ဟောင်ကောင် လုံခြုံရေးဥပဒေ တရုတ်ပါလီမန်ထောက်ခံ

ဆန္ဒပြသူနဲ့ ရဲတွေ ဗုဒ္ဒဟူးနေ့က ထိပ်တိုက်တွေ့စဥ်
ဓာတ်ပုံ ပုံစာ,

ဆန္ဒပြသူနဲ့ ရဲတွေ ဗုဒ္ဒဟူးနေ့က ထိပ်တိုက်တွေ့စဥ်

ဟောင်ကောင်အပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ထိပါးအောင်လုပ်တဲ့ အပြုအမူတွေကို ရာဇဝတ်မှုလို့ သတ်မှတ်နိုင်မယ့် လုံခြုံရေး ဥပဒေသစ်ကို တရုတ်ပါလီမန်က ထောက်ခံလိုက်ပါတယ်။

တရုတ်ရဲ့ အဆင့်မြင့် ခေါင်းဆောင်တွေဆီကို တင်သွင်းလိုက်ပြီ ဖြစ်တဲ့ ဒီဥပဒေကြမ်းဟာ တရုတ်ပြည်မကြီးနဲ့ မတူဘဲ ဟောင်ကောင်မှာ ရရှိနေတဲ့ လွတ်လပ်မှုတွေ ဆုံးရှုံးသွားစေမယ့် ဥပဒေအဖြစ် အများက စိုးရိမ်နေကြပါတယ်။

ဒီဥပဒေ အသက်ဝင်လာရင် တရုတ်ရဲ့ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေ ဟောင်ကောင်ထဲကို လာပြီး ပထမဆုံး အခြေစိုက်ခွင့်ရလာမှာ ဖြစ်ပါတယ်။

ဒီဥပဒေ အဆိုပြုမှုကြောင့် ဟောင်ကောင်မှာ တရုတ်ပြည်မကြီး ဆန့်ကျင်တဲ့ ဆန္ဒပြမှု အသစ်တွေ ဖြစ်စေခဲ့ပါတယ်။

ဒါ့အပြင် ဟောင်ကောင် ပါလီမန်မှာ သီးခြားဆွေးနွေးနေတဲ့ တရုတ် နိုင်ငံတော် သီချင်းကို မထီမဲ့မြင်လုပ်ရင် ရာဇဝတ်မှုနဲ့ အရေးယူနိုင်မယ့် ဥပဒေ တင်သွင်းမှုနဲ့ ပတ်သက်ပြီးလည်း မနေ့က ဗုဒ္ဓဟူးနေ့က ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီနိုင်ငံတော်သီချင်း ဥပဒေကြမ်းနဲ့ လုံခြုံရေး ဥပဒေကြမ်းတို့နဲ့ ပတ်သက်ပြီး ဆန္ဒပြသူ ရာချီ အဖမ်းခံခဲ့ရပါတယ်။

ဟောင်ကောင် ဥပဒေပြုကောင်စီမှာ အပြင်းအထန်ဆွေးနွေးမှုတွေ ဒီကနေ့ ကြာသပတေးနေ့မှာ ဆက်လုပ်နေပြီး လုံခြုံရေးတွေလည်း တင်းတင်းကြပ်ကြပ် ဆက်ချထားပါတယ်။

ဒီဆွေးနွေးမှုကနေ အနည်းဆုံး အမတ် နှစ်ယောက် လွှတ်တော်ထဲကနေ အနှင်ခံခဲ့ရပါတယ်။

လွှတ်တော် အမတ် တဒ်ဟွေက ရိရွဲနေတဲ့ အရွက်ပုပ်တွေကို လွှတ်တော်ကြမ်းပြင်မှာ ပစ်ချခဲ့ပြီး အဲဒါက ဟောင်ကောင် နိုင်ငံရေး စနစ် ပုပ်သိုးဆွေးမြေ့ ပျက်စီးနေတာကို ပြတာပဲလို့ ဆိုပါတယ်။

ပုပ်သိုးတယ်ဆိုတာ ဘာလဲ လွှတ်တော်ဥက္ကဋ္ဌကို သိစေချင်တာလို့ သူက ပြောပါတယ်။

လွှတ်တော်ဥက္ကဋ္ဌက သူပစ်လိုက်တဲ့ အထုတ်ကို အမျိုးအမည်မသိ အန္တရာယ်ရှိတဲ့အရာလို့ သတ်မှတ်ပြီး ရဲနဲ့ မီးသတ်တွေကို ခေါ်ခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

