ ဒီမှာရှိတယ်။ မိန်းကလည်း ဒီမှာ သူက ပရောဖက်ရှင်နယ်တယောက် ၊ မိဘတွေကလည်းဒီမှာ ဆိုတော့ ဖွင့်မပြောနိုင်ဘူး"လို့ ပြန်ပြောခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်ချပြီး ဖွင့်ပြောဖို့ကိစ္စကို လုပ်ဖြစ်ခဲ့ပါတယ်။ ဖွင့်ပြောရမယ့် အကြောင်းက အခက်တွေ့အကျပ်ရိုက်ခဲ့တဲ့ လျို့ဝှက်ချက်၊ ရှက်စရာကောင်းတဲ့ လျို့ဝှက်ချက်ဖြစ်လို့ ကျွန်တော့်အတွက်ကြီးမားတဲ့ ဆုံးဖြတ်ချက်တခုချခဲ့ရပါတယ်။

လုပ်ရတာမလွယ်ကူခဲ့ပေမယ့် စိတ်ဆုံးဖြတ်ချက်ချပြီး အမေရိက တလျှောက်မှာ ကျွန်တော့်အကြောင်း ဇာတ်လမ်းကို လိုက်ပြောပြခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာထိန်းသိမ်းခဲ့တဲ့ လျို့ဝှက်ချက်ကို ကမ္ဘာကို သိအောင် ကျွန်တော်ချပြလိုက်တာပါ။

ကျွန်တော့်အကြောင်းကို လယ်ရီကင်းအစီအစဉ်မှာ၊ အေဘီစီသတင်းမဂ္ဂဇင်း အစီအစဉ်နဲ့အော်ပရာဝင်းဖရေအစီစဉ်တွေမှာ တင်ဆက်ခဲ့ပါတယ်။

စာမဖတ်တတ်တဲ့ ဆရာတယောက် အကြောင်းဇာတ်လမ်းက ကြားရတဲ့ လူတွေအတွက်တော့ စိတ်မ သက်သာစရာဖြစ်ကြမှာပါ။ ဒီဇာတ်လမ်းက မဖြစ်နိုင်ဘူး၊ ဇာတ်လမ်းတခုလုံး ကလုပ်ကြံထား တာလို့တချို့ လူတွေကလည်း ပြောကြပါတယ်။

ဒါပေမယ့် ကွန်တော်လူတွေကို သိစေချင်တာက မျှော်လင့်ချက်ရှိရင် အဖြေတစ်ခုရှိတယ်ဆိုတာပါ။ ကျွန်တော်တို့ ကလူအတွေ၊နလပိန်းတုံးတွေမဟုတ်ပါ ဘူး။ စာဖတ်တတ်အောင် သင်ဖို့ ဆိုတာကလည်း ဘယ်တော့မှနောက်မကျပါဘူး။

ကံဆိုးချင်တော့လည်း ကျွန်တော်တို့ဟာ ကလေးတွေကို အခြေခံစာရေး စာဖတ်ရအောင်မ သင်ပေးဘဲနဲ့ကျောင်းကိုပဲ အတင်းတွန်းပို့နေကြဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဆရာတွေကို အပြစ်တင်နေမယ့်အစား သူတို့ကို လေ့ကျင့်ပြီးသားလူတွေအဖြစ်သေချာအောင်လုပ်ဆောင်ပေးမယ်ဆိုရင် တော့ ဒီစက်ဝန်းထဲကနေ ကျွန်တော်တို့ ဖောက်ထွက်လာနိုင်မှာပါ။

ကျွန်တော်ဟာ ၄၈နှစ်လောက် အမှာင်ထဲမှာနေခဲ့တဲ့သူပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ အတိတ် တစ္ဆေ တွေကိုမြေမြုပ်ပစ်နိုင်ခဲ့ ပြီး ဖြေရှင်းရခက်တဲ့ ပုစ္ဆာကိုလည်း အဖြေထုတ်နိုင်ခဲ့ပါတယ်။