ကိုရိုနာဗိုင်းရပ်စ် - အိန္ဒိယမှာ ကူးစက်မှု အမြင့်ဆုံး ထိုးတက်

ကူးစက်မှု အများအပြားတွေ့ရှိတာနဲ့ ပိတ်ထားတာတွေ ပြန်ဖြေလျှော့ဖို့ လုပ်ချိန်က တိုက်ဆိုင်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ကူးစက်မှု အများအပြားတွေ့ရှိတာနဲ့ ပိတ်ထားတာတွေ ပြန်ဖြေလျှော့ဖို့ လုပ်ချိန်က တိုက်ဆိုင်နေပါတယ်။

အိန္ဒိယမှာ တစ်နေ့တည်း ကူးစက်မှု အများဆုံး အဖြစ် ကူးစက်မှု အသစ် ၃၉၀၀ ကိုတွေ့ရှိရတယ်လို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူနာသစ်တွေ ကူးစက်မှု ထပ်တိုးလာမှုအရ အိန္ဒိယရဲ့ ကူးစက်မှု စုစုပေါင်း ၄၆,၄၃၃ ထိ ရှိလာပါပြီ။

ပိုးစစ်တာတွေ တိုးလုပ်လာတဲ့အတွက် ဒီလိုကူးစက်သူ အသစ်တွေ ပိုများများတွေ့လာတာ ဖြစ်ပြီး တနင်္လာနေ့က လူ ရှစ်သောင်းကျော်ကို စစ်ခဲ့ပါတယ်။

အိန္ဒိယမှာ မတ်လ ၂၄ ရက် ကတည်းက ပိုးကူးစက်မှု တားဆီးနိုင်ရေး ပိတ်ဆို့ထားတာတွေကို တချို့နေရာတွေမှာ ဖြေလျှော့ဖို့ လုပ်နေတုန်းမှာ အခုလို ကူးစက်မှုတွေ တိုးလာ ဖြစ်ပါတယ်။

စျေးဆိုင်လေးတွေ ပြန်ဖွင့်တာ၊ ဝန်ထမ်းနည်းနည်းပဲ ရုံးပြန်တက်ပြီး လုပ်ငန်းတွေ ပြန်ဖွင့်တာနဲ့ တချို့နေရာတွေမှာ ကိုယ်ပိုင်ကားတွေ သွားလာတွေ ရှိနေပါပြီ။ ဒါပေမဲ့ အများသုံး ကား၊ရထားတွေကတော့ ရပ်ထားတုန်းပါပဲ။

ဒါပေမဲ့ ကူးစက်မှု မြင့်နေလို့ ထိန်းချုပ်ဧရိယာ အဖြစ် သတ်မှတ်ထားတဲ့ နေရာတွေမှာတော့ ခုနက ဖြေလျှော့တာတွေ အကျုံးမဝင်ပါဘူး။

ကမ္ဘာမှာ လူဦးရေ ဒုတိယ အများဆုံး ဖြစ်တဲ့ အိန္ဒိယမှာ လူဦးရေနဲ့ယှဥ်ရင် ကူးစက်မှုက အခုထိ နည်းနေပါသေးတယ်။ ဒါကြောင့် အစိုးရရဲ့ လော့ဒေါင်းလုပ်တဲ့ မူဝါဒက အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဒါပေမဲ့ လော့ဒေါင်းကို စောစော ပြန်ဖြေလျှော့လိုက်ရင် သူတို့လုပ်ထားတဲ့ အခြေအနေကောင်းတွေ ပြန်ဆုံးရှုံးသွားနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

တကယ်တမ်းမှာ အိန္ဒိယ ကူးစက်မှု အခြေအနေက အကျဘက်ကို သွားနေတာ မတွေ့ရသေးတာကို စိုးရိမ်မိတယ်လို့ အိန္ဒိယ ဆေးသိပ္ပံက ဒါရိုက်တာ ရန်ဒိ ဂူလာရီယာက Indian Express သတင်းစာကို ပြောပါတယ်။

"လော့ဒေါင်းလုပ်ထားလို့ ကူးစက်မှုက တန်းနေပေမယ့် ကူးစက်မှုက ပြန်ကျလာတာကို မတွေ့ရသေးဘူး။ ဒါကြောင့် စိတ်ပူမိတာ။ ဒါကြောင့် နောက် လေးပတ် ကနေ ခြောက်ပတ်က အရမ်း အရမ်း အရေးကြီးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လော့ဒေါင်းက အမြဲတမ်း လုပ်ထားလို့မှ မရတာ" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံစီးပွားရေးက တော်တော် စိုးရိမ်နေရပြီး လူသန်းပေါင်းများစွာ ဝင်ငွေမရှိဘဲ ဖြစ်နေချိန်မှာ နိုင်ငံကို ပြန်ဖွင့်ဖို့က လွဲလို့ ရွေးစရာ များများစားစား မရှိဘူးလို့ လူတော်တော်များများက ယူဆနေကြပါတယ်။

လော့ဒေါင်းလုပ်တာတွေ ဖြေလျှော့ရင် ကူးစက်မှု ပြန်ထိုးတက်သွားနိုင်လို့ မူဝါဒတွေ ချတဲ့အခါ ပါးနပ် ဖို့လိုတယ်လို့ ဂျပန် ဘဏ္ဍာရေး ဝန်ဆောင်မှု ကုမ္ပဏီ နိုမူရာက ပြောပါတယ်။

တခြားနိုင်ငံတွေမှာလိုပဲ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ပြန့်ပွားအောင် တားဆီးရာမှာ ရောဂါပိုး ရှိမရှိ စစ်ဆေးမှုဟာ အဓိက အရေးပါမှာ ဖြစ်တယ်။

ရောဂါပိုး ရှိမရှိ စစ်ဆေးမှု အနည်းဆုံး ကမ္ဘာ့နိုင်ငံတွေထဲမှာ တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ စစ်ဆေးနိုင်မှုအား ပိုကောင်းလာဖို့ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ခဲ့ပါတယ်။ သိပ်မကြာခင် တစ်နေ့ကို လူတစ်သိန်းလောက် စ စစ်ဆေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ အိန္ဒိယ ကျန်းမာရေး တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။