ပင်လယ်ဓားပြတွေရောက်လာတဲ့နေ့

  • ကီဗင် ပေါန်နီးယား
  • ဘီဘီစီ သတင်းဌာန
Composite picture

ဆူဒိ ချောင်ဒရီ သင်္ဘောလိုက်တာက စွန့်စားရတာကို ကြိုက်လို့ရယ်၊ ဘဝတက်လမ်း ရှိလို့ရယ်ကြောင့်ပါ။

ဒါပေမယ့် အိမ်နဲ့အရမ်းဝေးပြီး အန္တရာယ်များတဲ့ အနောက်အာဖရိက ပင်လယ်ပြင်ထဲက ရေနံတင်သင်္ဘောပေါ်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် ဘွဲ့ရလူငယ်လေး ဆူဒိရဲ့ ဘဝ ဗြောင်းဆန်သွားခဲ့ပါ တယ်။

သူ့ကံကြမ္မာဟာ The King လို့ခေါ်တဲ့ ပင်လယ်ဓားပြခေါင်းဆောင်နဲ့ မူးယစ်ဆေးသမား ပင်လယ်ဓားပြတွေ လက်ထဲ ရောက်ခဲ့ရပါတယ်။

သူ့ရဲ့ MT Apecus ရေနံတင် သင်္ဘောငယ်လေး ပင်လယ်ဓားပြ တိုက်ခံရတဲ့နေ့က ၂၀၁၉ ဧပြီ ၁၉ ရက် ပါ။ နိုင်ဂျီးရီးယားနိုင်ငံ ဘွန်နီကျွန်းနားမှာ ဆိပ်ကမ်းကပ်ဖို့ စောင့်နေတုန်း ဓားပြတိုက်ခံခဲ့ရတာပါ။

အဲဒီနေ့က သူ့အလုပ်ချိန်ပြီးလို့ မနက်စာ စားပြီးပြီးချင်း အိန္ဒိယကို သူ ဖုန်း၂ ခါ ခေါ်လိုက်ပါသေးတယ်။

တခါက သူ့မိဘတွေဆီပါ။ တစ်ဦးတည်းသောသား သူ့ကို မိဘတွေက စိတ်ပူနေမယ် ဆိုတာ သိလို့ပါ။ နောက်ဖုန်းကတော့ သူနဲ့ စေ့စပ်ထားတဲ့ သူ့ချစ်သူ ဘာယာရှရီး ဆီကို ဖြစ်ပါတယ်။

ဘာယာရှာရီးကို သူအားလုံး အဆင်ပြေတဲ့အကြောင်းနဲ့ ညပိုင်းမှာ ဖုန်းထပ်ခေါ်ဦးမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ အိပ်စင်မှာ တက်အိပ်နေခဲ့ပါတယ်။

ခေတ်သစ်ပင်လယ်ဓားပြတွေရဲ့ ဗဟိုချက်

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

သင်္ဘောသား ၁၅ ယောက် ပါလာတဲ့ သင်္ဘောလေးဟာ နိုင်ဂျီးရီးယားနိုင်ငံ လေးဂို့စ်မြို့ကနေ နိုင်ဂျာမြစ်ဝှမ်း‌ဒေသ‌ကို ထွက်လာတာ ၂ ရက်ရှိသွားပါပြီ။

နိုင်ဂျာမြစ်ဝှမ်း‌ဒေသဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက ဒတ်ချ်နဲ့ဗြိတိသျှ စီးပွားရေးသမားတွေ ရေနံ ရှာတွေ့ခဲ့တဲ့ နေရာဖြစ်ပါတယ်။

အဲဒီဒေသတဝိုက်မှာ ပင်လယ်ဓားပြတွေ ကျက်စားနေတယ်ဆိုတာ သိပေမဲ့ အဲဒီနေ့ကတော့ ဆူဒိစိတ်ထဲမှာ လုံခြုံတယ်လို့ ခံစားမိခဲ့ပါတယ်။

အနားမှာလည်း နိုင်ဂျီးရီးယား ရေတပ်သင်္ဘောတွေ ကင်းလှည့်နေတာပါ။

သူတို့ သင်္ဘော ကမ်းကပ်ဖို့ ခွင့်ပြုမိန့်ကို စောင့်ရင်း ကျောက်ချရပ်ထားတဲ့နေရာက ဘွန်နီကျွန်းအပြင်ဘက် ကမ်းနဲ့ ၇ မိုင်လောက်ပဲ ဝေးပါတယ်။

သူတို့ရောက်နေတဲ့ ဂီနီပင်လယ်ကွေ့ဒေသဟာ အနောက်အာဖရိကနိုင်ငံ ၇ နိုင်ငံရဲ့ ကမ်းရိုးတန်း ရေပိုင်နက်ပေါ်မှာ ရှိနေပြီး သင်္ဘောသားတွေအတွက် ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး နေရာတခုပါ။

အရင်က ဆိုမာလီယာ ပင်လယ်ဓားပြတွေပဲ ကျက်စားခဲ့တဲ့ ဒီနေရာဟာ အခုတော့ ခေတ်သစ် ပင်လယ်ဓားပြတွေ ကျက်စားတဲ့ ဗဟိုချက်နေရာ ဖြစ်နေပါပြီ။

မနှစ်က ပြန်ပေးဆွဲခံခဲ့ရတဲ့ သင်္ဘောသား ၉ဝ ရာခိုင်နှုန်းဟာ ဒီနေရာမှာ ပြန်ပေးဆွဲ ခံခဲ့ရတာပါ။

နိုင်ငံတကာ ရေကြောင်းဗျူရိုအဖွဲ့ရဲ့ အဆိုအရ ၂၀၁၉ နှစ်ကုန်ပိုင်း နောက်ဆုံး ၃ လလောက်မှာတင် သင်္ဘော ၆ စင်းက သင်္ဘောသား ၆၄ ယောက် ပြန်ပေးဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။

သတင်းမပို့တဲ့ ဓားပြတိုက်ခံရမှုတွေလည်း အများကြီး ရှိနိုင်ပါသေးတယ်။

ဓာတ်ပုံ ပုံစာ,

ပြန်ပေးဆွဲခံရတဲ့ ဂီနီပင်လယ်ကွေ့

ဒီဒေသမှာ ရေနံရှာတွေ့တဲ့အတွက် အလျှံအပယ် ချမ်းသာသွားတဲ့သူတွေ ရှိကောင်းရှိမှာ ဖြစ်ပေမဲ့ အများစုကတော့ ကျိန်စာသင့်သလို ဖြစ်ခဲ့ပါတယ်။

ရေနံတွေ ယိုဖိတ်လို့ ပင်လယ်ပြင် ညစ်ညမ်းခဲ့ရသလို ရေနံလုပ်ငန်းကြောင့် ဒီဒေသမှာ အကြမ်းဖက် ရာဇဝတ်မှုတွေ၊ ပဋိပက္ခတွေ ဖြစ်နေခဲ့တာ ဆယ်စုနှစ်တွေနဲ့ချီ ရှိသွားပါပြီ။

နိုင်ဂျီးရီးယား အစိုးရနဲ့ နိုင်ငံခြား ရေနံကုမ္ပဏီတွေအတွက် ဒေါ်လာဘီလျံနဲ့ချီ အကျိုးအမြတ် ရနေတဲ့ ရေနံပိုက်လိုင်းတွေရှိရာ အနားက ရွာတွေမှာ နေထိုင်နေတဲ့ ဒေသခံတွေကတော့ ဆင်းရဲမွဲတေနေပြီး ပျှမ်းမျှ လူ့သက်တမ်းက ၄၅ နှစ်လောက်ပဲ ရှိပါတယ်။

သယံဇာတ အရင်းအမြစ်နဲ့ အကျိုးအမြတ်တွေ ခွဲဝေပေးဖို့ တောင်းဆိုနေကြတဲ့ စစ်သွေးကြွအုပ်စုတွေက ပိုက်လိုင်းတွေကို ဖောက်ခွဲ ဖျက်ဆီးပြီး ခြိမ်းခြောက်အန္တရာယ် ပေးနေကြသလို ရေနံစိမ်းတွေကို ရတဲ့နည်းနဲ့ ခိုးထုတ်နေတဲ့သူတွေလည်း ရှိပါတယ်။

အကြမ်းဖက်မှုပမာဏက နည်းလိုက် များလိုက် ဆိုပေမယ့် အန္တရာယ်ကတော့ အမြဲရှိနေတာပါ။

နောက်နာရီပိုင်းလောက်ကြာတော့ အပေါ်က အော်ဟစ်ထုရိုက်သံတွေကြောင့် ဆူဒိ အိပ်ရာကနေနိုးလာပါတယ်။ လက်နက်အပြည့်ကိုင်ထားတဲ့ လူတွေပါတဲ့ စပိဘုတ်တစင်း သင်္ဘောဆီ ကပ်လာနေတာတွေ့လို့ ပဲ့ခန်းထဲကလူက အော်ဟစ် သတိပေးနေတာပါ။

