ကိုဗစ်ကာလ အရှေ့တောင်အာရှ ငါးဖမ်းသမား၊စိုက်ပျိုးရေးသမားတွေ အွန်လိုင်းက စျေးရောင်း

  • ဂျက်စတင်ဟာပါ
  • စီးပွားရေး သတင်းထောက်
ဓာတ်ပုံ ပုံစာ,

MyFishman လုပ်ငန်း

ကိုဗစ်ကာလ ပိတ်ဆို့မှုတွေကြောင့် မလေးရှား လယ်သမားတချို့ သူတို့ သီးနှံကုန်စိမ်း တန်ပေါင်းများစွာကို လွှင့်ပစ်ရမလို ဖြစ်ခဲ့ပါတယ်။

ပိုးမပြန့်အောင် လူတွေခပ်ခွာခွာနေဖို့လိုတဲ့အတွက် သူတို့ရောင်းနေကြစျေးတွေက ပိတ်ထားလိုက်တဲ့အတွက် အခုလို ကြုံရတာပါ။

ဒါကြောင့် လယ်သမားတွေလည်း ဝယ်သူတွေကို ပထမဆုံးအနေနဲ့ အွန်လိုင်းကနေ ရောင်းချတဲ့နည်းနဲ့ ပြောင်းလဲ ရပ်တည်လာကြပါတယ်။

မလေးရှားမှာက လှုပ်ရှားသွားလာတာ တားမြစ်တဲ့အမိန့်ကို တစ်နိုင်ငံလုံး မတ်လကနေ စခဲ့ပြီး ဇွန်လ ၉ ရက် အထိ ထပ်တိုးထားပါတယ်။

စတိဗ်တိုးက မလေးရှားမြို့တော် ကွာလာလမ်ပူရဲ့ မြောက်ဘက် ကီလိုမီတာ ၂၀၀ လောက်မှာ ရှိတဲ့ ကင်မရွန်ကုန်းမြင့်က ဒီရိုနက်စ် စိုက်ပျိုးရေးခြံပိုင်ရှင်ပါ။ သူက ပြောင်းနဲ့ ပန်းတွေ စိုက်ပျိုးရောင်းချပါတယ်။

"အပြင်မထွက်ရအမိန့်ထွက်လာတော့ ချက်ချင်းပဲ ပန်းဆိုင်တွေ ပိတ်သွားပြီး အဝယ်တွေ အကုန် ရုတ်တရက် ရပ်သွားတော့ ပန်းတွေကို လွှင့်ပဲပစ်ရတော့မလားလို့ စဥ်းစားခဲ့ရပါတယ်" လို့ သူက ပြောပါတယ်။

အဲဒီအချိန်မှာ ကံကောင်းတာက စင်ကာပူက Lazada လာဇာဒါ အွန်လိုင်း ရောင်းဝယ်ရေးနဲ့ မစ္စတာတိုး ချိတ်ဆက်မိခဲ့ရာက အွန်လိုင်း ပန်းဆိုင်တွေဆီကို ရောင်းချနိုင်ပြီး ဖောက်သည်အသစ်တွေ ရသွားခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

အင်ဒိုနီးရှားက စိုက်ပျိုးရေးသမား ပတ်အိုပိ

သီးနှံတွေ အရင်လိုစျေးမှာ သွားမရောင်းနိုင်တော့လို့ တောင်လိုပုံနေတာကို ရောင်းထွက်အောင် မလေးရှားက တခြား စိုက်ပျိုးရေးသမားတွေကို အဲဒီ အွန်လိုင်းရောင်းဝယ်ရေး ကုမ္ပဏီကပဲ ကူညီခဲ့ပါတယ်။

လော့ဒေါင်းလုပ်လိုက်တဲ့ ပထမဆုံး အပတ်မှာတင် သီးနှံ တစ်တန်ခွဲမက ရောင်းနိုင်ခဲ့တယ်လို့ လာဇာဒါရဲ့ အဆိုအရ သိရပါတယ်။

"အွန်လိုင်းကသာ မရောင်းရရင် ကျွန်တော့် ပန်းတွေ လွှင့်ပစ်ရတော့မှာ"လို့ မစ္စတာ တိုးက ပြောပါတယ်။

အော်ဒရီဂိုကတော့ မလေးရှားက MyFishman ပင်လယ်ရေထွက်ကုန် ပို့ဆောင်ရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင်ပါ။

သူလည်း စျေးတွေက ပိတ်ကုန်တာနဲ့ သူ့ကုန်တွေ မပို့ရတဲ့အခက်အခဲကို အွန်လိုင်းက မရောင်းဖြစ်ခင်ကအထိ ကြုံခဲ့ရပါတယ်။

"ကျွန်မတို့ လုပ်ငန်းတွေ ကိုဗစ်ကြောင့် အထိနာခဲ့ပါတယ်။ စားသောက်ဆိုင်တွေကို မပို့နိုင်ဘူး၊ ငါးဒိုင်စျေးတွေက ပိတ်ကုန်တယ်၊ ကုန်စုံဆိုင်တွေ၊ ကော်ဖီဆိုင်တွေ အားလုံးနီးပါးပိတ်ကုန်တယ်။ ဒီတော့ အွန်လိုင်းက ရောင်းတာကနေပဲ လုပ်ငန်းဆက်လုပ်နိုင်နေတယ်"လို့ သူက ပြောပါတယ်။