လွှတ်တော်ထဲ မီးသတ်တွေရောက်လာခဲ့

တုံ့ပြန်မှုတွေ

အခုပြဋ္ဌာန်းမယ့် ဥပဒေသစ်တွေအရ ဘယ်လို အပြုအမူတွေက ဥပဒေ ချိုးဖောက်တဲ့ အပြုအမူတွေဆိုတာ အသေးစိတ်တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စက်တင်ဘာလကျမှ ဥပဒေတွေ အသက်ဝင်လာဖွယ် ရှိပါတယ်။

အခု လုပ်ဆောင်နေတာတွေကြောင့် ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးရဲ့ သီးခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ဆက်မရှိနေတော့ဘူးလို့ ဆိုနိုင်ပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေယိုက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အဲဒီလို ပြောလိုက်တာက အမေရိကန် ဥပဒေအရ ဟောင်ကောင်ကို တရုတ်ပြည်မကြီးနဲ့ သီးခြားခွဲပြီး စဥ်းစားဆက်ဆံတော့မှာ မဟုတ်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

လုံခြုံရေး ဥပဒေသစ် ထောက်ခံခဲ့ အပြီး သမ္မတနဲ့ အဆင့်မြင့် အရာရှိကြီးတွေ လက်ခုပ်တီးအားပေး

ဒီလို ထုတ်ပြောလိုက်လို့ စီးပွားရေး အချက်အချာ ဖြစ်တဲ့ ဟောင်ကောင်ရဲ့ ကုန်သွယ်ရေးကို အကြီးအကျယ် ရိုက်ခတ်သွားနိုင်ပြီး တရုတ် အစိုးရလည်း အမျက်ထွက်သွားနိုင်ပါတယ်။

ဘာဆက်ဖြစ်မလဲ

ကိုရိုနာ ကူးစက်မှုတွေကြောင့် နှစ်လ နောက်ကျပြီး ကျင်းပရတဲ့ ဘေကျင်း ပါလီမန် အစည်းအဝေး တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် NPC မှာ ဒီလုံခြုံရေး ဥပဒေကြမ်းကို ၂၈၇၈ မဲနဲ့ ထောက်ခံခဲ့ပါတယ်။ ကန့်ကွက်မဲ တစ်မဲနဲ့ ကြားနေမဲ ခြောက်မဲရှိပါတယ်။

ဒါက တစ်နိုင်ငံ စနစ် နှစ်မျိုးမူကို ဆက်ရှိနေစေပြီး ပိုကောင်းအောင်လုပ်မယ့် ဥပဒေလို့ NPC ဥက္ကဋ္ဌ လီကျန်းရှုက လွှတ်တော်ပိတ်ပွဲ အခမ်းအနားမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောပါတယ်။

ဒီဥပဒေက တရုတ် အခြေခံ ဥပဒေ နဲ့ ဟောင်ကောင် အခြေခံ ဥပဒေတို့ရဲ့ လွှမ်းခြုံမှုအတိုင်း ဖြစ်ပြီး တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်က လူတွေ အကုန်လုံးရဲ့ အကျိုးစီးပွားအတွက် ဥပဒေ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

NPC ဟာ အစိုးရက တင်သွင်းတဲ့ ဥပဒေတွေကို အမြဲအတည်ပြုပေးနေတာဖြစ်လို့ ဒီဥပဒေ အတည်ဖြစ်မလာစရာ အကြောင်း မရှိပါဘူး။

ဒီဥပေဒကြမ်းကို အခုဆိုရင် တရုတ်ကွန်မြူနစ်ပါတီရဲ့ အမြဲတမ်းကော်မတီဆီကို တင်သွင်းလိုက်ပါပြီ။

ဒီဥပဒေထဲမှာ ပါမယ့် အသေးစိတ်တွေကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်မှာတွေကတော့

  • နိုင်ငံကပုန်ကန်ခွဲထွက်တာ
  • ဗဟို အစိုးရ သြဇာအာဏာ ယုတ်လျော့အောင်လုပ်တာ၊ ထိပါးတာ
  • အကြမ်းဖက်မှုတွေ လုပ်ဆောင်တာ၊ လူတွေကို အကြမ်းဖက်မှုတွေ လှုံ့ဆော်တာ
  • ဟောင်ကောင်တည်ငြိမ်ရေးကို တိုင်းတစ်ပါးက ဝင်စွက်တာတွေ ဖြစ်ပါတယ်။

ဒါ့အပြင် လိုအပ်လာရင် ဥပဒေအရ ပြည်မကြီး အစိုးရရဲ့ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေကို ဟောင်ကောင်မှာ လာထားပြီး နိုင်ငံလုံခြုံရေးအတွက် သက်ဆိုင်ရာ တာဝန်တွေကို ထမ်းဆောင်စေမှာ ဖြစ်တယ်လို့ ဥပဒေမှာ ပါရှိပါတယ်။

