ရုပ်သံလိုင်းက ဖယ်ရှားခံရတဲ့ လေရူးသုန်သုန်

ဗီဗီယန်လေးနဲ့ ဟတ်တီမက်ဒေါ်နယ်တို့ နှစ်ဦးလုံး ဒီကားနဲ့ အော်စကာဆုရခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဗီဗီယန်လေးနဲ့ ဟတ်တီမက်ဒေါ်နယ်တို့ နှစ်ဦးလုံး ဒီကားနဲ့ အော်စကာဆုရခဲ့ကြ

လေရူးသုန်သုန် ဇာတ်ကားကို ဖယ်ရှားဖို့ တောင်းဆိုမှုတွေကြောင့် HBO Max အမေရိကန် ဇာတ်ကားပြတဲ့ရုပ်သံလိုင်းကနေ ဖယ်ရှားတော့မှာ ဖြစ်ပါတယ်။

၁၉၃၉ က ရိုက်တဲ့ ဒီရုပ်ရှင်ဟာ သူ့ခေတ်သူ့အခါက မှားယွင်းတဲ့ လူမျိုးရေး အာဃာတတွေကို ဖော်ပြခဲ့ပြီး အခုထိလည်း မှားနေဆဲ ဖြစ်တယ်လို့ HBO Max က ပြောပါတယ်။

သမိုင်းနောက်ခံကို စဉ်းစားဆွေးနွေးပြီးနောက် တချိန်ချိန်မှာ ဒီကားကို ပြန်ပြနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

အမေရိကန် ပြည်တွင်းစစ် နောက်ခံနဲ့ ရိုက်ကူးထာတဲ့ လေရူးသုန်သုန် ဇာတ်ကားမှာ ကျွန်စနစ်ကို ဖော်ကျူးမှုကြောင့် ဝေဖန်ခံနေရတာကတော့ ကြာခဲ့ပါပြီ။

စာရေးဆရာမ မာဂရက်မစ်ချယ်ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးတဲ့ ရုပ်ရှင်မှာ ကျွန်ဘဝမှာ ကျေနပ်ပြီး ကျွန်စနစ်ကို ဖျက်သိမ်းပြီးတဲ့အထိ သခင်ဟောင်းတွေအပေါ် သစ္စာရှိနေဆဲ ဖြစ်တဲ့ ကျွန်တွေအကြောင်း ပါရှိပါတယ်။

လေရူးသုန်သုန်ဟာ အော်စကာထူးချွန်ဆု ၁ဝ ဆုရပြီး ဝင်ငွေအရဆုံးကား ထဲမှာ အမြဲပါခဲ့ပါတယ်။

အိမ်ဖော် အခန်းကနေ မာမီ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဟတ်တီမက်ဒေါ်နယ် ကလည်း ပထမဆုံး အော်စကာဆု ဆန်ခါတင်စာရင်းဝင်တဲ့၊ နောက် ဆွတ်ခူးတဲ့ လူမည်း အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

ဒီဇာတ်ကားဟာ ပြည်တွင်းစစ်မဖြစ်ခင်က အမေရိကန်တောင်ပိုင်းကို ဂုဏ်တင်တဲ့ ကားဖြစ်ပြီး အသားအရောင် ရှိသူတွေကို ပုံသေ သတ်မှတ်ခွဲခြားတဲ့ အကျင့်ကိုလည်း ဆက်အားပေးတယ်လို့ လော့ဆန်းဂျလိစ်တိုင်း သတင်းစာမှာ ဒီတပတ်ပါတဲ့ ဆောင်းပါးတပုဒ်မှာတော့ ဇာတ်ညွှန်းဆရာ ဂျွန်ရစ်ဒလီက ရေးသားခဲ့ပါတယ်။

" ဒီကားဟာ ဟောလီးဝုဒ်မှာ အဲဒီခေတ်က အကောင်းဆုံးလူတွေ သုံးပြီး မရှိခဲ့တဲ့သမိုင်းကို စိတ်ကူးယဥ်ကောင်းအောင် ရိုက်ခဲ့တဲ့ ကား ဖြစ်တယ်" လို့လည်း ၁၂ နှစ်တာ ကျွန်ဘဝမှာ ရုပ်ရှင်ဇာတ်ညွှန်းနဲ့ အော်စကာဆုရခဲ့သူ ရစ်ဒလီက ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၁၉၃၉ က ရိုက်တဲ့ လေးရူးသုန်သုန်

ရှင်းလင်းချက်မပါဘဲ၊ ပြီးတော့ လူမျိုးရေးခွဲခြားတဲ့ ရိုက်ချက်တွေကို မရှုတ်ချဘဲ ဒီလိုကားမျိုးကို ပြသတာဟာ တာဝန်မယူရာ ရောက်လိမ့်မယ်ဆိုပြီး HBO Max က ထုတ်ပြန်ပါတယ်။ ဒီရုပ်ရှင်ကို နဂိုမူလအတိုင်း ပြန်ပြမှာပါလို့လည်း ဆိုပါတယ်။

ဒီထုတ်ပြန်ချက်ဟာ တွမ်နဲ့ဂျယ်ရီလို ခေတ်ဟောင်း ကာတွန်းကားတချို့နဲ့ ပတ်သက်ပြီး ရုပ်သံလိုင်းတွေရဲ့ သတိပေးချက်တွေနဲ့ ဆင်တူပါတယ်။

ဒစ်စနီပလပ်စ် ရုပ်သံလိုင်းမှာလည်း ၁၉၄၁ က ရိုက်တဲ့ ဒမ်ဘို အပါအဝင် ခေတ်ဟောင်းကားတချို့ကို ခေတ်ကုန်နေတဲ့ ယဉ်ကျေးမှု အငွေ့အသက်တွေ ပါနိုင်တယ် ဆိုတဲ့ စာတန်းနဲ့ ကြည့်ရှုသူတွေကို သတိပေးထားပါတယ်။

လူမျိုးရေးခွဲခြားမှုနဲ့ ရဲရဲ့အကြမ်းဖက်မှုကြောင့် ဆန္ဒပြပွဲကြီးတွေ ဖြစ်နေတဲ့အချိန်မှာ ရုပ်သံလိုင်းအများအပြားက သူတို့ပြသမှုတွေကို ပြန်သုံးသပ်ဖို့ စဉ်းစားလာရချိန်မှာ HBO Max ဒီလိုထုတ်ပြန်ခဲ့တာပါ။

အနောက်တိုင်းသားတွေက လူမျိုးစုံ ဇာတ်ရုပ်တွေလို သရုပ်ဆောင်တဲ့ သေးငယ်သောဗြိတိန် ရုပ်သံ ဇာတ်လမ်းကို နတ်ဖလစ်၊ ဘရစ်ဘောက်စ်နဲ့ ဘီဘီစီအိုင်ပလေယာတို့ကနေ ဖယ်ရှားလိုက်ပြီးနောက် လေရူးသုန်သုန်ကို ဖယ်ရှားတာ ဖြစ်ပါတယ်။