ပထမနှစ်ပတ်မှာ လူတွေက အိမ်တွေမှာ စားစရာတွေ ဝယ်လှောင်ကြတာကြောင့် လော့ဒေါင်းကာလမှာ သူ့လုပ်ငန်းက ရောင်းအား ၁၅၀ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။

အရှေ့တောင်အာရှမှာ ဇန်နဝါရီလလယ်ကနေ မေလလယ်အတွင်း ကုန်စိမ်းပစ္စည်း အမှာ နှစ်ဆမက တက်လာတယ်လို့ လာဇာဒါက ပြောပါတယ်။

"စိုက်ပျိုးရေး အပါအဝင် စီးပွားရေးလုပ်ငန်းတိုင်းဟာ ဝယ်သူတွေ အကြိုက်ပြောင်းလာတာနဲ့လိုက်ပြီး အခွင့်အရေးသစ်တွေရဖို့ အွန်လိုင်းကို ရောက်လာကြတယ်"လို့ လာဇာဒါအုပ်စုရဲ့ အမှုဆောင်ချုပ်က ပီယာ ပို့ဂ်နန့်က ပြောပါတယ်။

စိန်ခေါ်မှုကာလ

အင်ဒိုနီးရှားမှာတော့ ရူမာဆေဗာ အုပ်စု စိုက်ပျိုးရေးလုပ်ငန်းအုပ်စုက ရွာ ၈၉ ရွာက စိုက်ပျိုးရေးသမား ၂၅၀၀ ရဲ့ ကုန်စိမ်းတွေ အွန်လိုင်းက ရောင်းဝယ်နိုင်အောင် လုပ်ခဲ့ပါတယ်။

အဲဒီကုမ္ပဏီက အရင်က ဂျာကာတာက ဆူပါမားကတ်ကြီးတွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေကို တိုက်ရိုက်ရောင်းတာပါ။

ဒါပေမဲ့ ကပ်ရောဂါ ရိုက်ခတ်လာတော့ သူတို့ ရောင်းအား ၆၀ ရာခိုင်နှုန်း ကျသွားလို့ သူတို့လည်း အွန်လိုင်းက ရောင်းဝယ်ရေးဘက် လှည့်ခဲ့ပါတယ်။

အင်ဒိုနီးရှားက ဂျာကာတာနဲ့ ဘန်ဒေါင်းက စျေးတွေမှာ ခရမ်းရောင်ဂေါ်ဖီ၊ဂျပန်သခွားစတဲ့ ဒေသသီးနှံမဟုတ်တဲ့ သီးနှံတွေ စိုက်ပျိုးရောင်းချသူ ပတ်အိုပိကတော့ ဒီကပ်ကြောင့် သူတို့ ထွက်ကုန်တွေ အရင်လို ရောင်းဖို့ မဖြစ်နိုင်တော့လို့ အခက်အခဲတွေ့ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အခုလို လူတွေ အပြင်မှာ စျေးဝယ်မထွက်နိုင်ချိန် မှာ အွန်လိုင်း အရောင်းအဝယ် လုပ်ငန်းတွေကြောင့် သူတို့ သီးနှံတွေ တစ်နိုင်ငံလုံးက ဝယ်သူတွေဆီ ရောက်အောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းမှာတော့ အရင်က ပုံမှန်အားဖြင့် သီးနှံတွေကို ပြည်တွင်းရောင်းချတာနဲ့ ပြည်ပပို့တဲ့ လယ်သမားတွေ သူတို့ထုတ်ကုန်တွေကို အွန်လိုင်းက ရောင်းချနိုင်အောင် လာဇာဒါက အစိုးရနဲ့ ပေါင်းလုပ်ခဲ့ပါတယ်။

ထိုင်းအစိုးရနဲ့ လာဇာဒါတို့က ဇွန်လထဲမှာ ထိုင်းရဲ့ ရွှေရောင်သီးနှံလ အရောင်းပွဲနဲ့အတူ သီးနှံလုပ်ငန်း ၅၀ လောက် ရောင်းချနိုင်ဖို့ လုပ်နေပါတယ်။

တရုတ်အွန်လိုင်း အရောင်းအဝယ် ဝက်ဘ်ဆိုက် အလီဘာဘာကတော့ လယ်သမားတွေအတွက် Taobao Live အရောင်းအဝယ်လုပ်နိုင်တဲ့နေရာကို Foodie Livestream ချန်နယ်နဲ့အတူ အခမဲ့ ဖွင့် ပေးခဲ့ပါတယ်။ ပရိသတ် follower ၄၁ သန်းရှိတဲ့ အဲဒီနေရာကနေ လယ်သမားတွေ သူတို့ထုတ်ကုန်တွေကို ရောင်းချနိုင်ဖို့ ဖြစ်ပါတယ်။

Livestreaming လုပ်တဲ့ ပထမဆုံး သုံးရက်အတွင်းမှာတင် ကုန် အလေးချိန် ကီလို ၁၅ သန်း ရောင်းချနိုင်ခဲ့တယ်လို့ အဲဒီဝက်ဘ်ဆိုက်က ပြောပါတယ်။