သူ့အော်သံကြောင့် မီတာ ၈၀ ရှည်တဲ့ သင်္ဘောပေါ်က သင်္ဘောသားတွေ အားလုံး အလန့်တကြား ဖြစ်ကုန်ကြပါတယ်။ ပင်လယ်ဓားပြတွေကို သင်္ဘောပေါ် မတက်အောင် မတားနိုင်တော့ပေမဲ့ အမြန်ဆုံး ပြေးပုန်းဖို့ ကြိုးစားခဲ့ကြပါတယ်။

အသက်၂၈ နှစ်ပဲ ရှိသေးတဲ့ ဆူဒိဟာ ဒီသင်္ဘောမှာ တတိယအဆင့်အရာရှိဖြစ်ပြီး တခြားအိန္ဒိယ သင်္ဘောသား ၅ ယောက်ကို ကြီးကြပ်ရပါတယ်။

သူတို့သင်္ဘောပေါ်မှာ ရေနံလည်း ပါမလာတော့ ပင်လယ်ဓားပြတွေက သင်္ဘောသားတွေကိုပဲ ပြန်ပေးဆွဲတော့မယ်ဆိုတာ ဆူဒိ သိနေပါတယ်။

အမေရိကန်နဲ့ ဥရောပသားတွေ ပြန်ပေးဆွဲ ခံရရင် သူတို့ကုမ္ပဏီတွေက ငွေတွေ အများကြီးနဲ့ ပြန်ရွေးတတ်ပေမယ့် သင်္ဘောသားအများစုက ဖွံ့ဖြိုးဆဲတိုင်းပြည်တွေက လာတဲ့လူတွေ ဖြစ်ပါတယ်။ ဒီApecus သင်္ဘောပေါ်မှာလည်း အာဖရိကန်လူမျိုးကလွဲရင် ကျန်တာက အိန္ဒိယ သင်္ဘောသားတွေချည်းပါ။

၅ မိနစ်လောက်အတွင်းမှာပဲ ဆူဒိက သူ့လူတွေကို သင်္ဘော ဝမ်းဗိုက်ထဲက အင်ဂျင်ခန်းထဲမှာ စုထားလိုက်ပါတယ်။

ပြီးတော့ တခြားလူတွေကို သတိပေးဖို့ အပေါ်ထပ်ကို တက်ပြီး အရေးပေါ် အချက်ပေး ခေါင်းလောင်းဆွဲခဲ့ပါတယ်။

အောက်ထပ်ပြန်ဆင်းလာချိန်မှာ သူ့ကိုယ်သူ သတိထားလိုက်မိတာက အိပ်ရာကနေ ကမန်းကတန်း ထလာရလို့ အတွင်းခံ ဘောင်းဘီပဲ ဝတ်ထားမိတာကိုပါ။

အဲဒီနောက် မျက်နှာဖုံးစွပ်အမည်းနဲ့ တီရှပ်တွေ ဝတ်ထားတဲ့ ရိုင်ဖယ်သေနတ်ကိုင် ပင်လယ်ဓားပြတွေကို ပထမဆုံးအကြိမ် ဆူဒိလှမ်းတွေ့လိုက်ပါတယ်။

သူတို့က သင်္ဘောပေါ်ကို လှေကားနဲ့ တွယ်တက်လာနေကြတာပါ။

သူတို့ အိန္ဒိယသင်္ဘောသား အုပ်စုလည်း လျှပ်စစ်ပစ္စည်းတွေထားတဲ့ အခန်းကျဉ်းလေးထဲမှာ အသက်တောင် မရှူရဲဘဲ ပုန်းနေခဲ့ကြပါတယ်။

သင်္ဘောပေါ် ရောက်လာတဲ့ ပင်လယ်ဓားပြတွေရဲ့ အော်ဟစ် ခြိမ်းခြောက်သံတွေက ဟိန်းဟိန်းထနေပါတယ်။

သင်္ဘောသားတွေက တုန်လှုပ်ချောက်ချားနေကြပေမဲ့ ငြိမ်ငြိမ်လေး ပုန်းနေကြပါတယ်။

ဂီနီပင်လယ်ကွေ့မှာ မောင်းတဲ့သင်္ဘော အတော်များများမှာ ဒီလို အခြေအနေမျိုးနဲ့ ကြုံရင် သင်္ဘောသားတွေ ပုန်းဖို့ ကျည်ကာနံရံတွေ ပါတဲ့ အခန်းတွေကို ငွေကုန်ကြေးကျခံ ထည့်ထားပေးပါတယ်။

ဒါပေမဲ့ ဒီ Apecus သင်္ဘောမှာတော့ ဒီလိုအခန်းမျိုး မပါပါဘူး။

အဲဒီနောက် သူတို့ပုန်းနေတဲ့ အခန်းနားဆီ လျှောက်လာတဲ့ ခြေသံတွေ ကြားရပြီး ဝုန်းကနဲ တံခါးပွင့်သွားပါတယ်။

ထစမ်း။

ပင်လယ်ဓားပြတွေက ကြမ်းပြင်ကို သေနတ်နဲ့ ပစ်လိုက်တာမှာ ကျည်ဆန်စ တစ်စက ဆူဒိရဲ့ ဘယ်ဘက်ခြေထောက် ညို့သကျည်းထဲ ဝင်သွားပါတယ်။

ကျည်ဆံမှန်တဲ့ နေရာက အရိုးနဲ့ တစ်လက်မလောက်ပဲ ဝေးပါတယ်။ ဓားပြတွေက သင်္ဘောသားတွေကို အပြင်ထွက်ခိုင်းပြီး ကုန်းပတ်ပေါ် တက်ခိုင်းပါတယ်။

သင်္ဘောပေါ်မှာ ကြာကြာ ဆက်နေလို့ မဖြစ်ဘူး ဆိုတာကို ပင်လယ်ဓားပြတွေ သိနေကြပုံရပါတယ်။

သင်္ဘောကပ္ပတိန်က အရေးပေါ် အကူအညီ လှမ်းတောင်းထားပြီး ဖြစ်ပြီး သေနတ်သံတွေကို တခြားသင်္ဘောတွေကလည်း ကြားကောင်းကြားနိုင်တာမို့ပါ။

ပင်လယ်ဓားပြတွေက အိန္ဒိယသင်္ဘောသားတွေကို လှေကားကတဆင့် အောက်မှာစောင့်နေတဲ့ အင်ဂျင်နှစ်လုံးတပ် စက်လှေ တစင်းပေါ် တက်ခိုင်းပါတယ်။

ပထမဆုံးအကြိမ် သင်္ဘောလိုက်လာတဲ့ အသက်၂၂ နှစ်အရွယ် ချီရက် ဆိုတဲ့ သင်္ဘောသားဆိုရင် အရမ်းကို တုန်လှုပ်နေပြီး သူက စက်လှေပေါ် အရင်ဆုံးတက်ရပါတယ်။

ဓားပြတွေ ဖမ်းခေါ်လာတဲ့ အထဲမှာ တခြားသင်္ဘောသားတွေနဲ့အတူ သင်္ဘောကပ္ပတိန်လည်း ပါပါတယ်။

ဓားစာခံ ၆ ယောက်

အိန္ဒိယသင်္ဘောသား ၅ ယောက်၊ နိုင်ဂျီးရီးယား သင်္ဘောသား ၁ ယောက် စုစုပေါင်း ဓားစာခံ ၆ ယောက်ဟာ ဓားပြတွေရဲ့ သေနတ်အောက် စက်လှေထဲမှာ ကျပ်ညပ် ထိုင်လိုက်လာခဲ့ရပါတယ်။

လှိုင်းနဲ့အတူ မျောနေတဲ့ သင်္ဘောကြီးပေါ်မှာ အပုန်းကောင်းတဲ့ အိန္ဒိယ သင်္ဘောသားတစ်ယောက်နဲ့ တခြားသင်္ဘောသားတွေ ကျန်ခဲ့ကြပါတယ်။

ပင်လယ်ဓားပြတွေကတော့ မြစ်ဝှမ်းဘက်ကို ဦးတည်ပြီး စက်ကုန် မောင်းပြေးခဲ့ပါတယ်။

အိန္ဒိယကို မက်ဆေ့ဂျ်ရောက်လာ

ညလယ်လောက်မှာ အိန္ဒိယမှာရှိတဲ့ ဆူဒိရဲ့အဖေ ပရာဒိချောင်ဒရီနဲ့ သူ့အမေ ဆွန်တီနီ တို့ဆီကို သင်္ဘောအေးဂျင့်ရဲ့ မက်ဆေ့ဂျ်တစ်ခု ဝင်လာပါတယ်။

မက်ဆေ့ဂျ်ထဲမှာ ဆူဒိတို့ရဲ့သင်္ဘော ဓားပြတိုက်ခံရတဲ့အကြောင်း၊ ဒီပြဿနာကို ဂရိလူမျိုး သင်္ဘောပိုင်ရှင်က ဖြေရှင်းနေတဲ့အကြောင်း၊ ဆူဒိမှာ ဘာအန္တရာယ်မှ မဖြစ်နိုင်တာမို့ စိတ်မပူဖို့ အကြောင်းကြားတာပါလို့ ရေးထားပါတယ်။

ပေါ့ပေါ့တန်တန် ရေးထားတဲ့ ဒီ မက်ဆေ့ဂျ်ကို ဖတ်အပြီးမှာ မိဘနှစ်ပါး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်ပါတယ်။

