ဝါဒဖြန့်စာတွေ ပို့တယ်ဆိုပြီး တောင်ကိုရီးယားနဲ့အဆက်အသွယ်အားလုံး မြောက်ကိုရီးယား ဖြတ်ပစ်

တောင်ဘက်ကို ပြောင်းသွားသူတွေကို မြောက်ကိုရီးယားကျောင်းသားတွေ တနင်္လာနေ့က ရှုတ်ချပွဲလုပ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

တောင်ဘက်ကို ပြောင်းသွားသူတွေကို မြောက်ကိုရီးယားကျောင်းသားတွေ တနင်္လာနေ့က ရှုတ်ချပွဲလုပ်

တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်တွေအကြား အရေးပေါ် ချက်ချင်း ဆက်သွယ်နိုင်တဲ့ဖုန်းလိုင်းတစ်ခု အပါအဝင် အဆက်အသွယ်တွေ အားလုံးကို ဖြတ်တောက်ပစ်မယ်လို့ မြောက်ကိုရီးယားက ကြေညာလိုက်ပါတယ်။

တောင်ကိုရီးယားကို ရန်သူနိုင်ငံအဖြစ် ပြောဆိုရင်း ဒါဟာ နောက်ထပ် ဆက်တိုက်လုပ်မယ့် အရေးယူဆောင်ရွက်ချက်တွေထဲမှာ ပထမဆုံး လုပ်ရပ် ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ် မြောက်ကိုရီးယားနိုင်ငံဘက်ခြမ်း ကေဆွန်းမြို့က ပူးတွဲ ညှိနှိုင်းရေးရုံးဆီ နေ့စဉ် ဖုန်းခေါ်ဆိုနေတာတွေကို အင်္ဂါနေ့က စလို့ ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က ဆွေးနွေးပြောဆိုမှုတွေ လုပ်အပြီးမှာ နှစ်နိုင်ငံအကြား တင်းမာမှုတွေ လျော့ကျသွားစေဖို့ ဒီပူးတွဲညှိနှိုင်းရေးရုံးကို ဖွင့်ခဲ့တာပါ။

၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပွဲ ပြီးဆုံးခဲ့ပေမဲ့ ငြိမ်းချမ်းရေး သဘောတူချက် မရသေးတဲ့အတွက် တကယ်တမ်းမှာ နှစ်နိုင်ငံ စစ်ဖြစ်နေကြတုန်းလို့ ပြောလို့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP / Getty

ဓာတ်ပုံ ပုံစာ,

၂၀၁၂ တုန်းက တောင်ဘက်ကနေ ပို့ဖို့ ပြင်ဆင်နေတဲ့ ချောကလက်တွေ

နှစ်နိုင်ငံ ပူးတွဲညှိနှိုင်းရေးရုံးကနေတဆင့် မြောက်နဲ့ တောင်ကိုရီးယား အာဏာပိုင်တွေအကြား ဆက်သွယ်ပြောဆိုနေတဲ့ ဖုန်းလိုင်းကို ၂၀၂၀ ဇွန်လ ၉ ရက် ၁၂ နာရီကစလို့ မြောက်ကိုရီးယားဘက်က လုံးဝပိတ်ပစ်တော့မယ် လို့ KCNA ကိုရီးယား ဗဟိုသတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းတွေကိုလည်း ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် ပူးတွဲ ညှိနှိုင်းရေးရုံးကို ဇန်နဝါရီလက ယာယီ ပိတ်ထားခဲ့ပြီး နှစ်နိုင်ငံအကြား အဆက်အသွယ်ကို ဖုန်းနဲ့ ဆက်လုပ်နေခဲ့ကြတာပါ။

ကိုရီးယား နှစ်နိုင်ငံအကြား နေ့စဉ် မနက် ၉ နာရီမှာတစ်ကြိမ်၊ ညနေ ၅ နာရီမှာ တစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ် ပူးတွဲညှိနှိုင်းရေးရုံးကနေတဆင့် ဖုန်းအဆက်အသွယ် လုပ်လေ့ရှိပါတယ်။

တနင်္လာနေ့ကတော့ ၂၁ လအတွင်း ပထမဆုံးအကြိမ် မြောက်ကိုရီးယားဘက်က မနက်ခင်း ဖုန်းကို မဖြေခဲ့ဘူးလို့ တောင်ကိုရီးယားက ပြောပါတယ်။

နေ့ခင်းမှာတော့ ဖုန်းအဆက်အသွယ် ရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP / Getty

ဓာတ်ပုံ ပုံစာ,

၂၀၁၂ တုန်းက ပြင်ဆင်နေတဲ့ ပူဖောင်းတွေ

"တောင်ကိုရီးယား အာဏာပိုင်တွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ မလိုတော့ဘူးလို့ မြောက်ကိုရီးယားဘက်က ဆုံးဖြတ်လိုက်ပါပြီ။