ဒါကြောင့် ဟောင်ကောင်ရဲ့ တရားဥပဒေ စိုးမိုးရေး အာဏာပိုင် အဖွဲ့အစည်းတွေနဲ့အတူ ပြည်မကြီးက အဖွဲ့အစည်းတွေ လာရောက် အခြေစိုက်နိုင်သွားစေမှာ ဖြစ်ပါတယ်။

ဟောင်ကောင် အုပ်ချုပ်ရေး အာဏာပိုင်တွေကတော့ ဒီဥပဒေဟာ ဟောင်ကောင်မှာ တိုးပွားလာနေတဲ့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေ၊ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖို့ မဖြစ်မနေလိုအပ်တဲ့ ဥပဒေ ဖြစ်လို့ ဟောင်ကောင်ဒေသခံတွေ ဘာမှ စိုးရိမ်ဖို့ မလိုဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ဟောင်ကောင်ဒေသခံတွေကတော့ ဟောင်ကောင်နဲ့ ပြည်မကြီးက ခေါင်းဆောင်တွေကို ဝေဖန်တာ၊ ဆန္ဒပြပွဲတွေမှာ ပါဝင်တာနဲ့ လက်ရှိ ဟောင်ကောင်ဥပဒေအရ ရနေတဲ့ အခြေခံ အခွင့်အရေးတွေကို ကျင့်သုံးတာတွေအတွက် အရေးယူခံရမှာ၊ နောက်ကြောင်းပြန်အရေးယူတာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

တရုတ်က ဘာလို့ ဒါကို လုပ်တာလဲ

ဟောင်ကောင်ကို ဗြိတိသျှ ကိုလိုနီအဖြစ်ကနေ ၁၉၉၇ မှာ တရုတ် ကို ပြန်လွှဲပေးခဲ့ပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံ စနစ်နှစ်မျိုးမူနဲ့ Basic Law လို့ခေါ်တဲ့ သီးခြား ဥပဒေနဲ့ ထားရှိဖို့ သီးသန့်သဘောတူညီချက်ထားပြီး လွှဲပေးခဲ့တာပါ။

ဒီအချက်တွေက ဟောင်ကောင်မှာ အတိုင်းအတာတစ်ရပ်ထိ လွတ်လပ်ခွင့် အခွင့်အရေးတွေ ကျင့်သုံးဖို့ အကာအကွယ်ပေးထားပါတယ်။ လွတ်လပ်စွာ စုရုံးပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားပိုင်ခွင့်၊ လွတ်လပ်စွာ သီးခြား တရားစီရင်ပိုင်ခွင့်နဲ့ တခြား ဒီမိုကရေစီ အခွင့်အရေးတွေကို အကာအကွယ်ပေးပါတယ်။ ဒီအခွင့်အရေးတွေကို တရုတ်ပြည်မကြီးနဲ့ ပြည်မကြီးရဲ့ တခြားနေရာတွေမှာ မရပါဘူး။

ဒီလွှဲပြောင်းပေးခဲ့တဲ့ သဘာတူညီမှုအရ ထားရှိတဲ့ ဟောင်ကောင် အခြေခံဥပဒေ ပုဒ်မ ၂၃ အရ ဟောင်ကောင်မှာ ကိုယ်ပိုင် လုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းပိုင်ခွင့်ရှိပါတယ်။

ဒါပေမဲ့ ဒီလို အကန့်အသတ်တွေကို ဒေသခံတွေက သဘောမတူကြလို့ အထမမြောက်ခဲ့ပါဘူး။ ဟောင်ကောင်အစိုးရက ၂၀၀၃ ခုနှစ်မှာ ကြိုးစားကြည့်ခဲ့ပေမဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့အပြီး ရပ်တန့်သွားခဲ့ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့နှစ်မှာ တရားခံ လွှဲပြောင်းရေး ဥပဒေနဲ့ ပတ်သက်ပြီး ဆန္ဒပြကြရာကနေ အကြမ်းဖက်မှုတွေဖြစ်၊ တရုတ် ပြည်မကြီး အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေနဲ့ ဒီမိုကရေစီတောင်းဆိုမှု ဆန္ဒပြမှုတွေပါ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါကြောင့် ဒီလို မတည်မငြိမ် ဖြစ်ရပ်တွေ နောက်တစ်ကျော့ ဖြစ်လာမှာကို ရှောင်ဖို့ တရုတ်အစိုးရက အပြင်းအထန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။