ဒီနေ့ အစောပိုင်းကလေးကတင် သူတို့သားနဲ့ စကားပြောခဲ့ကြတာပါ။

ဒါနဲ့ အဲဒီ မက်ဆေ့ဂျ်ကို မိသားစုဝင်တွေနဲ့ ဆူဒိရဲ့ သူငယ်ချင်းတွေဆီ ထပ်ပို့လိုက်ပြီး ဒီကိစ္စက တကယ်ဖြစ်နိုင်သလား၊ သူတို့သားနဲ့ရော အဆက်အသွယ်ရကြလားလို့ မေးစမ်းကြည့်ပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆူဒိမိဘတွေ

ဆူဒိဟာ ငယ်ငယ်ကတည်းက အငြိမ်မနေတတ်ဘဲ အပြင်ထွက်ဆော့ရမှ ကျေနပ်တဲ့ကလေး၊ ကြီးလာတော့လည်း စွန့်စားချင်စိတ်ရှိသူတစ်ယောက်ဆိုတာ သူ့ကို သိသူတိုင်းက ပြောကြမှာပါ။

သူ့မိဘ အထူးသဖြင့် သူ့အမေကဆို သားအတွက် အမြဲစိတ်ပူနေတာပါ။

ဆူဒိတို့မိသားစုက အိန္ဒိယအရှေ့ပိုင်း ကမ်းရိုးတန်းဒေသ သြရိဿပြည်နယ်ထဲက ဘူဘာနက်ဆဝါ မြို့လေးမှာ နေကြတာပါ။

အိမ်ရှေ့မှာ မိတ္တူဆိုင်လေး ဖွင့်ထားပြီး မိသားစု ချောင်ချောင်လည်လည်နဲ့ ဘဝရပ်တည်နိုင်ခဲ့ကြပါတယ်။

ဆူဒိရဲ့အိမ်နားက ဟိန္ဒူဘုရားကျောင်းတွေမှာ နတ်ဘုရားရုပ်တုတွေနဲ့ ပြည့်နေပေမဲ့ ဆူဒိကတော့ အာဖရိကကို သင်္ဘောမလိုက်ခင်အထိ ဘယ်ဘုရားကိုမှ အယုံအကြည် မရှိခဲ့ပါဘူး။

ဆူဒိနဲ့ သူ့ ချစ်သူ ဘာယာရှရီးတို့က သူတို့ရဲ့ဘဝကို သူတို့စိတ်ကြိုက် ပုံဖော်ဖို့ စိတ်ကူးထားခဲ့တာပါ။

ဆူဒိနဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက ချစ်ကြိုက်ပြီး စေ့စပ်ထားတဲ့ ဘာယာရှရီးလည်း ဒီမြို့မှာပဲ နေပါတယ်။

ကျောင်းတုန်းကလည်း လူချစ်လူခင် များခဲ့တဲ့ ဘာယာရှာရီးဟာ အခုတော့ ဆော့ဖ်ဝဲ အင်ဂျင်နီယာ အလုပ် လုပ်နေပါတယ်။

အိန္ဒိယမှာက သူတို့လို အလားတူ ဘွဲ့ရပညာတတ်တွေ သန်းပေါင်းများစွာ ရှိနေပြီး ဝင်ငွေကောင်းတဲ့ အလုပ်က တစ်နေ့တခြား ရှားလာနေတာပါ။

ဓာတ်ပုံ ပုံစာ,

ဆူဒိနဲ့ သူ့ချစ်သူ ဓာတ်ပုံတွေ

ချစ်သူနဲ့ အိမ်ထောင်တစ်ခု တင့်တောင့်တင့်တယ် တည်ဆောက်ချင်နေတဲ့ ဆူဒိအတွက် သင်္ဘောသားအလုပ်က အခွင့်အရေးတစ်ရပ်ပါ။

သင်္ဘောသားအလုပ်က ဝင်ငွေကောင်းတယ်၊ အလုပ်တွေအများကြီး ရှိတယ်၊ ကမ္ဘာအနှံ့ လေ့လာခွင့်လည်း ရတယ် စတဲ့ မက်လုံးတွေကြောင့် ဒီအလုပ်ကို ဆူဒိရွေးခဲ့တာပါ။

သူတစ်ယောက်တည်းတင် မဟုတ်ပါဘူး။

ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား ပြီးရင် ကမ္ဘာမှာ နိုင်ငံခြားသင်္ဘောသား အများဆုံးက အိန္ဒိယပါ။

၂၀၁၉ ခုနှစ်မှာ ကုန်းပတ်တိုက်၊ ထမင်းချက်၊ အင်ဂျင်နီယာ၊ အရာရှိ စသဖြင့် အိန္ဒိယသင်္ဘောသား ၂၃၄၀၀၀ လောက် နိုင်ငံခြားသင်္ဘောပေါ်မှာ အလုပ်လုပ်ကြတယ်လို့ သိရပါတယ်။

ဒီရာထူးကိုရဖို့ ဆူဒိ ၅ နှစ်လောက် ကြိုးစားခဲ့ရသလို မိသားစုလည်း ဒေါ်လာ ထောင်နဲ့ချီ ကုန်ခဲ့ပါတယ်။ သူအသက် ၂၇ နှစ်မှာ တတိယအရာရှိ စာမေးပွဲအောင်တော့ အမှတ်တရအနေနဲ့ ရွက်လှေတစ်စင်းနဲ့ ကျောက်ဆူးပါတဲ့ ဆေးမင်ကြောင်ရုပ်တစ်ခု သူ့လက်ဖျံမှာ ထိုးခဲ့ပါသေးတယ်။

သူတို့ ပြန်ပေးဆွဲခံရတဲ့ ပထမဆုံးနေ့ မနက်မှာ ရောက်သွားတဲ့ တောအုပ်ထဲကနေလူတွေ ထွက်လာပြီး သေနတ်တွေ မိုးပေါ် ထောင်ပစ်ရင်း နာရီဝက်လောက် အောင်ပွဲ ခံခဲ့ကြပါတယ်။

နွံတောထဲ ပေါလောမျောနေတဲ့ ကားတစ်စီးစာအရွယ် သစ်သားပြားလေးပေါ် ပစ်ထားခံရတဲ့ အိန္ဒိယသင်္ဘောသား ၅ယောက်ကတော့ သူတို့အောက်က ညိုညစ်ညစ် ရေပြင်ကိုပဲ မျှော်လင့်ချက် ကင်းမဲ့စွာ စိုက်ကြည့်နေခဲ့ကြပါတယ်။

တောအုပ်ထဲက အကျဉ်းစခန်းကို ရောက်ဖို့ မြွေလိမ်မြွေကောက် ရှုပ်ထွေးလှတဲ့ မြစ်ဝကျွန်းပေါ် ရေလမ်းကြောင်းကို စက်လှေနဲ့ နာရီပေါင်းများစွာ ဖြတ်လာရပါတယ်။

ပထမပိုင်းရက်တွေမှာ ပင်လယ်ဓားပြတွေက စိတ်မထင်ရင် မထင်သလို ရိုက်နှက်တတ်ပြီး ပြန်ပေးငွေ မရရင် သူတို့ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တတ်ကြပါတယ်။

အဲဒီကို ရောက်တဲ့အထိ ဆူဒိက အတွင်းခံ ဘောင်းဘီလေးနဲ့ပါ။

ညဘက်ဆို ခြင်ကိုက်ခံရလို့ သူ့အရေပြားမှာ အဖုတွေ ထနေပါတယ်။

သူ့ခြေထောက်က သေနတ်ဒဏ်ရာကိုလည်း ပတ်တီးမစည်းပေးလို့ အနာပေါက်ထဲကို ရွှံ့တွေနဲ့ သိပ်ထားရပါတယ်။

သူတို့ နေနေရတဲ့ တောအုပ်ကလည်း ထိုင်းမှိုင်းနေတော့ သူတို့ရဲ့ ကိုယ်ခန္ဓာကလည်း အမြဲ စိုစွတ်နေပါတယ်။

တစ်ခုတည်း ရှိတဲ့ ညစ်ပတ်နေတဲ့ ဖျာပေါ်မှာ တွန်းထိုး အိပ်ကြရပါတယ်။

မိနစ်ပိုင်းလောက်ပဲ အိပ်လို့ရပြီး လန့်နိုးလာတာနဲ့တပြိုင်နက် သူတို့ ဘယ်မှာ ရောက်နေသလဲ ဆိုတာ သတိရသွားကြပါတယ်။

အစောပိုင်းတွေတုန်းက သူဌေးဆီက ငွေတောင်းတာမရလို့ အသတ်ခံရတယ်ဆိုတဲ့ လူတစ်ယောက်ရဲ့ အရိုးခေါင်းတစ်ခုကို ဓားပြတွေက ယူလာပြပါတယ်။

ဒီလို ခြိမ်းခြောက်တာမျိုးတင် မကသေးပါဘူး။

နောက်တစ်နေ့မှာ ကွန်ကရစ် ကျောက်တုံးပုံကြီးကို ပြပြီး တကယ်လို့ ထွက်ပြေးဖို့ ကြိုးစားရင် ကျောက်တုံးကို ခြေထောက်မှာ ဆွဲပြီး ပင်လယ်ထဲ ပစ်ချပစ်မယ်လို့ ဓားပြတွေက သူတို့ကို ပြောပါတယ်။

