ရဲရဲ့ TikTok ဗီဒီယိုကြောင့် မိသားစုနဲ့ ပြန်ဆုံခဲ့တဲ့ ဆွံ့အနားမကြားသူ

မိသားစုနဲ့ ပြန်ဆုံစေခဲ့တဲ့ TikTok ဗီဒီယို
ဓာတ်ပုံ ပုံစာ,

မိသားစုနဲ့ ပြန်ဆုံစေခဲ့တဲ့ TikTok ဗီဒီယို

ဆင်းရဲသားတွေကို လူတွေ ကူကြဖို့ ရည်ရွယ် လုပ်ခဲ့တဲ့ တစ်ခ်တော့ခ် ဗီဒီယိုတစ်ခုကြောင့် မထင်မှတ်ဘဲ မိသားစုတစ်စု ပြန်လည် ဆုံစည်းခွင့် ရသွားခဲ့ပါတယ်။

၂ နှစ်ကြာ ပျောက်နေတဲ့ အိန္ဒိယနိုင်ငံက အာရ်ဗန်ကာတီရွှာလူးဆိုတဲ့ အမျိုးသားကို သူ့နေရပ် တီလန်ဂါနာပြည်နယ်ကနေ မိုင် တစ်ထောင့်နှစ်ရာကျော်မှာ တွေ့လိုက်ရပါတယ်။

အဝေးပြေးလမ်းမ ခုံးကျော်တံတားကြီးတစ်ခုအောက်မှာ ရိုက်ထားတဲ့ ဗီဒီယိုထဲမှာတွေ့ခဲ့ရတာပါ။

အာရ် ဗန်ကာတီရွှာလူးကို တွေ့လိုက်ရတဲ့ သူငယ်ချင်းတစ်ယောက်က သူ့မိသားစုကို အကြောင်းကြားခဲ့ရာကနေ ပန်ဂျပ်ပြည်နယ်ရဲရဲ့ အကူအညီနဲ့ မိသားစု ပြန်ဆုံစည်းခဲ့ကြပါတယ်။

သူ့ကို စတွေ့တွေ့ချင်း ချုံးပွဲချ ငိုမိတယ်လို့ သူ့ရဲ့သားက ဘီဘီစီ တယ်လူဂူဌာနကိုပြောပါတယ်။

သူဘယ်လို ပျောက်သွားခဲ့တာလဲ

ဆွံ့အ နားမကြားသူ အာရ် ဗန်ကာတီရွှာလူးဟာ တီလန်ဂါနာပြည်နယ်က ရွာလေးတစ်ရွာမှာ တစ်သက်လုံး နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ အလုပ်ကြမ်းသမား တစ်ဦးဖြစ်ပြီး ကလေး ၅ ယောက်နဲ့ အိမ်ထောင်သည်ပါ။

၂၀၁၈ ခုနှစ် ဧပြီလတုန်းက နောက်ရွာတစ်ရွာမှာ အလုပ်သွားလုပ်ဖို့ ထရပ်ကားတစ်စီးပေါ် တက်လိုက်သွားပါတယ်။

"အဖေက ကားပေါ်မှာ အိပ်ပျော်သွားတယ်။ ကားပေါ်မှာ သူပါလာတာကိုလည်း ကားမောင်းသူက မသိလိုက်ဘူး။ မိုင်ပေါင်းအများကြီး ရောက်မှ သူပါလာတာကို သိတော့ လမ်းမှာ သူ့ကို ချသွားတယ်" လို့သားဖြစ်သူ အာရ်ပက်ဒီရာဂျူ က ဘီဘီစီကို ပြောပြပါတယ်။

ဓာတ်ပုံ ပုံစာ,

၂ နှစ်အတွင်း ရိုတီပဲ စားနေခဲ့ရတယ်

၂ နှစ်အကြာမှာ မိသားစု ပြန်ဆုံစည်းခဲ့

တစ်ခါမှ မရောက်ဖူးတဲ့ နေရာလမ်းမကြီးပေါ်မှာ အသိလည်းမရှိတဲ့ အာရ်ဗန်ကာတီရွှာလူး ဟာ ကားကြုံစီးပြီး အိမ်ပြန်ဖို့ လုပ်ခဲ့ပါတယ်။ အဲဒီမှာ ထရပ်ကားတစ်စီးက သူ့ကို ကားကြုံလိုက်ခွင့် ပေးခဲ့ပါတယ်။ ကားနဲ့လိုက်လာပြီး နာရီပေါင်းအတော်ကြာတဲ့အခါမှာ သူစီးလာတဲ့ကားက သူ့ရွာနဲ့ ဆန့်ကျင်ဘက်ကို ဦးတည်သွားနေတဲ့ ကားဆိုတာကို သိလိုက်ပါတော့တယ်။

အဲဒီ ထရပ်ကားမောင်းသူက သူ့ကို နိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်က စက်မှဇုန်မြို့ကြီး တစ်မြို့ဖြစ်တဲ့ လူဒီယာနာမြို့မှာ ချပေးခဲ့ပါတယ်။

