အိန္ဒိယ မွန်ဘိုင်းမှာ ကိုဗစ်ကူးစက်မှု မြင့်တက်ပြီး ဝူဟန်ကိုကျော်

မွန်ဘိုင်းမြို့ရှိတဲ့ မဟာရာရှာတရာပြည်နယ်မှာတော့ ကူးစက်သူက ၉၀,၀၀၀ ရှိနေပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

မွန်ဘိုင်းမြို့ရှိတဲ့ မဟာရာရှာတရာပြည်နယ်မှာတော့ ကူးစက်သူက ၉၀,၀၀၀ ရှိနေပြီ

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး မြို့တော် မွန်ဘိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၅၁,၀၀၀ ရှိပြီဖြစ်လို့ ပိုးကူးစက်မှု စတင် ပြန့်ပွားခဲ့တဲ့ ကူးစက်သူ ၅၀,၀၀၀ ကျော်ရှိခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကို ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

အိန္ဒိယမှာ ကူးစက်တွေမှု မြင့်တက်နေပြီး တစ်နိုင်ငံလုံး ကူးစက်သူ ၂၆၆,၅၉၈ ဦး ရှိပါပြီ။

မွန်ဘိုင်းမြို့ရှိတဲ့ မဟာရာရှာတရာပြည်နယ်မှာတော့ ကူးစက်သူက ၉၀,၀၀၀ ရှိနေပြီ ဖြစ်ပါတယ်။

ဝူဟန်မြို့ရှိရာ ဟူဘေးပြည်နယ်မှာက ကူးစက်သူ ၆၈,၀၀၀ ကျော်ရှိခဲ့ပါတယ်။

မြို့တော် ဒေလီမှာလည်း ကူးစက်မှုတွေ မြင့်တက်နေပြီး ဇူလိုင်လကုန်ရောက်ရင် ဒေလီမှာ လူငါးသိန်းကျော်မက ကူးစက်နိုင်ခြေရှိတာကို မျှော်လင့်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အိန္ဒိယမှာ ကူးစက်မှု မြင့်တက်လာချိန်က နိုင်ငံကို ပိတ်ဆို့မှုတွေ ဖြေလျှော့လိုက်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ဗီဒီယို ပုံစာ,

ကမ္ဘာ့ပဉ္စမ စီးပွားအင်အား အကြီးဆုံးဖြစ်ပေမဲ့ စီးပွားရေးထိခိုက်မှုကို မကာကွယ်နိုင်

ကူးစက်မှု တားဆီးနိုင်ဖို့အတွက် အိန္ဒိယမှာ သုံးလ တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေ လုပ်ခဲ့ပြီး ပြန်ဖွင့်ပေးလိုက်တာပါ။

ဇွန်လ ၈ ရက်မှာ စျေးဝယ်စင်တာတွေ၊ ဝတ်ပြုဆုတောင်းရာနေရာတွေ၊ ရုံးတွေကို ပြန်ဖွင့်ဖို့ ခွင့်ပြုခဲ့ပါတယ်။

အဲဒါမတိုင်ခင်က ဆိုင်တွေ၊ စျေးတွေနဲ့ သယ်ယူပို့ဆောင်ရေးတွေ ပြန်စဖို့ ခွင့်ပြုခဲ့ပြီးပါပြီ။

ပိတ်ဆို့မှုတွေကြောင့် နိုင်ငံစီးပွားရေး အကြီးအကျယ် ဆုံးရှုံးမှုဖြစ်လို့ ကူးစက်မှုတွေ မြင့်နေပေမဲ့ ပြန်ဖွင့်ပေးတာတာကလွဲလို့ တခြားရွေးစရာ မရှိဘူးလို့ ပညာရှင်တွေက ပြောပါတယ်။

လူသန်းပေါင်းများစွာ အလုပ်အကိုင်နဲ့ အသက်မွေးလုပ်ငန်းတွေ ဆုံးရှုံးကုန်ပြီး စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရပါတယ်။

အငတ်ဘေးကြုံရမှာ ကြောက်လို့ မြို့တွေက ကျပန်းအလုပ်သမား မြောက်များစွာဟာ မြို့တွေကနေ ပြန်ကုန်ကြပါတယ်။ သယ်ယူပို့ဆောင်ရေးတွေ ညတွင်းချင်း ရပ်ကုန်လို့ အများစုဟာ ခြေလျင်ပြန်ကြရပါတယ်။အဲဒီထဲက လူတော်တော်များများလည်း ပင်ပန်းမှုဒဏ်နဲ့ ဆာလောင်မှုဒဏ်ကြောင့် သေဆုံးခဲ့ကြပါတယ်။

အခုကူးစက်မှုတွေ မတိုင်ခင်က အိန္ဒိယမှာ သီတင်းပတ်တော်တော်ကြာ ကူးစက်မှု တော်တော်နည်းနေခဲ့လို့ ပညာရှင်တွေ ဦးနှောက်ခြောက်ခဲ့ကြရပါတယ်။

လူဦးရေ ထူထပ်ပြီး အစိုးရဆေးရုံတွေမှာ အသုံးစရိတ် မလုံလောက်မှုတွေ ရှိပေမဲ့ ရောဂါကူးစက်မှု ထိုးတက်သွားတာမျိုးနဲ့ သေဆုံးသူ များလွန်းတာမျိုး မရှိခဲ့ပါဘူး။

ရောဂါစစ်ဆေးနှုန်း နည်းတာကြောင့် ကူးစက်သူ နည်းနည်းပဲတွေ့တယ်လို့ ယူဆနိုင်ပေမဲ့ သေဆုံးမှုနှုန်းမမြင့်တာက ဘာကြောင့်လဲဆိုတာ မသိနိုင်ပါဘူး။

ဒါပေမဲ့ အခု ကူးစက်မှုတွေ မြင့်တက်လာတာက ကူးစက်မှုတွေ နောက်ကျမှ မြင့်တက်တာကို ကြုံနေရတာမျိုး ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ပိတ်ဆို့ထားတဲ့ ကာလအတွင်းမှာ ကျန်းမာရေး အသုံးအဆောင်တွေ အများအပြား ဖြည့်ဆည်းခဲ့ပေမဲ့ မြို့ကြီးတွေက ဆေးရုံတွေမှာ ဝန်နဲ့အားမမျှ ဖြစ်နေတာကို စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် ကိုဗစ်နဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာရှိတဲ့ လူနာအများအပြားလည်း အကုမခံကြရဘူးဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။