အစောင့်တွေက အလှည့်ကျ ကင်းလှည့်ပြီး ၁၀ မီတာ အကွာ ကမ်းစပ်ကနေ မပြတ်စောင့်ကြည့်နေပါတယ်။

အစောင့်တွေက ငါးဖမ်းရင်ဖမ်း၊ ဆေးခြောက်ရှူရင်ရှူ မဟုတ်ရင် ကိုင်ကိုင်လို့ ခေါ်တဲ့ တောအရက်တွေသောက်ပြီး အချိန်ဖြုန်းကြပါတယ်။

ဒါပေမဲ့ ဓားစာခံတွေကိုတော့ အနီးကပ် စောင့်ကြည့်နေကြပြီး တစ်ချက်တစ်ချက် သေနတ်တွေနဲ့ချိန်ပြီး သတိပေး ငေါက်ငမ်းတတ်ပါသေးတယ်။

ထူးခြားတဲ့ ပင်လယ်ဓားပြဗိုလ်

ရက်နည်းနည်းကြာလာတော့ ပင်လယ်ဓားပြတချို့နဲ့ အနီးကပ် ပေါင်းကြည့်ဖို့ ဆူဒိ ကြိုးစားခဲ့ပါတယ်။

သူတို့ အခြေအနေ ဘယ်လိုလဲ၊ ကလေးတွေရော ရှိသလားလို့ ချိုချိုသာသာ မေးကြည့်ခဲ့တာပါ။

ဓာတ်ပုံ ပုံစာ,

နိုင်ဂျာမြစ်ဝှမ်းမြေပုံ

ဒါပေမဲ့ တစ်ခွန်းမှ ပြန်မဖြေဘဲ ငါတို့ကို စကားလာမပြောနဲ့လို့ ခပ်ပြတ်ပြတ် သတိပေးခဲ့ပါတယ်။

ဓားပြတွေက တင်းကြပ်တဲ့ အမိန့်စည်းကမ်းတွေကို လိုက်နာပုံရပါတယ်။

တောထဲက တစ်နေရာရာမှာ စခန်းချနေတဲ့ သူတို့ခေါင်းဆောင်ကို နာမည်တပ် မခေါ်ဘဲ The King ဘုရင်မင်းမြတ်လို့သာ ရည်ညွှန်းပြောလေ့ ရှိပါတယ်။

ဆူဒိနဲ့ ကျန်တဲ့ သင်္ဘောသားတွေ ဖြစ်တဲ့ ချီရက်၂၂ နှစ်၊ အန်ကစ်၂၁ နှစ်၊ အာဗီနက်ရှ် ၂၂ နှစ်၊ မူဂူး ၃၄နှစ်တို့ ဟာ ဘာအခွင့်အလမ်းမှ မရှိပေမဲ့ အတတ်နိုင်ဆုံး အားမွေးပြီး အခြေအနေကို မပြတ် စောင့်ကြည့်နေခဲ့ကြပါတယ်။

နေ့စဥ် မနက်ခင်းတိုင်း သူတို့ ၅ ယောက် မျှစားဖို့ အသင့်စား ခေါက်ဆွဲပြုတ် တစ်ဇလုံ ပေးပါတယ်။

သူတို့အချင်းချင်း အသေအချာ အချိုးကျ ခွဲပြီး ညစ်ပတ်နေတဲ့ ဇွန်းတစ်ချောင်းနဲ့ တစ်ယောက်တစ်ဇွန်း မျှစားကြရပါတယ်။

ညနေဘက်မှာလည်း မနက်တုန်းက ပုံစံမျိုး နောက်တစ်ကြိမ် ထပ်ရပါတယ်။ ပြီးရင် ဇလုံလွတ်ကို ပြန်ပေးရပါတယ်။

သောက်ရေကတော့ ရွှံ့ရေကလွဲရင် ဘာမှ မပေးပါဘူး။ အဲဒီ့ရွှံ့ရေတွေထဲမှာ ဓာတ်ဆီတွေ ပါနေတတ်ပါတယ်။

တစ်ခါတစ်လေ အရမ်းဆာလာရင်တော့ မြစ်ထဲက ဆားငန်ရေတွေကိုပဲ သောက်ရပါတယ်။

သူတို့နဲ့အတူ ပြန်ပေးဆွဲလာတဲ့ နိုင်ဂျီးရီးယား သင်္ဘောကပ္ပတိန်ကိုတော့ အနားက တဲတစ်လုံးမှာ သပ်သပ်ခွဲထားပါတယ်။

သူ့ကို ပိုကောင်းကောင်းဆက်ဆံလို့ အိန္ဒိယ သင်္ဘောသားတွေက အမြင်ကပ်နေကြပါတယ်။

အချိန် ဖြုန်းတဲ့အနေနဲ့ သင်္ဘောသား ၅ ယောက်က သူတို့တွေ အိမ်ပြန်ရောက်ရင် ဘာလုပ်ကြမလဲ ဆိုတာကို ပြောကြလေ့ ရှိပါတယ်။

အနားက သစ်ပင်တွေကြားမှာ မြွေတွေ သွားနေတာ၊ လမုပင်တွေကို ဖြတ်ပြီး ငှက်တွေပျံသွားတာ စတဲ့ သဘာဝမြင်ကွင်းကို စောင့်ကြည့်လေ့ ရှိပါတယ်။ ဝတ်ပြုဆုတောင်းတာလည်း လုပ်ကြပါတယ်။

တစ်ကယ်လို့ မျောက်တစ်ကောင်ကောင်ကို ပင်လယ်ဓားပြတွေ တွေ့သွားပြီဆိုရင်တော့ ဆူညံသွားပါလိမ့်မယ်။

မရအရ ခြေရာခံ ပစ်ခတ်၊ ဖမ်းမိလာတဲ့ မျောက်ကို သူတို့အဖွဲ့ မီးကင်စားတတ်ကြပါတယ်။

ဆူဒိတို့ကိုတော့ တစ်ခါမှ မျှမကျွေးကြပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

နိုင်ဂျာ မြစ်ဝှမ်းက ဘိုဒိုမြစ်ရေပြင်ထဲ ရေနံတွေဝေ့နေ

သင်္ဘောသားတွေက နေဝင်ချိန်တိုင်းမှာ သူတို့အိပ်တဲ့ သစ်သားပြားပေါ်မှာ မြားလေးတွေ ခြစ်ထားပြီးနေ့စဥ် ရက်စွဲမှတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒီလိုနေရင်းနဲ့ ဆူဒိ အပါအဝင် သင်္ဘောသားတချို့ ငှက်ဖျားဝင်လာပြီး ကယောင်ကတမ်း ဖြစ်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

တကယ်လို့ သူတို့ကို ပင်လယ်ဓားပြတွေက သတ်ဖို့လုပ်လာရင် သူသေကိုယ်သေ ပြန်ချမယ်လို့ အချင်းချင်း တီးတိုး တိုင်ပင်ထားကြပါတယ်။

တစ်ကယ်လို့ သူတို့ သေရမယ်ဆိုရင် အနည်းဆုံး ပင်လယ်ဓားပြ ၃ ယောက်လောက်တော့ သတ်သွားနိုင်မယ်လို့ တွေးကြည့်ကြပါတယ်။

အဲဒီအခါမျိုးမှာ သူတို့အချင်းချင်း ရယ်မောခဲ့ကြပါတယ်။

ဒါပေမဲ့ လုံးဝ စိတ်ဓာတ်မကျသွားအောင်တော့ အမြဲလိုလို စိတ်ဓာတ် စစ်ဆင်ရေး လုပ်နေရပါတယ်။

တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန် နာရီပေါင်းများစွာ ပူပြင်းလှတဲ့ နေရောင်အောက်မှာ လှဲလျောင်းရင်း ဆူဒိတစ်ယောက် သူတို့ ဘယ်လို လွတ်မြောက်နိုင်မလဲ၊ တကယ်လို့များ အိန္ဒိယကော်မရှင်နာမင်းကြီး ဒါမှမဟုတ် သူ့မိသားစုကိုဖုန်းပြောခွင့်ရရင် ဘာတွေ ပြောမလဲ ဆိုတာတွေကို ထပ်ခါတလဲလဲ တွေးနေခဲ့ပါတယ်။

သူမင်္ဂလာဆောင်ဖို့ကိစ္စကိုလည်း သူ့ခေါင်းထဲမှာ အစီအစဥ် ဆွဲနေပါတယ်။

အစပိုင်းမှာ ပင်လယ်ဓားပြတွေက ပြန်ပေးငွေ ဒေါ်လာ သန်းပေါင်းများစွာ တောင်းခဲ့တာပါ။

ဒီလောက်များတဲ့ ငွေကို ဟိုဘက်က မပေးနိုင်ဘူးဆိုတာလည်း သူတို့သိကြမှာပါ။

ဒါပေမယ့် ဒီလို ပြန်ပေးဆွဲ ငွေတောင်းတာမျိုးက တောင်းတဲ့သူနဲ့ ပေးတဲ့သူတွေအကြား ရှုပ်ထွေးတဲ့ အပြန်အလှန် ဆွေးနွေးညှိနှိုင်း၊ အပေးအယူတွေ လုပ်ရတတ်ပါတယ်။

