ဗြိတိန်က ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံး ဖြစ်နေတာ ဘာကြောင့်လဲ

ရောဂါကူးစက်မှုကာလ စိတ်မပျက်စေဖို့ သက်တံပုံနဲ့ အားပေးကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ရောဂါကူးစက်မှုကာလ စိတ်မပျက်စေဖို့ သက်တံပုံနဲ့ အားပေးကြ

အစိုးရထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ဖြစ်လို့ သေတဲ့လူ စုစုပေါင်း အရေအတွက်က ဥရောပတိုက်မှာ ဗြိတိန်က ထိပ်ဆုံးဖြစ်သွားပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက နောက်ထပ်လူ ၆၄၉ ယောက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပြီး ဗြိတိန်မှာ အဲဒီရောဂါကြောင့်သေဆုံးသူ စုစုပေါင်း ၃၀,၀၇၆ ယောက်ထိများသွားပါပြီ။

အင်္ဂါနေ့မှာတုန်းက အီတလီက နောက်ဆုံးစာရင်းအရ ၂၉,၆၈၄ ယောက်နဲ့ ဥရောပမှာ ကိုဗစ် -၁၉ ရောဂါနဲ့ သေဆုံးမှု အများဆုံးဖြစ်နေခဲ့တာပါ။

ကမ္ဘာကိုကြည့်ရင်တော့ အမေရိကန်က ဒီရောဂါနဲ့ လူပေါင်း ၇၂,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေး ပညာရှင်တွေကတော့ ဒီကိန်းဂဏန်းတွေက ဇာတ်လမ်းတခုလုံးကို ပြောပြနေတာ မဟုတ်ဘူး၊ အစိတ်အပိုင်းလေးကိုသာ ဖော်ပြနေတာလို့ ဆိုပါတယ်။

ကင်းဘရစ်ချ် တက္ကသိုလ် က ပါမောက္ခ ဆာ ဒေးဗစ် စပီဂျဲလ်ဟောတာက ကျွန်တော်တို့ အသေအချာ မှတ်ယူနိုင်တာကတော့ထုတ်ပြန်ကြတဲ့ ဒီကိန်းဂဏန်းတွေ အားလုံးဟာ ဗိုင်းရပ်စ်ကြောင့် အမှန်တကယ်သေသွားသူ အရေအတွက်ကို "အကြီးအကျယ် လျော့ပေါ့တွက်ထားတာ" လို့ ပြောပါတယ်။

"ကျွန်တော်တို့ စိတ်ချလက်ချပြောနိုင်တာကတော့ အဲ့ဒီနိုင်ငံတွေအားလုံးထဲ တနိုင်ငံမှ အခြေအနေကောင်းတာ မဟုတ်ဘူး ဆိုတာပါ။ ဘယ်သူက ဘယ်အဆင့်မှာရှိတယ်ဆိုတာကို ပြနိုင်ဖို့ ဘာအချက်မှ ကောင်းကောင်းမရှိပါဘူး" လို့လည်း သူက ထပ်ဖြည့်ပြောပါတယ်။

နှိုင်းယှဥ်ကြည့်ခြင်း

နိုင်ငံအမျိုးမျိုးကထုတ်ပြန်တဲ့ ဗိုင်းရပ်စ်ကြောင့်သေဆုံးမှုနှုန်းတွေကို နှိုင်းယှဉ်ပြီး ကောက်ချက်ဆွဲ ရတာကလည်း အခက်အခဲ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။

"တခြားနိုင်ငံတွေ ဗိုင်းရပ်စ်ကြောင့်သေတာကို သတ်မှတ်တဲ့နည်းနာက မတူညီဘဲ အမျိုးမျိုးကွဲပြားပါတယ်၊ နိုင်ငံတကာက ကိန်းဂဏန်းတွေကို နှိုင်းယှဉ်ရတာ အလွန်ကို ခက်ခဲပါတယ်" လို့ အင်္ဂလန်ပြည်သူ့ကျန်းမာရေး ဌာန ဆေးပညာဆိုင်ရာ ဒါရိုက်တာ ပါမောက္ခ အီဗွန်း ဒွိုင်းက ဆိုပါတယ်။

ဗြိတိန် လူဦးရေက အကြမ်းဖျင်းအားဖြင့် ၆၆ သန်းရှိပြီး အီတလီက သန်း ၆၀ ပါ။

လူဦးရေနဲ့ အဲဒီသေနှုန်းကို အချိုးချကြည့်ရင် ဗြိတိန်က အီတလီထက် ၁၀ ရာခိုင်နှုန်း ပိုများပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အီတလီမှာ နှာခေါင်းစည်းတပ်ဖို့ သတိပေး