သူတို့အဖေကို ဒေသန္တရ ရဲတွေရဲ့ အကူအညီနဲ့ လိုက်ရှာဖို့ ကြိုးစားခဲ့ပေမဲ့ ရှာမတွေ့ခဲ့ဘူးလို့ သားဖြစ်သူအာရ်ပက်ရာဂျူ က ပြောပြပါတယ်။

သူ့ကို ဘယ်လို ရှာတွေ့ခဲ့တာလဲ

ကံအကြောင်းတရားကြောင့်လို့ ဆိုရမလားပါ။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ဖို့ အိန္ဒိယအစိုးရက လော့ခ်ဒေါင်း ချမှတ်လိုက်ပြီးကတည်းက လူဒီယာနာမြို့မှာ ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဆင်းရဲသားတွေအတွက် အစားအစာ၊ ပစ္စည်းတွေ လှူကြဖို့ ပန်ဂျပ်ပြည်နယ်ရဲတပ်ဖွဲ့တစ်ယောက်ဖြစ်တဲ့ အဂျာယစ် ဆင်း က လိုက်အလှူခံပေးနေပါတာပါ။

ကြည့်ရှုအားပေးသူ ၈ သိန်းကျော်ရှိတဲ့ သူ့ရဲ့ တစ်ခ်တော့ခ် ချယ်နယ်မှာ လော့ခ်ဒေါင်းကာလအတွင်း အလှူခံတဲ့ ဗီဒီယိုတွေ တင်ခဲ့ပါတယ်။

မတ်လတုန်းက သူ့ရဲ့ ဗီဒီယို တစ်ခုမှာတော့ လူဒီယာနာမြို့က ခုံးကျော်တံတားကြီးတစ်ခုအောက်မှာ နေနေတဲ့ လူတွေကို ဆင်း က အစားအသောက်တွေ ဝေပေးနေတာကို တင်ခဲ့ပါတယ်။

အဲဒီ့ဗီဒီယိုကို မိုင်ပေါင်း တစ်ထောင့်နှစ်ရာကျော်ဝေးတဲ့ တီလန်ဂါနာပြည်နယ်က သားဖြစ်သူ အာရ်ပက်ရာဂျူရဲ့သူငယ်ချင်းက ကြည့်နေရာကနေ ဗီဒီယိုထဲမှာ ပါတဲ့ အာရ် ဗန်ကာတီရွှာလူး ကို မှတ်မိပြီးမိသားစုကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

မိသားစုက လူဒီယာနာမြို့ရဲကို အကူအညီလှမ်းတောင်းတော့ ရဲက အာရ် ဗန်ကာတီရွှာလူးကို လိုက်ရှာပြီး သားနဲ့အဖေကို ဗီဒီယိုကနေတဆင့် ဆက်သွယ်ပေးခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

အာရ်ဗန်ကာတီရွှာလူး နဲ့ သူ့သားကို ဗီဒီယိုကနေတဆင့် ပန်ဂျပ်ရဲက ဆက်သွယ်ပေးခဲ့

"ပြန်စတွေ့တွေ့ချင်းမှာ ကျွန်တော်တို့ နှစ်ယောက်စလုံး ချုံးပွဲချ ငိုခဲ့ကြတယ်။ သူ့ကို လာခေါ်ဖို့ အဖေက ကျွန်တော့်ကို ပြောတယ်" လို့ အာရ်ပက်ရာဂျူ က ပြောပြပါတယ်။

လော့ခ်ဒေါင်း ပြီးသွားမှ သူ့အဖေကို လာခေါ်ဖို့ ရဲတွေက အကြံပေးခဲ့ပါတယ်။

"ဒါပေမဲ့ ကျွန်တော်တို့က အဲဒီလောက် အကြာကြီးမစောင့်နိုင်ဘူးလေ။ ဒီတော့ ပြည်နယ်တစ်ခုနဲ့တစ်ခု ဖြတ်ပြီး ခရီးသွားခွင့် လက်မှတ် ရအောင် တောင်းခဲ့တယ်" လို့ သူက ပြောပါတယ်။

သီတင်းတစ်ပတ်အတွင်းမှာပဲ အာရ်ပက်ရာဂျူ တစ်ယောက် ရဲက ကြည့်ရှုထားတဲ့ သူ့အဖေကို အိမ်ပြန်ခေါ်လာဖို့ လူဒီယာနာမြို့ကို သွားခေါ်ခဲ့ပါတယ်။

ကြာသပတေးနေ့ ညနေမှာတော့ သူတို့ ရွာကို အရောက်ပြန်လာနိုင်ခဲ့ပါတယ်။

"အဖေ မိသားစုနဲ့ ခွဲပြီး အကြာကြီး နေဖူးတာ ဒါပထမဆုံးပဲ။ သူ ၂ နှစ်လုံး ရိုတီပဲ စားနေခဲ့ရတာ။ အရင်က ဒီလို မစားဖူးဘူးလေ"လို့ သူ့သားက ပြောပါတယ်။

ပြီးတော့ သူက အခုလို ဆက်ပြောပါတယ်။

"အရင်ဆုံး ကျွန်တော်တို့ အခု လုပ်မှာက အဖေ့ကို အိမ်ထမင်း၊ အိမ်ဟင်း ပူပူနွေးနွေးလေး ကျွေးမှာပါပဲ။"