နိုင်ဂျာမြစ်ဝှမ်းက တောအုပ်ကြီးထဲမှာ ခြေရာခံ ရှာလို့မရတတ်တာမို့ ပြန်ပေးသမားတွေဘက်က အမြဲ အသာစီးရလေ့ ရှိပါတယ်။

ပြန်ပေးဆွဲခံရလို့ ၁၅ ရက်အကြာမှာ ပင်လယ်ဓားပြတွေက ဆူဒိကို စက်လှေတစ်စင်းပေါ် တင်ပြီး တောအုပ် တစ်ဖက်ခြမ်းကို ခေါ်သွားပါတယ်။

အဲဒီကိုရောက်တော့ သူ့လက်ထဲကို ဂြိုဟ်တုဖုန်း ထည့်ပေးပြီး မြေထဲပင်လယ်ဆိပ်ကမ်း Piraeus မှာ အခြေစိုက်တဲ့ သင်္ဘောပိုင်ရှင်သူဌေး ကပ္ပတိန် ခရစ္စတော့စ် တာရီရော့စ်နဲ့ တိုက်ရိုက် စကားပြောခိုင်းပါတယ်။

သူပိုင်တဲ့ ပက်ထရိုဂရက်စ်ကုမ္ပဏီက အနောက်အာဖရိကမှာ ရေနံတင်သင်္ဘောအများကြီးကို ပြေးဆွဲနေတာပါ။

ခေါင်းမာတဲ့သင်္ဘောပိုင်ရှင်

သူ့သူဌေးအကြောင်း ဆူဒိက နည်းနည်းပါးပါးပဲ သိပါတယ်။ ဒါပေမဲ့ ရန်လိုပြီး စိတ်တိုတတ်တယ်ဆိုတာကိုတော့ ကြားဖူးထားပါတယ်။

"ဆရာ ကျွန်တော်တို့အခြေအနေက အရမ်းဆိုးနေတယ်။

အဲဒါကြောင့်ဒီကိစ္စကို အမြန် ဖြေရှင်းပေးစေချင်ပါတယ်။

ကျွန်တော်တို့ ဒီမှာ သေသွားနိုင်ပါတယ်" လို့ ဆူဒိက သူဌေးကို ပြောလိုက်ပါတယ်။

သူဌေးကတော့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအတွက်ကိုပဲ ဒေါသထွက်နေပြီး သနားတဲ့စိတ် ရှိပုံမပေါ်ပါဘူး။

အကြီးအကျယ် ဒေါသထွက်သွားခဲ့ကြတဲ့ ပင်လယ်ဓားပြတွေက ဆူဒိကို "ငါတို့ ပိုက်ဆံပဲ လိုချင်တယ်။ မင်းလူတွေ ပြန်မရွေးရင် မင်းတို့ကို သတ်ပစ်မယ်" ဆိုပြီး ထပ်ခါတလဲလဲ ခြိမ်းခြောက်ခဲ့ကြပါတယ်။

ပုံမှန်အားဖြင့် သင်္ဘောပိုင်ရှင်တွေက အာမခံ ထားထားတာကြောင့် သူတို့ သင်္ဘောသားတွေကို အာမခံလျော်ကြေးနဲ့ ပြန်ရွေးတတ်ကြပါတယ်။

သင်္ဘောသားတွေကို ပြန်လွှတ်ပေးဖို့ ပြန်ပေးသမားတွေနဲ့ သီတင်းပတ်နဲ့ချီ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီးရင် တောင်းထားတဲ့ငွေကို ပေးလိုက်တာပါ။

ဒါပေမယ့် အခုကိစ္စမှာတော့ ခေါင်းမာတဲ့ သင်္ဘောပိုင်ရှင်နဲ့ တိုးနေပါတယ်။ ဒီတော့ မိသားစုဘက် လှည့်တောင်းမှ ရတော့မယ် ဆိုတာ ပြန်ပေးသမားတွေ သိခဲ့ကြပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆူဒိ မိသားစု

အိန္ဒိယက ဆူဒိ မိဘတွေဟာလည်း အိပ်မပျော် စားမဝင် စိုးရိမ်ပူပန်နေကြပါတယ်။

ဘာတွေ ဖြစ်နေသလဲဆိုတာ မသိရတော့ အဆိုးဆုံးအထိ လျှောက်တွေးရင်း ပင်လယ်ဓားပြတွေ လက်ကနေ သူတို့ရဲ့သား လွတ်ဖို့လမ်းမှ ရှိပါ့မလားလို့ စိုးရိမ်နေကြပါတယ်။

ပင်လယ်ဓားပြတွေ တောင်းတဲ့ငွေကို သူ့မိဘတွေက တိုက်ရိုက်ပေးနိုင်တဲ့ အခြေအနေ မရှိသလို ဒီနည်းလမ်းကိုလည်း စဉ်းစားမှာ မဟုတ်ပါဘူး။

အိန္ဒိယအစိုးရကလည်း ပြန်ပေးငွေပေးပြီး ဓားစာခံတွေကို ရွေးလေ့မရှိပါဘူး။

ဒါပေမဲ့ ပင်လယ်ဓားပြစခန်းကို လိုက်ရှာဖို့ နိုင်ဂျီးရီးယား ရေတပ်ကို ကူညီတာမျိုး ဒါမှမဟုတ် ဓားပြတွေ တောင်းတဲ့ ပိုက်ဆံကို ပေးလိုက်ဖို့ သင်္ဘောပိုင်ရှင်ကို ဖိအားပေးတာမျိုးလို တခြားနည်းတွေနဲ့ အကူအညီပေးနိုင်ဖို့တော့ အိန္ဒိယအစိုးရဘက်က မျှော်လင့်ထားပါတယ်။

တစ်ခါ ဆူဒိရဲ့ ချစ်သူ ဘာယာရှရီးနဲ့ ဆူဒိရဲ့ဝမ်းကွဲအစ်မ ဆွာပနားတို့ကလည်း ဆူဒိ ပြန်လွတ်မြောက်လာရေးကို ဦးဆောင်ကြိုးပမ်းခဲ့ကြပါတယ်။

ပြန်ပေးဆွဲခံထားရတဲ့ သင်္ဘောသားတွေရဲ့ မိသားစုတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ WhatsApp အုပ်စုတစ်စုကို ဖွဲ့ထားပါတယ်။

သင်္ဘောသားတွေကို သတ်လိုက်လို့ပင်လယ်ဓားပြတွေမှာ ဘာမှ အကျိုးမရှိဘူးဆိုတာ ဘာယာရှရီး တဖြည်းဖြည်း သိလာခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ ဘယ်လောက်အထိ စိတ်ရှည်မလဲဆိုတာကိုတော့ အတော်လေး စိတ်ပူခဲ့ပါတယ်။

သူ့ချစ်သူ ပြန်လွတ်လာဖို့ သင်္ဘောပိုင်ရှင်ကို နေရာပေါင်းစုံကနေ ဖိအားပေးဖို့ကသာ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပုံရပါတယ်။

ဒါ့ကြောင့် ဘာယာရှရီးဟာ ကားထဲမှာပဲ ဖြစ်ဖြစ်၊ ရုံးအိမ်သာခန်းထဲမှာပဲ ရောက်နေနေ၊ အိပ်ရာပေါ်မှာ လှဲနေရင်း ဖြစ်ဖြစ် အကူအညီပေးနိုင်မယ့်သူ မှန်သမျှဆီ အီးမေးလ်၊ တွစ်တာ၊ အွန်လိုင်းကနေ နည်းလမ်းပေါင်းစုံနဲ့ ဆက်သွယ်ခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆူဒိ အိမ် မှာ ဆုတောင်းပေး

သီတင်း ၃ ပတ်ကြာလောက် တိတ်ဆိတ်သွားလုနီးပါး ဖြစ်ခဲ့ရာကနေ ၁၇ ရက်မြောက်နေ့မှာ ထူးခြားမှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

ပြန်ပေးဆွဲခံထားရတဲ့ သင်္ဘောသားတွေထဲက တစ်ယောက်ဖြစ်တဲ့ အာဗင်နက်ရှ်က သူ့ညီမကို နိုင်ဂျီးရီးယား တောထဲကနေ လှမ်းဆက်သွယ်ခဲ့တာပါ။

သူတို့အားလုံး အသက်ရှင်နေတုန်းပဲ၊ ဒါပေမဲ့ အကူအညီ အရမ်းလိုနေတယ်လို့ လှမ်းပြောပါတယ်။

နောက်ရက်တွေမှာလည်း ဆက်တိုက်ဆိုသလို တခြားမိသားစုတွေကို သူတို့သားတွေက ဖုန်းနဲ့ အဆက်အသွယ် လုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဆူဒိနဲ့ သူ့မိသားစုကတော့ ဘာအဆက်အသွယ်မှ မရခဲ့ကြပါဘူး။

အဲဒီအချိန်မှာပဲ ထင်မှတ်မထားတဲ့ ဆက်ဆံရေးတွေ ထူးထူးဆန်းဆန်း ဖြစ်လာပါတယ်။ သင်္ဘောလုပ်ငန်းမှာ လုပ်နေသူတစ်ဦးနဲ့ ဆွေမျိုးတော်တဲ့ ကပ္ပတိန် နာဆစ် ဆိုသူက ပင်လယ်ဓားပြတွေရဲ့ ဂြိုဟ်တုဖုန်းကို မကြာခဏ လှမ်းခေါ်ပြီး သင်္ဘောသားတွေရဲ့ အခြေအနေကို တီးခေါက် မေးခဲ့ပါတယ်။