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဗိုင်းရပ်စ်ကြောင့်သေတာလို့ ကောက်ယူတဲ့စာရင်းပြုစုပုံက တနိုင်ငံနဲ့ တနိုင်ငံမတူတာကို ထည့်စဉ်းစား ကြဖို့လည်း ပြောနေပါတယ်။

ဗြိတိန်အစိုးရ ကျန်းမာရေးဆိုင်ရာ အကြံပေး အကြီးအကဲ ခရစ် ဝှစ်တီ က "နိုင်ငံတိုင်းက မတူတဲ့နည်းတွေနဲ့ စာရင်းသွင်းနေတာဖြစ်တယ်။ ဒီတော့ အဲဒါတွေ တခုနဲ့တခု နှိုင်းယှဉ်ပြောနေတာက အကျိုးမဖြစ်တာ လုပ်နေသလိုဖြစ်တယ်" လို့ ပြောပါတယ်။

နိုင်ငံတွေအကြား ဆေးရုံမှာ ကိုဗစ် - ၁၉ ကြောင့်သေဆုံးတဲ့ စာရင်းသွင်းတာကတော့ အတော်လေး အတိအကျပါ။ ဒါပေမဲ့ လူအိုစောင့်ရှောက်ရေး ဂေဟာတွေ၊ အိမ်တွေမှာ သေဆုံးတဲ့ စာရင်းမှာတော့ အတိအကျ သတ်သတ်မှတ်မှတ် ရှိမရှိ မရှင်းလင်းပါဘူး။

လူဦးရေထဲမှာ အသက်ငယ်သူက ဘယ်လောက်၊ အသက်ကြီးသူက ဘယ်လောက် ပါလဲဆိုတဲ့ အပေါ်မှာလည်း အခုနှိုင်းယှဉ်တွက်ကြတဲ့ အရေးမှာ ထည့်တွက်ဖို့လိုလာပါတယ်။

ဥပမာအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ထိခိုက်သက်ရောက်မှုက အသက်ငယ်တဲ့ လူတွေထက်စာရင် အသက်ကြီးတဲ့သူတွေအပေါ် ပိုများတာကို သိထားကြပြီးသားပါ။

တခါ အသက်ကြီးတဲ့သူတွေအထဲ ပင်ကိုယ် နာတာရှည်ရောဂါအခံရှိရင် ပိုပြီး အသက်အန္တရာယ်နဲ့ နီးပါတယ်။

အီတလီမှာ အသက်ကြီးတဲ့သူအရေအတွက်က အသက်ငယ်တဲ့သူအရေအတွက်နဲ့ နှိုင်းစာရင် ပိုများပါတယ်။ ဒီတော့ တခြားအချက်တွေက အတူတူဖြစ်မယ်ဆိုရင် အီတလီက သေဆုံးနှုန်းက ဗြိတိန်က သေဆုံးနှုန်းထက်များမယ်လို့ မှန်းဆနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေတာဆိုတာ ဘာလဲ

ဗြိတိန်မှာ အစိုးရကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ကိုရိုနာဗိုင်းရပ်စ် အတည်ပြု လူနာစာရင်းကို အခြေခံပြီးမှ သေတယ်ဆိုရင် အဲဒါကြောင့်သေတယ်ဆိုတဲ့ စာရင်းသွင်း ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ အမျိုးသားအဆင့် စာရင်းဇယားများဌာနကတော့ သေစာရင်း လက်မှတ် မှာ ကိုဗစ် - ၁၉ ကြောင့်သေတယ်လို့ ရေးထားရင် အဲဒီလိုပဲ စာရင်းသွင်းပါတယ်။ အဲဒီလူဟာ ဗိုင်းရပ်စ် တကယ်ရှိမရှိ စစ်ဆေးထားတယ်၊ မထားဘူး ဆိုတာကို ထည့်မတွက်ပါဘူး။

ဘယ်လ်ဂျီယံဟာ ဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်း မြင့်တယ်ဆိုတာကို ထုတ်ပြန်တဲ့နောက်မှာ ဗိုင်းရပ်စ် ကြောင့် အထိခိုက်ဆုံးနိုင်ငံအဖြစ် အဝေဖန်ခံရပါတယ်။