မကျေနပ်စရာတွေ ဖြစ်လာအောင်ပဲ တောင်ကိုရီးယားဘက်က ဆွနေတဲ့အတွက် သူတို့နဲ့ ဆွေးနွေးစရာ ဘာအကြောင်းကိစ္စမှ မရှိတော့ပါဘူး" လို့ KNCA သတင်းမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားမှာ ဘက်ပြောင်း ခိုလှုံနေတဲ့ အုပ်စုတွေ မြောက်ကိုရီးယားနိုင်ငံထဲ ဝါဒဖြန့်တဲ့ လက်ကမ်းစာစောင်တွေ ပို့နေတာ မရပ်ရင် ညှိနှိုင်းရေးရုံးကို ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုန်အွန်းရဲ့ညီမဖြစ်သူ ကင်ယိုဂျုံ က ပြီးခဲ့တဲ့ သီတင်းပတ်က ခြိမ်းခြောက်သတိပေးခဲ့ပါတယ်။

ဒီလို ဝါဒဖြန့်စာတွေ ပို့နေတာဟာ ရန်လိုတဲ့ လုပ်ရပ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ပန်မူဂျွမ် ထိပ်သီးဆွေးနွေးပွဲအတွင်း တောင်ကိုရီးယားခေါင်းဆောင် မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုန်အွန်းတို့အကြား သဘောတူခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူချက်ကို ဖောက်ဖျက်ရာကျတယ်လို့ သူက ပြောပါတယ်။

တောင်ကိုရီးယားမှာ ဘက်ပြောင်း ခိုလှုံနေကြတဲ့ အုပ်စုတွေက ကွန်မြူနစ်အစိုးရအပေါ် ဝေဖန်ထားတဲ့ လက်ကမ်းစာစောင်တွေကို လေပူဖောင်းတွေနဲ့ မြောက်ကိုရီးယားနိုင်ငံဘက်ခြမ်းကို မကြာခဏ ပို့လွှတ်လေ့ ရှိပါတယ်။

ပူဖောင်းတွေကို မြောက်ကိုရီးယားပြည်သူတွေ ယူကြည့်အောင် မက်လုံးပေးတဲ့အနေနဲ့ တစ်ခါတလေ အစားအသောက်တွေ၊ ပစ္စည်းတွေ ထည့်ပေးတတ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

မြောက်ကိုရီးယားဆန့်ကျင်ရေး ပိုစတာ၊ ငွေကြေးနဲ့ မုန့်တွေထည့်ပို့

မြောက်ကိုရီးယားပြည်သူတွေဟာ အစိုးရထိန်းချုပ်တဲ့ သတင်းမီဒီယာတွေကနေပဲ သတင်းတွေ သိရလေ့ ရှိပြီး အများစုဟာ အင်တာနက် သုံးခွင့်မရှိကြပါဘူး။

တောင်နဲ့ မြောက်ကိုရီးယား အကြားဆက်ဆံရေးဟာ ၂၀၁၈ ခုနှစ်မှာ တိုးတက်လာပုံရပြီး နှစ်နိုင်ငံခေါင်းဆောင်တွေ ၃ ကြိမ်တိုင် တွေ့ခဲ့ကြပါတယ်။

နှစ်နိုင်ငံအကြား ဆယ်စုနှစ်ကျော် တစ်ခုအတွင်း ဒီလောက် အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးတာ မရှိခဲ့ဖူးပါဘူး။

ဒါပေမဲ့ မနှစ်တုန်းက ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားသွားခဲ့အပြီး မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားနဲ့ အတော်များများ အဆက်အသွယ် ဖြတ်ခဲ့ပါတယ်။ နျူကလီးယား ဆွေးနွေးပွဲလည်း ရှေ့မတိုး နောက်မဆုတ်နိုင် ဖြစ်ခဲ့ရပါတယ်။

တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ် စစ်ပွဲဟာ ငြိမ်းချမ်းရေး သဘောတူချက် မချုပ်ဆိုနိုင်သေးပဲ အပစ်အခတ်ရပ်စဲရေး စာချုပ်တစ်ခုနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

အခုအဆက်ဖြတ်တာက ပြည်တွင်းရေးကနေ အာရုံလွှဲတာမျိုး ဖြစ်နိုင်

သုံးသပ်ချက်

လော်ရာ ဘစ်ကာ

ဆိုးလ်အခြေစိုက် ဘီဘီစီ သတင်းထောက်

အခု အဆက်ဖြတ်လိုက်တာဟာ နယ်စပ်ဖြတ်ကျော် စာရွက်တွေ ပို့တာ တစ်ခုတည်းကြောင့်တော့ ဟုတ်ပုံ မရပါဘူး။ ပြုံယမ်းမှာ ဒီထက်ပိုတဲ့ အကြံအစည် ကြီးကြီးမားမား ရှိမှာပါ။