သူနဲ့ ပင်လယ်ဓားပြတွေအကြား ပြောခဲ့ကြတဲ့ လှိုဏ်သံပါနေတဲ့ စကားသံတွေကို သင်္ဘောသား မိသားစုတွေရဲ့ WhatsApp အုပ်စုမှာ တင်ပေးခဲ့ပေမဲ့ သင်္ဘောသားတွေရဲ့ မိသားစုတွေက သိပ်အယုံအကြည် မရှိကြပါဘူး။

သင်္ဘောပိုင်ရှင်က သင်္ဘောသားတွေရဲ့အသက်ကို လုံးဝအရေးမစိုက်ဘဲ လှည့်ပတ်ရှောင်တိမ်းနေတယ်လို့ ပင်လယ်ဓားပြတစ်ဦးက ကပ္ပတိန် နာဆစ်ကို ဖုန်းထဲမှာ ဒေါသတကြီး ပြောပြခဲ့ပါတယ်။

၂၈ ရက်ပြည့်တဲ့နေ့

သူတို့ကို ဖမ်းထားတာ ၂၈ ရက်မြောက်တဲ့နေ့ မေလ ၁၇ ရက်နေ့မှာ ပင်လယ်ဓားပြတွေက ဆူဒိကို ကပ္ပတိန် နာဆစ်နဲ့ စကားပြောခွင့် ပေးခဲ့ပါတယ်။

ဒီဒုက္ခဆိုးကြီးကနေ လွတ်ဖို့ ရက်နည်းနည်းပဲ လိုပါတော့တယ်လို့ ကပ္ပတိန် နာဆစ်က သူ့ကို အားပေးစကားပြောခဲ့ပါတယ်။

ပြီးတော့ အရာရှိတစ်ဦးဖြစ်တဲ့ ဆူဒိအနေနဲ့ လောလောဆယ်မှာ ကျန်တဲ့သူတွေ စိတ်ဓာတ်မကျအောင် ထိန်းထားပေးဖို့ကိုလည်း ပြောခဲ့ပါတယ်။

ဆူဒိက သူကြိုးစားနေပါတယ် လို့ ဟင်ဒီဘာသာနဲ့ ပြန်ပြောခဲ့တာကို ဖုန်းသံ အက်အက်ထဲမှာ ကြားရပါတယ်။

သူနဲ့ စကားပြောခဲ့တာကို သူ့အိမ်ကို ပြောပေးပါလို့လည်း ဆူဒိက မှာလိုက်ပါတယ်။

သီတင်းပတ် နည်းနည်းကြာတိုင်း အိန္ဒိယ သင်္ဘောသားတွေကို တောအုပ်တစ်နေရာကနေ နောက်တစ်နေရာကို ပြောင်းပါတယ်။

သင်္ဘောကပ္ပတိန် ခရစ္စတော့စ်နဲ့ ညှိနှိုင်းနေတဲ့အခြေအနေ ပျက်ပြားမယ့်ပုံ ရှိလာချိန်မှာ ဓားပြခေါင်းဆောင် The King ကိုယ်တိုင် သင်္ဘောသားတွေကို လာတွေ့တာတွေ စလုပ်လာပါတယ်။

သူက စကားများများ ပြောလေ့ မရှိပါဘူး။ တခြား ပင်လယ်ဓားပြတွေက သူ့ကို လေးစားကြည်ညိုကြသလို ကြောက်ရွံ့ကြပုံ ရပါတယ်။

သူ့ရဲ့ ကိုယ်ခန္ဓာအရွယ်အစားကြောင့်လည်း ခေါင်းဆောင် တင်မြှောက်ခဲ့တာလို့တောင် ထင်ရပါတယ်။

ပင်လယ်ဓားပြတွေအားလုံး ဗလတောင့်ပြီး ကြောက်စရာကောင်းလှပေမဲ့ The King ကမှ တကယ့် လူထွားကြီးပါ။

အရပ်က အနည်းဆုံး ၆ ပေ ၆ လက်မလောက် မြင့်ပါတယ်။

သူကိုင်တဲ့ သေနတ်ကလည်း သူ့လက်အောက်လူတွေ ကိုင်တဲ့ သေနတ်တွေထက် အများကြီး ကြီးပါတယ်။ ကျည်ဆန် အပြည့်ဖြည့်ထားတဲ့ သားရေခါးပတ်ကိုလည်း အမြဲ ပတ်ထားလေ့ ရှိပါတယ်။

The King ဟာ လေးရက်တစ်ခါ၊ ငါးရက်တစ်ခါလောက် ရောက်လာတတ်ပြီး အကျဥ်းသားတွေရှေ့မှာ ဆေးခြောက်ကို အေးအေးဆေးဆေး ရှူလေ့ရှိပါတယ်။

"ကပ္ပတိန် ခရစ္စတော့စ်ဟာ လုပ်သင့်တာတွေကို ခုချိန်ထိမလုပ်ဘဲ နေနေတယ်၊ အဲဒီရဲ့ အကျိုးဆက်ကို ခံရမယ်"လို့ The King က ပြောပါတယ်။

သူက စကားကို ချင့်ချင့်ချိန်ချိန် ပြောလေ့ ရှိပြီး သူ့အင်္ဂလိပ်စကားက တခြား ပင်လယ်ဓားပြတွေထက် ပိုကောင်းပါတယ်။

သီတင်းပတ်တွေနဲ့ချီ အဖမ်းခံထားရအပြီး သင်္ဘောသားတွေ အရိုးအပြိုင်းပြိုင်းနဲ့ ပိန်ချုံးလာကြပါတယ်။

မျက်လုံးတွေက ဝါဖျော့လာပြီး ဆီးတွေကလည်း နီကျင် ကုန်ပါတယ်။

ပင်လယ်ဓားပြဗိုလ် တစ်ခါလာတွေ့တိုင်း ရွှံ့ထဲမှာ တွေ့ရတဲ့ အရိုးစုလိုဘဝကို ရောက်ဖို့ တစ်ရက် ပိုနီးလာပြီလို့ သူတို့စိတ်မှာ ခံစားခဲ့ရပါတယ်။

မထင်မှတ်ထားတဲ့ အလှည့်အပြောင်း

အဲဒီနောက် ပိုထူးဆန်းတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

Apecus ရေနံတင်သင်္ဘောမှာ ဖြစ်ပျက်ခဲ့တာဟာ ကြုံကြိုက်လို့ ပြန်ပေးဆွဲ တိုက်ခိုက်ခဲ့တာလို့ အခုချိန်ထိ ယူဆထားခဲ့တာပါ။

ဒါပေမဲ့ မေလကုန်ပိုင်းလောက်မှာတော့ နွံတောထဲက သစ်သားပြားပေါ်မှာ ချုပ်နှောင်ခံထားရတဲ့ ဒီသင်္ဘောသားတွေ မသိခဲ့တဲ့ နက်နဲရှုပ်ထွေးလှတဲ့ အကွက်ရိုက် ကြံစည်မှုတွေ ဘူးပေါ်သလို ပေါ်လာခဲ့ပါတယ်။

ရေနံခိုးထုတ်ဖို့ လုပ်တယ်လို့စွပ်စွဲ

ဒီရေနံတင်သင်္ဘောကုမ္ပဏီဟာ ခိုးထုတ်ထားတဲ့ ရေနံစိမ်းတွေကို နိုင်ဂျာမြစ်ဝှမ်းကနေ ဂါနာနိုင်ငံဆီ ပို့ပေးရာမှာ ပါဝင်ပတ်သက်နေတယ်လို့ နိုင်ဂျီးရီးယား ရေတပ်က တရားဝင် ထုတ်ဖော်စွပ်စွဲလိုက်ပါတယ်။

Apecus ရေနံတင်သင်္ဘောကို တိုက်ခိုက်ပြီး ပြန်ပေးဆွဲခဲ့တာဟာ ရာဇဝတ်ဂိုဏ်း နှစ်ဂိုဏ်းအကြား အဝေမတည့်ရာကနေ ဖြစ်လာခဲ့တာလို့ နိုင်ဂျီးရီးယား ရေတပ်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အဖမ်းအဆီးတွေတောင် လုပ်ထားပြီးပါပြီ။

နိုင်ဂျီးရီးယားမှာ ရှိတဲ့ သင်္ဘောကုမ္ပဏီ မန်နေဂျာကလည်း တရားမဝင် ရေနံ ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်နေတယ် ဆိုတာကို ထုတ်ဖော် ဝန်ခံခဲ့ပုံရပါတယ်။

