ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အိန္ဒိယမှာ လူ ၁၃ ယောက်သေဆုံး

ဓာတ်ငွေ့ရှူရှိုက်မိသူ အများအပြားကို ဆေးရုံပို့ခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, getty images

ဓာတ်ပုံ ပုံစာ,

ဓာတ်ငွေ့ရှူရှိုက်မိသူ အများအပြားကို ဆေးရုံပို့ခဲ့ရ

အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ဓာတ်ငွေယိုစိမ့်မှုကြောင့် လူ ၁၃ ယောက်သေဆုံးပြီး ရာနဲ့ချီတဲ့လူတွေ နာမကျန်းဖြစ်ခဲ့ပါတယ်။

ဓာတ်ငွေ့ယိုစိမ့်မှုဟာ အန်ဒရာပရာဒက်ရှ်ပြည်နယ် ဗစ်ရှ်ခါပတ်နမ် မြို့မှာဖြစ်ပွားခဲ့ပြီး LG Polymers စက်ရုံကနေ ယိုစိမ့်ခဲ့တာ ဖြစ်ပါတယ်။

ရာနဲ့ချီတဲ့လူတွေကို ဆေးရုံတင်ခဲ့ရတယ်လို့ ဆရာဝန်တွေကပြောပါတယ်။ လူအများအပြားဟာ မျက်လုံးတွေ ပူလောင်ပြီး အသက်ရှူကျပ်ခဲ့ကြပါတယ်။

ဓာတ်ငွေ့ယိုစိမ့်မှုဟာ ဒေသစံတော်ချိန် မနက် ၃ နာရီလောက်မှာ ဖြစ်ပွားခဲ့ပြီး ပေါ့ဆမှုကြောင့် ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားအောင် ပိတ်ဆို့မှုတွေကို မတ်လ ၂၄ ရက်နေ့ကတည်းက လုပ်ခဲ့ပြီးနောက် အခုပထမဆုံးအကြိမ်အဖြစ် စက်ရုံကို ပြန်ဖွင့်ရာမှာ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားတာပါ။

စက်ရုံပြန်ဖွင့်ရာမှာ ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေကို သင့်တင့်လျောက်ပတ်စွာ မလိုက်နာခဲ့လို့ ယိုစိမ့်မှု ဖြစ်ပွားခဲ့ပုံရတယ်လို့ ပြည်နယ် စက်မှုဝန်ကြီး ဂူတန်ရက်ဒီက ဘီဘီစီ တဲလုဂု ဌာနကို ဖြေကြားခဲ့ပါတယ်။

ဗစ်ရှ်ခါပတ်နမ်က အကြီးတန်းရဲအရာရှိတဦးဖြစ်တဲ့ ဆွာရုရန်နီက ပိတ်ဆို့မှုကြောင့် စက်ရုံကို မလည်ပတ်ဘဲ ထားခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

ပိတ်ဆို့မှုကာလမှာ ဓာတ်ငွေ့ယိုစိမ့်နေခဲ့ပြီး ဓာတုဓာတ်ပြုမှုဖြစ်ပေါ်ခဲ့ရာကနေ လှောင်ကန်တွေအတွင်းမှာ အပူဓာတ် ထွက်လာပါတယ်။ အဲဒီကနေ ဓာတ်ငွေ့ယိုစိမ့်လာတာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

မနက် ၃ နာရီခွဲလောက်မှာ ရွာသားတွေက တိုင်ကြားခဲ့လို့ရဲအဖွဲ့ဟာ အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက်ခဲ့ပေမယ့် အဆိပ်သင့်မှာစိုးလို့ အမြန်ပြန်ဆုတ်ခဲ့တယ်လို့ သူက ပြောကြောင်း သတင်းဌာနတွေက ကိုးကားရေးသားကြပါတယ်။

လေထဲမှာ ဓာတ်ငွေ့အနံ့ရရင်အဲဒီအနီးအနားမှာ မိနစ် အနည်းငယ်ထက်ပိုနေဖို့ မဖြစ်နိုင်ဘူးလို့လည်း သူကဆိုပါတယ်။

ဓာတ်ငွေ့ပျံ့နှံ့လာတော့ လူတွေဟာ တုန်လှုပ်ခြောက်ခြားပြီး အိမ်ထဲက ထွက်ပြေးကြပါတယ်။ လူတွေသတိလစ်ပြီး လမ်းတွေပေါ် လဲကျသွားတဲ့ စိတ်ထိခိုက်စရာ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ တင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ဆေးရုံတင်ကုသခဲံရသူတွေထဲမှာ ကလေးငယ်တွေလည်းပါဝင်

ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားချိန်မှာ စက်ရုံဝန်ထမ်းတချို့ အတွင်းမှာ ရှိနေလိမ့်မယ်လို့ ယူဆကြပါတယ်။ သူတို့နဲ့ပတ်သက်ပြီး ဘာသတင်းမှ မရသေးဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဓာတ်ငွေ့ဟာ ၂ မိုင်ပတ်လည်ဒေသအတွင်း ပျံ့နှံ့ရောက်ရှိခဲ့မယ်လို့ယူဆတဲ့အတွက် အနီးအနား ပတ်ဝန်းကျင်က လူတွေကို ရွှေ့ပြောင်းခဲ့ပါတယ်။

အနည်းဆုံးလူပေါင်း ၁၀၀၀ ကိုဆေးရုံတင်ခဲ့ရတယ်လို့ ဒေသန္တရ ကျန်းမာရေး အရာရှိတဦးက ပြောဆိုပြီး နောက်ထပ်လူပေါင်းများစွာဟာ သူတို့အိမ်တွေထဲမှာ သတိလစ်နေတာမျိုး ဖြစ်နိုင်တာကို စိုးရိမ်ပူပန်မိကြောင်းလည်း ပြောပါတယ်။

အဲဒီအချိန်မှာ အိပ်ပျော်နေတဲ့သူတွေ ရှိပါတယ်။ လူတွေကို ဆေးရုံပို့နိုင်ဖို့ သူတို့ဆောင်ရွက်ပေးနေပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ သူတို့အတွက် အောက်ဆီဂျင်နဲ့ လေကောင်းလေသန့်ပေးဖို့ လိုအပ်လို့ပါလို့ ကျန်းမာရေး အရာရှိ ဘီကေနိတ်က အေအက်ဖ်ပီ သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

ဖြစ်ဖြစ်ချင်းမှာ ဓာတ်ငွေ့ယိုစိမ့်မှုကို ထိန်းချုပ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူးလို့အရာရှိတဦးကဆိုပါတယ်။

အခုအခါမှာတော့ အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီလို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြရေးသားကြပါတယ်။

ယိုစိမ့်ခဲ့တဲ့ဓာတ်ငွေ့ဟာ စတိုင်းရင်းဓာတ်ငွေ့ဖြစ်တယ်လို့ အန်ဒရာပရာဒက်ရှ် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအဖွဲ့ရဲ့ ထိပ်တန်းအရာရှိတဦးဖြစ်တဲ့ ရာဂျန်ဒြာရက်ဒီက ဘီဘီစီကိုပြောပါတယ်။ စတိုင်းရင်းကို ပုံမှန်အားဖြင့် အေးခဲထားလေ့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, getty images

ဓာတ်ပုံ ပုံစာ,

အခုယိုစိမ့်ခဲ့တဲ့ဓာတ်ငွေ့ဟာ စတိုင်ရင်းဓာတ်ငွေ့လို့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆို

ဓာတ်ငွေ့ကိုရှူရှိုက်မိခဲ့သူတွေဟာ ရေရှည်မှာ ဘယ်လိုအကျိုးဆက်ဖြစ်နိုင်တယ်ဆိုတာကိုတော့ လေ့လာနေဆဲပဲလို့လည်း သူကဆိုပါတယ်။

အခုလောလောဆယ်မှာတော့ လူတွေအနေနဲ့ ဓာတ်ငွေ့အန္တရာယ် ကာကွယ်ဖို့အတွက် ရေစိုအဝတ် ဒါမှမဟုတ် ရေစိုနှာခေါင်းစည်း တပ်ဆင်ထားကြဖို့ အကြံပြုထားပါတယ်။

အိန္ဒိယမှာလည်း အရင်ကလည်း ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့ဖူးတဲ့ သမိုင်းကြောင်းရှိပါတယ်။

၁၉၈၄ခုနှစ်က ဘိုပါးလ်မြို့ ပိုးသတ်ဆေးစက်ရုံကနေ အဆိပ်အတောက် ဓာတုပစ္စည်းယိုစိမ့်ခဲ့ပြီး လူပေါင်း ထောင်ချီ သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဟာ ကမ္ဘာမှာ အဆိုးဝါးဆုံး ဓာတုယိုစိမ့်မှု တခုဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းက ယိုစိမ့်ခဲ့တဲ့ မီသိုင်းအိုင်ဆိုဆိုင်ယာနိတ်ကြောင့် နှစ်ပေါင်း ၃၅ နှစ် ကြာတဲ့တိုင်အောင် ခန္ဓာကိုယ်အင်္ဂါချို့တဲ့တဲ့ကလေးငယ်တွေကို မွေးဖွားဆဲဖြစ်တယ်လို့ ဓာတုအဆိပ်သင့်ခဲ့သူတွေက ပြောဆိုကြပါတယ်။

(ဒီသတင်းကို ဘီဘီစီ တဲလုဂု ဌာနက ဆတစ်ရှ်ဘယ်လာနဲ့ ဒိပထိဘာထိနီတို့ ပူးပေါင်းရေးသားပါတယ်။)