မြောက်ကိုရီးယားက ဒီတင်းမာမှုကို အရှိန်ယူပြီး နောက်ပိုင်းဆွေးနွေးမှုတွေမှာ အကျပ်အတည်းဖြစ်အောင် ဖန်တီးတာမျိုး ဖြစ်နိုင်ပါတယ်။

အတိုချုပ်ပြောရရင် ရန်ပွဲတစ်ခု ဖန်တီးပြီး အာရုံစိုက်ခံရအောင် လုပ်တာနဲ့ တောင်ဘက်ကို တောင်းဆိုမှုတွေ ပိုလုပ်နိုင်အောင် လုပ်တာ ဖြစ်နိုင်ပါတယ်။

တောင်ဘက်က လိုက်လျောမှုတွေ ပိုရအောင် ဒီလို နိုင်ငံရေးကစားတာမျိုးကို ၂၀၁၃ မတိုင်ခင်ကလည်း မြောက်ဘက်က လုပ်ဖူးပါတယ်။

ပြီးတော့ ဒါက ပြည်တွင်းရေးကနေ အာရုံလွှဲလို့ကောင်းတာမျိုးလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက သူ ဆက်တိုက်ကတိပေးနေတဲ့ နိုင်ငံစီးပွားတိုးတက်အောင် လုပ်မယ်ဆိုတာ ဖြစ်အောင်မလုပ်နိုင်ဘဲ ကိုဗစ်ကူးစက်မှုလည်း ပြည်တွင်းကို ရိုက်ခတ်နေတယ်လို့ ကောလာဟလတွေက ဆက်ထွက်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

တက်ကြွလှုပ်ရှားသူတွေ၊ ဘက်ပြောင်းလာသူတွေ၊ တောင်ဘက်က ရှေးရိုးစွဲဝါဒီတွေနဲ့ ဘာသာရေးအုပ်စုတွေ ပူဖောင်းတွေ လွှင့်တင်ကြ

အဲဒါကြောင့် ဘုံရန်သူ ရှာပေးလိုက်ခြင်းအားဖြင့် လူတွေကို ကိစ္စတစ်ခုမှာ စုစည်းပေးထားလိုက်နိုင်ပါတယ်။

အဲဒီ မူဝါဒထဲက နည်းလမ်းတစ်ခုကလည်း သတိထားမိစရာ ဖြစ်ပါတယ်။

ကင်ဂျုံအွန်းရဲ့ညီမ ကင်ယိုဂျုံက တောင်ကိုရီးယားနဲ့ အဆက်အသွယ်တွေ ဖြတ်ပစ်ဖို့ အမိန့်ပေးလိုက်တာပါ။

ဒါက သူ့ကို နေရာတစ်ခုပေးပြီး လူတွေ အာရုံထားလာစေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို နောက်တက်လာမယ့် ခေါင်းဆောင်အဖြစ် ပြင်ဆင်ပေးခံနေရပြီဆိုတဲ့ ထင်မြင်ချက်တွေကို ပိုတိုးလာစေပါလိမ့်မယ်။

ဒါပေမဲ့ အခုကိစ္စက တောင်ကိုရီးယား အစိုးရအတွက်တော့ စိတ်ပျက်စရာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ် အကောင်းဘက်ကိုရောက်လာဖို့ လမ်းစပေါ်လာတုန်းက ခေါင်းဆောင်နှစ်ယောက် တွေ့ခဲ့ပြီး ဖုန်းအဆက်အသွယ်တွေ ဖွင့်လိုက်တုန်းက တောင်ကိုရီးယားဘက်မှာ အားရဝမ်းသာ ဖြစ်ခဲ့ကြပါတယ်။

ဒါပေမဲ့ အခုတော့ မြောက်ဘက်ကို ခေါ်တဲ့ ဖုန်းတွေကို ပြန်မဖြေတော့ပါဘူး။

ဒါကြောင့် မေးစရာရှိတာက အခု အဆက်အသွယ် ဖြစ်မှုဟာ ပြုံယမ်း အကြံအစည်ရဲ့ အစပဲ ဖြစ်ဦးမယ်ဆိုရင် နောက်ထပ် ဘာတွေ လာဦးမလဲဆိုတာပါပဲ။

ဗီဒီယို ပုံစာ,

South Korean activists launch propaganda balloons over border (2014 video)