ဒီကိစ္စကို သင်္ဘောပိုင်ရှင် ကပ္ပတိန် ခရစ္စတော့စ်ကတော့ အပြင်းအထန် ငြင်းခဲ့ပါတယ်။

ဘီဘီစီက ကြည့်ခဲ့ရတဲ့ အီးမေးလ်တွေထဲမှာ သူ့ကို အကြမ်းဖက် ပြန်ပေးသမားတွေနဲ့ ညှိနှိုင်း စကားပြောဖြစ်အောင်၊ မတန်တဆငွေနဲ့ ဓားစာခံတွေကို ပြန်ရွေးအောင် အိန္ဒိယအစိုးရက ဖိအားပေးခဲ့တယ်လို့ ကပ္ပတိန် ခရစ္စတော့စ်က အပြစ်တင်ထားပါတယ်။

အိန္ဒိယ အာဏာပိုင်တွေက ဒါကို ငြင်းခဲ့ပါတယ်။ နိုင်ဂျီးရီးယား ရေတပ်ကတော့ ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။

အဖမ်းခံထားရတဲ့ သူတွေအတွက် အခြေအနေက မရေမရာ ဖြစ်နေပါတယ်။

ဒါပေမဲ့ ရေနံ ခိုးထုတ်ဖို့လုပ်တယ်လို့ စွပ်စွဲခံနေရတဲ့ ကပ္ပတိန် ခရစ္စတော့စ်ရဲ့ ရေနံတင်သင်္ဘောတွေ နိုင်ဂျီးရီးယားမှာ လုပ်ငန်းဆက်လှုပ်ရှားလည်ပတ်ဖို့ ခက်လာနိုင်တဲ့အတွက် ပင်လယ်ဓားပြတွေနဲ့ သူ ညှိနှိုင်း စကားပြောမှ ဖြစ်တော့မယ့်ပုံ တွေ့လာရပါတယ်။

အဲဒီကနေ ဇွန်လ ၁၃ ရက် ရောက်တော့ ပြန်ပေးသမားတွေနဲ့ ညှိနှိုင်းတာ ပြီးဆုံးသွားပြီး ငွေပေးဖို့ စီစဥ်နေပြီဆိုတာကို အစိုးရသတင်းရပ်ကွက်တစ်ခုကနေ ဆူဒိတို့ မိသားစု ကြားခဲ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ တောထဲမှာ အဖမ်းခံထားရတဲ့ သင်္ဘောသားတွေလည်း ဆိုးရွားတဲ့ ငရဲဒုက္ခကနေ လွတ်တော့မယ်ဆိုတာ သိခဲ့ကြပါတယ်။

ရက်၇၀ပြည့်တဲ့နေ့

တောထဲမှာ အဖမ်းခံထားရတာ ရက်ပေါင်း ၇၀ ပြည့်သွားတဲ့ ဇွန်လ ၂၉ရက် မနက်မှာ ခါတိုင်းနေ့တွေလိုပဲ သင်္ဘောသားတွေ အိပ်ရာက နိုးလာကြပါတယ်။

မနက်ပိုင်း နည်းနည်းနောက်ကျချိန်မှာ သူတို့ကို ခေါက်ဆွဲပြုတ်ဇလုံ လာပို့အပြီး အစောင့်တစ်ယောက်က ဆူဒိကို တကယ်လို့ အခြေအနေတွေ ပြေလည်သွားရင် ဒီနေ့ဟာ သူတို့ တောထဲမှာ နေရမယ့် နောက်ဆုံးနေ့ ဖြစ်နိုင်တယ်လို့ တိုးတိုးလေး ပြောသွားပါတယ်။

နှစ်နာရီလောက်ကြာတော့ အစောင့် ပြန်ရောက်လာပြီး သူတို့ကို ပြန်ရွေးမယ့်လူ လမ်းမှာ လာနေပြီလို့ ထပ်ပြောပါတယ်။

အဲဒီနေ့လယ်မှာ တုန်ချိချိနဲ့ အသက် ၆၀ ကျော် ဂါနာလူမျိုး အဘိုးကြီးတစ်ယာက် စက်လှေနဲ့ ရောက်လာပါတယ်။

အမေရိကန် ဒေါ်လာ ငွေစက္ကူတွေ လျှံထွက်နေတဲ့ ပလတ်စတစ်အိတ်ကြီးတစ်အိတ်ကို ကြောက်ကြောက်ရွံ့ရွံ့နဲ့ ပိုက်ထားတဲ့ သူ့ကိုကြည့်ရတာ ဒီလိုညှိနှိုင်းတဲ့ အလုပ်မျိုး လုပ်ဖူးပုံမရပါဘူး။

သူရောက်လာပြီး မိနစ်ပိုင်းအတွင်းမှာပဲ တစ်ခုခုတော့ မှားနေတယ် ဆိုတာ အထင်အရှား တွေ့လိုက်ရပါတယ်။

ပင်လယ်ဓားပြတွေက အဘိုးကြီးကို ဝိုင်းထိုးကြိတ်ကြပါတယ်။

ပိုက်ဆံတွေ လိုနေတယ်၊ မပြည့်ဘူးလို့ ဓားပြဗိုလ်က အော်ဟစ်ကြိမ်းမောင်းပြီး သူ့ခါးက ဓားနဲ့ အဘိုးကြီးရဲ့ခြေထောက်ကို ထိုးပါတယ်။

အဘိုးကြီးလည်း ရွှံ့ထဲမှာ ထွန့်ထွန့်လူးပြီး အော်ဟစ်နေပါတယ်။

အဲဒီနောက် ဓားပြဗိုလ်က သင်္ဘောသားတွေနား ရောက်လာပြီး အဘိုးကြီးကို ခေါ်ထားမယ်၊ သူတို့ ၆ ယောက်ကတော့ သွားချင်ရာ သွားနိုင်ပြီလို့ ပြောပါတယ်။

သူ့အဖွဲ့ကတော့ တားမှာ မဟုတ်ဘူး၊ ဒါပေမဲ့တခြား ပင်လယ်ဓားပြ အုပ်စု တစ်စုစုက ဖမ်းရင် သူတို့ တာဝန်မယူဘူး၊ ကိုယ့်ဟာကိုယ် ရှင်း၊ ဘိုင့်ဘိုင်ပဲ လို့ ဓားပြဗိုလ်က ဆူဒိကို စိုက်ကြည့်ပြီး ပြောခဲ့ပါတယ်။

သူတို့လည်း အချိန်မဆိုင်းဘဲ အဘိုးကြီး စီးလာတဲ့ စက်လှေ ဆိုက်ထားတဲ့ ရေစပ်ဆီ ပြေးလာကြပါတယ်။

စက်လှေမောင်းတဲ့သူကို သူလာခဲ့တဲ့ နေရာကို မောင်းပို့ပေးဖို့ ဆူဒိက ပြောပါတယ်။

အဲဒီအချိန်မှာ အဖမ်းခံရတာ နှစ်လကျော် ကြာသွားပြီ ဖြစ်ပေမဲ့ ဆူဒိဟာ အောက်ခံဘောင်းဘီလေးနဲ့ပဲ ရှိနေပါသေးတယ်။ အပေါ်ပိုင်းကတော့ ဓားပြတွေပေးလို့ တီရှပ်အစုတ် တစ်ထည် ဝတ်ထားပါတယ်။

စက်ကုန် မောင်းထွက်လာတဲ့ စက်လှေလေးဟာ ရေပြင်မှာ ဘယ်ညာ ယိမ်းထိုးနေပါတယ်။

လေးနာရီ နီးပါး မောင်းလာပြီးတဲ့အခါ လှေသမားက ဓာတ်ဆီ ကုန်သွားလို့ ဆီဖြည့်ရမယ်ဆိုပြီး ကူးတို့ဆိပ်တစ်ခုမှာ ကပ်ပါတယ်။

အဲဒီရွာငယ်လေးရဲ့ အပြင်ဘက်မှာ ခြေဗလာနဲ့ လူတစ်အုပ် ဘောလုံးကန်နေတာ လှမ်းမြင်လိုက်ရလို့ သင်္ဘောသားတွေက သူတို့အနား သွားပြီး အကူအညီတောင်းခဲ့ပါတယ်။

သူတို့ ပြန်ပေးဆွဲ ခံခဲ့ရတဲ့အကြောင်း ရှင်းပြတဲ့အခါ အဲဒီလူတွေက သင်္ဘောသားတွေကို အိမ်တစ်အိမ်ကို ခေါ်သွားပါတယ်။

ရေပုလင်းတွေ ထုတ်တိုက်တော့ အငမ်းမရ သောက်ခဲ့ကြပါတယ်။

သူတို့တည်းနေတဲ့အိမ် အပြင်ဘက်မှာ ရွာထဲက အကြီးဆုံးလူ ၃ ယောက်က တစ်ညလုံး စောင့်ပေးခဲ့ပါတယ်။

အားနည်းနွမ်းနယ်နေပေမဲ့ သူတို့ ဘေးကင်းလုံခြုံခဲ့ပြီဆိုတာကို သင်္ဘောသားတွေ သိနေကြပါတယ်။

သူတို့ကို ကယ်ဖို့ ကယ်တင်ရှင်တွေအဖြစ် အဲဒီလူတွေကို ဘုရားက ခိုင်းလိုက်သလိုပဲလို့ ဆူဒိက နောက်ပိုင်းမှာ ပြန်ပြောပြပါတယ်။

ဓာတ်ပုံ ပုံစာ,

ပင်လယ်ဓားပြတွေလက်က လွတ်လာပြီး နိုင်ဂျီးရီးယားမှာ

အဲဒီနောက် မကြာခင်မှာပဲ နိုင်ဂျီးရီးယားနိုင်ငံရဲ့ မြို့တော် လေးဂို့စ်မြို့ကို ရောက်လာခဲ့ပါတယ်။