သူတို့ ဗိုင်းရပ်စ်ကြောင့်သေဆုံးနှုန်းကောက်တာက တခြားနိုင်ငံတွေနဲ့ မတူဘူးလို့ ဘယ်လ်ဂျီယံ အစိုးရ အရာရှိတွေက ပြောပြီး သူတို့ က ဆေးရုံမှာသေဆုံးတာ၊ လူအိုရုံတွေမှာ သေဆုံးတာကို စာရင်းကောက်တယ်၊ လူအိုရုံမှာ သေဆုံးတာဆိုရင် ကိုဗစ် - ၁၉ ရောဂါကြောင့် သေတယ်လို့ သံသယရှိတာကို တကယ် ပိုးရှိ၊ မရှိ မစစ်ဆေးဘဲ စာရင်းထဲထည့်ကြောင်း ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

လူအများကြားသွားရင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဖို့ ဘယ်လ်ဂျီယံမှာ စည်းကမ်းထုတ်

တခါ နိုင်ငံရေးစနစ်အရ တင်းကျပ်တဲ့ ထိန်းချုပ်မှုအောက်က နိုင်ငံတွေက သတင်းအချက်အလက်တွေ ဟာလည်း ယုံကြည်စိတ်ချရဖို့ ခက်ခဲပါတယ်။

နိုင်ငံ လူဦးရေနဲ့နှိုင်းယှဉ်ရင် ဗိုင်းရပ်စ်ကြောင့်သေဆုံးတဲ့နှုန်းက တရုတ်နိုင်ငံ စာရင်းတွေကို ကြည့်မယ်ဆိုရင် အင်မတန်မှ နည်းပါးတာတွေ့ရပါတယ်။ ဒါတောင် ဝူဟန်က သေစာရင်းကို ၅၀ ရာခိုင်နှုန်း ထပ်မြှင့်ပြီးတဲ့ နောက်ကို ပြောတာပါ။

ဒီတော့ စာရင်းဇယားတွေ ကောက်ရတာအချိန်ယူရမှာဖြစ်သလို အဲဒီအချိန်က လပေါင်းများစွာ အနည်းဆုံးကြာနိုင်တယ်လို့ပညာရှင်တွေက ဆိုကြပါတယ်။

ဗြိတိန်မှာ ဘာအမှားတွေ လုပ်ခဲ့လဲ

ကမ္ဘာ့ကပ် အစောပိုင်းကာလတွေအတွင်း ဓာတ်ခွဲခန်းစမ်းသပ်တာကို အကျယ်အပြန့်လုပ်တာ၊ ပိုးရှိသူနဲ့ ထိတွေ့ခဲ့သူတွေကို ကွင်းဆက်နောက်ကြောင်းလိုက်ပြီး စီမံပေးတာ စတာတွေကို လုပ်ခဲ့တဲ့ နိုင်ငံတွေကကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု ထိန်းချုပ်ရေးမှာ အောင်မြင်မှု အကောင်းဆုံး ရခဲ့ပုံပါ။

ဂျာမနီနဲ့ တောင်ကိုရီးယားမှာ တခြားအဆိုးဆုံးထိခိုက်တဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် သေဆုံးနှုန်း အင်မတန်ကို နည်းပါတယ်။

လူဦးရေဘယ်လောက်မှာ လူဘယ်လောက်က ဓာတ်ခွဲခန်း စမ်းသပ်စစ်ဆေးတာ လုပ်ပြီးပြီလဲ ဆိုတဲ့ ကိန်းဂဏန်းအချက်အလက်က သေဆုံးနှုန်းနိမ့်မယ် ဆိုတာကို မှန်းဆဖို့အတွက် အသုံးဝင်နိုင်တဲ့ အချက်လို့ တွက်နိုင်ပါတယ်။

ဒါပေမဲ့ နိုင်ငံအလိုက် ဆေးစစ်တဲ့ စာရင်းဇယားတွေကလည်း ကောက်ယူပုံမတူပါဘူး၊ တချို့က ဆေးစစ်ပြီးတဲ့ လူအရေအတွက်ကို ကောက်တယ်၊ တချို့ကျတော့ စစ်ဆေးတဲ့ ကိန်းဂဏန်းကို ကောက်ယူပါတယ်၊ ဆိုလိုတာက လူတယောက်မှာ မသေချာလို့ ၂ ကြိမ်၊ ၃ ကြိမ် ပြန်စစ်ရတာလည်း စစ်တဲ့ အရေအတွက်ထဲမှာ ပါသွားပါတယ်။

ဘယ်အချိန်မှာ ဆေးစစ်ပေးတာလဲ၊ ဆေးရုံရောက်မှ စစ်တာလား၊ ရပ်ထဲရွာထဲမှာ လိုက်စစ်ပေးတာလား ဆိုတဲ့အချက် ကလည်း ထည့်သွင်းစဥ်းစားဖို့ ကောင်းတဲ့အချက်ပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