ဟိုတယ်ခန်းထဲမှာ ပထမဆုံးအကြိမ် ဆူဒိတစ်ယောက် ဘီယာလေးသောက်လိုက်၊ ရေစိမ်ချိုးလိုက်လုပ်ပြီး သူ့ကိုယ်ပေါ်ကအမာရွတ်တွေကို စမ်းကြည့်နေမိခဲ့ပါတယ်။

ရေနွေးပူကန်ထဲ ကြောက်ကြောက်နဲ့ ရေစိမ်ချိုးတဲ့အခါ ပြီးခဲ့တဲ့ရက်ပိုင်းက ပင်လယ်ဓားပြတစ်ယောက်က ငါးခုတ်ဓားနဲ့ ခုတ်ခဲ့လို့ ရထားတဲ့ သူ့ပုခုံးက ဒဏ်ရာအသစ်က အတော်လေး နာနာစပ်စပ် ဖြစ်သွားခဲ့ပါတယ်။

ရေနွေးကန်ကနေ မျက်နှာကြက်ကို ငေးကြည့်ရင်း အိန္ဒိယ သံတမန်တစ်ဦး ပေးထားတဲ့ စီးကရက်ဘူးထဲက စီးကရက် ၁၂ လိပ်လောက် တစ်ထိုင်တည်းသောက်ပစ်ခဲ့ပါတယ်။

ဆူဒိ ပြန်လွတ်လာတာ ၈ လ လောက် ရှိပါပြီ။ အခုတော့ စိုစိုပြေပြေနဲ့ အသားအရေတွေ ပြန်ပြည့်လာပါပြီ။

ရက် ၇၀ အဖမ်းခံထားရတုန်းက ကိုယ်အလေးချိန် ၂၀ ကီလိုကျော် ကျသွားခဲ့တဲ့ သူ့ကို သူ့အမေက အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက် ကျွေးမွေးခဲ့တာပါ။

သူ့သား ပြန်လွတ်လာမယ် ဆိုတာကို တထစ်ချ ယုံကြည်ထားခဲ့တယ်လို့ ဆူဒိရဲ့အမေ ဆူနီတီ က ပြောပြပါတယ်။

၂၀၂ဝ ဇန်နဝါရီလမှာ ဆူဒိတို့စုံတွဲ လက်ထပ်ခဲ့ကြပါတယ်။ အခုတော့ ဆူဒိရဲ့ဘဝ တည်ငြိမ် အေးချမ်းနေပါပြီ။

သင်္ဘော ဆက်မလိုက်တော့ပေမဲ့ သူတို့မြို့က ရေကြောင်းကောလိပ်တစ်ခုမှာ လူငယ်သင်္ဘောသားတွေအတွက် ပင်လယ်တွင်း လုံခြုံရေးသင်တန်းတွေ ပို့ချပေးနေပါတယ်။

ပင်လယ်ဓားပြတွေရဲ့လက်ထဲ လနဲ့ချီ နေခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် စိတ်ဒဏ်ရာ ရခဲ့တဲ့အတွက် သင်္ဘောပြန်မလိုက်တော့တာလို့ ဆူဒိက ပြောပါတယ်။

ငရဲတွင်းကနေ လွတ်လာကြပြီ ဖြစ်ပေမဲ့ ဆူဒိတို့ အုပ်စုကြုံခဲ့ရတာအပေါ် ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ ထုတ်ဖော်ဖို့ ကြိုးစားနေဆဲပါ။

ဒါပေမဲ့ ရုံးလုပ်ငန်းအဆင့်ဆင့်ကြောင့် ကြန့်ကြာနေရပါတယ်။

ပြန်ရောက်လာပြီးကတည်းက သူတို့ရရမယ့် လစာရော လျော်ကြေးငွေပါ မရကြသေးပါဘူး။

သူသင်္ဘောပေါ်မှာ အလုပ်လုပ်ခဲ့တဲ့ ရက်တွေနဲ့ ပြန်ပေးဆွဲ ခံထားရတဲ့ရက်တွေပါ ပေါင်းရင် ဒေါ်လာ တစ်သောင်းလောက် ရစရာ ရှိတယ်လို့ ဆူဒိက တွက်ထားပါတယ်။

သင်္ဘောပိုင်ရှင် ကပ္ပတိန် ခရစ္စတော့စ်ကတော့ ဆူဒိ တောင်းထားတဲ့ ငွေအကြောင်းရော၊ ဓားပြတွေ လက်ထဲကျန်ခဲ့တဲ့ ဂါနာအဘိုးကြီးအကြောင်းရော အပါအဝင် ပြန်ပေးဆွဲတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဘီဘီစီက မေးထားတာတွေကို အသေးစိတ် ဘာမှ တုံ့ပြန် ဖြေကြားတာမျိုး မရှိခဲ့ပါဘူး။

"ပြန်ပေးဆွဲ ခံခဲ့ရသူတွေအားလုံး ပြန်လွတ်သွားပါပြီ။

သင်္ဘောပိုင်ရှင်တွေ လုပ်ပေးလိုက်လို့ပါ" လို့သာ ကပ္ပတိန် ခရစ္စတော့စ်က အီးမေးလ်နဲ့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

တရားမဝင် ရေနံတွေ ဝယ်တဲ့ ကိစ္စမှာ Apecus သင်္ဘော ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ ကုမ္ပဏီကဆက်ငြင်းဆိုနေပြီး သင်္ဘောပြင်ဖို့နဲ့ ပစ္စည်းတင်ဖို့ပဲ ဘွန်နီကျွန်းမှာ ရှိနေခဲ့တာလို့ ဆိုပါတယ်။

တရားစွဲထားတဲ့အမှုကိုတော့ နိုင်ဂျီးရီးယားမှာ ဆက်ရင်ဆိုင်နေရပါတယ်။

ဆူဒိတို့ရဲ့ ဖြစ်ရပ်က ပင်လယ်ပြင်မှာ သင်္ဘောသားတွေ ကြုံရတဲ့ ဘဝဒုက္ခတွေ၊ အသုံးချခံနေရမှုတွေကိုသိသာစေခဲ့ပါတယ်။

အလုပ်သမား ကာကွယ်စောင့်ရှောက်မှု စည်းမျဥ်းဥပဒေတွေ ဆိုတာ စာအုပ်ထဲမှာပဲ ရှိပြီး တကယ်တမ်း လိုက်နာ ဆောင်ရွက်ဖို့တော့ ခက်ခဲပါတယ်။

ကမ္ဘာ့ ရေနံရောင်းဝယ်မှုလုပ်ငန်းမှာ သင်္ဘောသားတွေက ရှေ့တန်းကနေ ဆောင်ရွက်ပေးနေသူတွေပါ။

နိုင်ဂျီးရီးယားကနေ ပို့လိုက်တဲ့ ရေနံတွေဟာ ယူကေအပါအဝင် အနောက်ဥရောပတဝန်းက နိုင်ငံတွေ၊ အိန္ဒိယနဲ့ တခြား အာရှနိုင်ငံတွေက ဓာတ်ဆီဆိုင်တွေမှာ ရောင်းချနေတာပါ။

ဆူဒိ ကြုံခဲ့ရသလို အလားတူ ဇာတ်လမ်း အတော်များများဟာ ဂီနီပင်လယ်ကွေ့မှာ လုံခြုံရေး ပျက်ကွက်တဲ့အတွက် လူ့အသက်တွေ စတေးခဲ့ကြရတာကို ထင်ဟပ်ပြနေပါတယ်။

အာဖရိကရဲ့ အကြီးဆုံး စီးပွားရေးနိုင်ငံကြီးဖြစ်တဲ့ နိုင်ဂျီးရီးယားဟာ သူတို့ ရေပိုင်နက်မှာ နိုင်ငံတကာ ရေတပ်ဖွဲ့တွေကို ဆိုမာလီယာလို ကင်းလှည့်ခွင့်မပြုပါဘူး။

အခုလို အကြီးအကျယ် ဒုက္ခကြုံတွေ့ခဲ့ရပြီးတာတောင် ဆူဒိအနေနဲ့ နောက်တိုက်ပွဲတစ်ခုနဲ့ ထပ်ရင်ဆိုင်နေရပါသေးတယ်။

ဒါပေမဲ့ သူကတော့ မရအရ ရေကုန်ရေခန်း တိုက်သွားမယ်လို့ ပြောပါတယ်။

"ဒီလောက် ဒုက္ခကြီးနဲ့ ကြုံခဲ့ရပြီးမှတော့ ကျွန်တော့်ဘဝမှာ ဘာမဆို ရင်ဆိုင်ရဲပါတယ်" လို့ ဆူဒိက ပြောပါတယ်။

"ကျွန်တော့်ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးသွားအောင် ဘယ်သူမှ မလုပ်နိုင်တော့ဘူး။ အသစ်တဖန် မွေးဖွားလိုက်တဲ့ ဘဝသစ်မှာ ကျွန်တော် ရောက်နေပါပြီ။"

ဓာတ်ပုံ ပုံစာ,

ဆူဒိတို့စုံတွဲ