တောင်ကိုရီးယားမှာ ဧပြီ ၃၀ ရက်မှာ နိုင်ငံတွင်း အချင်းချင်းကူးစက်သူ မရှိတဲ့ ပထမဆုံးနေ့အဖြစ် မှတ်တမ်းဝင်ခဲ့

ဂျာမနီနဲ့ တောင်ကိုရီးယားမှာ အချိန်စောစောကတည်းက ဓာတ်ခွဲခန်း ဆေးစစ်ပေးတာကိုလုပ်ပေး နိုင်ပြီး၊ ဗိုင်းရပ်စ်က ဘယ်က ဘယ်လို ပျံ့နေတာလဲဆိုတာ အများကြီး လေ့လာနိုင်ခဲ့ပါတယ်။

အီတလီမှာလည်း ဆေးစစ်တာတွေ အများကြီး လုပ်နိုင်ပါတယ်၊ ဒါပေမဲ့ သေနှုန်းမြင့်ပါတယ်၊ အီတလီက ဗိုင်းရပ်စ်နိုင်ငံတွင်းမှာ ပြန့်ပွားတာ အတော်အချိန်ရပြီးမှ ဆေးစစ်တာကို အရှိန်မြှင့်ခဲ့တာပါ။

ဗြိတိန်ကလည်း အီတလီလို အလားတူပါပဲ။

အတိုက်အခံပါတီက အောက်လွှတ်တော်အမတ် ဒေါက်တာ ရိုဆီနာ အဲလ်လင် ခန်းက အစိုးရရဲ့ ဆေးစစ်တဲ့ ဗျူဟာက"အသက်တွေအများကြီးပေးခဲ့ရတယ်" လို့ အစိုးရကို ဝေဖန်ပါတယ်။

ဒီလိုဝေဖန်တာတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေ၊ စောင့်ရှောက်မှုပေးတဲ့ဝန်ထမ်းတွေ အတွက် အကာအကွယ် ပစ္စည်းတွေ personal protective equipment (PPE) မလုံလောက်တဲ့ အပေါ်မှာလည်း အစိုးရကို လူတချို့ က အပြစ်ပုံခဲ့ပါတယ်။

ဧပြီလအစောပိုင်းတုန်းက အမျိုးသားအဆင့် စောင့်ရှောက်မှုဆိုင်ရာ အသင်းက နာဒရာ အာမက် က "ကျွန်မတို့ အများဆုံးကြားရတဲ့ အသံတွေကတော့ 'ကျွန်တော်တို့၊ ကျွန်မတို့ နှာခေါင်းစည်းတွေ အသည်းအသန်ကို လိုနေတယ်၊ ဘယ်သူ့ဆီမှာများ လက်အိတ်ရမလဲ' စတဲ့အသံတွေပဲ" လို့ ပြောခဲ့ပါတယ်။

အစိုးရ ဝန်ကြီး မိုက်ကယ် ဂို့ခ်က မေလ ၂ ရက်နေ့တုန်းက ပြောရာမှာ အင်္ဂလန်ထဲက ကျန်းမာရေးနဲ့ လူမှုရေး စောင့်ရှောက်မှု စနစ်အတွက် PPE ပေါင်း ၁. ၀၈ ဘီလီယံ ဖြန့်ဝေပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဘီဘီစီက လေ့လာသိသမျှ အဲဒီ PPE ပေါင်း တဝက်လောက်က လက်အိတ်တွေသာဖြစ်ပြီး၊ အဲဒီထဲက အများအပြားကလည်း လက်အိတ်ကို အစုံလိုက် ရေတွက်တာ မဟုတ်ပဲ တခုချင်းလိုက် ရေတွက်ထားတာပါ။

ကမ္ဘာ့ကပ်မပြီးမချင်း ဘယ်နိုင်ငံက ဗိုင်းရပ်စ်အရေးနဲ့ပတ်သက်ပြီး ဘယ်လိုသာတယ်ဆိုတာ သိဖို့ ကတော့ မလွယ်လှပါဘူး။

"ဘယ်နိုင်ငံက ဘာကြောင့် တခြားသူတွေထက် ပိုကောင်းအောင်လုပ်နိုင်တယ် ဆိုတာ သိရဖို့က အဲဒီ ဗိုင်းရပ်စ်ကပ်ကို ကျော်လွှားပြီးချိန်မှ သိရမယ်။ အဲဒီအခါကျတော့ နောက်တခါ ကြုံလာရမှာတွေအတွက် သင်ခန်းစာတွေကို တကယ်လေ့လာပြီး ဖြစ်မယ်" လို့ အောက်စဖို့ တက္ကသိုလ်က ပါမောက္ခ ဂျေဆင် အုတ်ကဲက ပြောပါတယ်။