ကိုဗစ်-၁၉ က နောက်ဆုံးကပ်ရောဂါ မဟုတ်သေးတာ ဘာကြောင့်လဲ

  • ဗစ်တိုးရီးယား ဂီးလ်
  • သိပ္ပံသတင်းထောက်၊ ဘီဘီစီ သတင်းဌာန
အီဘိုလာရောဂါ သုတေသနအတွက် လင်းနို့တွေဆီက ဓာတ်ခွဲနမူနာယူ

ဓာတ်ပုံ ရင်းမြစ်, Science Photo Library

ဓာတ်ပုံ ပုံစာ,

အီဘိုလာရောဂါ သုတေသနအတွက် လင်းနို့တွေဆီက ဓာတ်ခွဲနမူနာယူ

တောရိုင်းတိရစ္ဆာန်တွေဆီက ရောဂါတွေ လူတွေဆီ ရောက်လာအောင်နဲ့ တကမ္ဘာလုံး ပျံ့သွားအောင် လူတွေကပဲ ဖန်တီးခဲ့ကြတာပါ။။

သဘာဝတောရိုင်းလောကကို လူတွေ ချိုးဖောက်ဝင်ရောက်ခဲ့တာကြောင့်လည်း ဒီဖြစ်စဉ်ကို ပိုမြန်စေခဲ့ပါတယ်။

အခု ဒီဆောင်းပါးဟာ ရောဂါသစ်တွေ ဘယ်ကနေ ဘယ်လို ပေါ်ပေါက်လာသလဲဆိုတာကို လေ့လာခဲ့ကြတဲ့ ကမ္ဘာတဝန်းက ကျွမ်းကျင်သူတွေရဲ့ တွေ့ရှိချက်တွေကို စုစည်းဖော်ပြထားတာပါ။

ဘယ်လို တောရိုင်းတိရစ္ဆာန်ရောဂါတွေက လူတွေအတွက် ပိုအန္တရာယ်ရှိနိုင်သလဲဆိုတာကို ခန့်မှန်းနိုင်တဲ့ ပုံစံပြစနစ်တစ်ခုကို အခုအခါ ကျွမ်းကျင်သူတွေက ဖန်တီးခဲ့ကြပါတယ်။

ဒီစနစ်ကို ယူကေနိုင်ငံ လစ်ဗာပူးလ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဦးဆောင် လုပ်ခဲ့ကြတာပါ။ ဒါပေမဲ့ ဒါဟာ နောင်မှာ ရောဂါဖြစ်ပွားမှုတွေ ဖြစ်လာရင် ပိုကောင်းကောင်း ပြင်ဆင်ထားနိုင်မယ့် နည်းလမ်းတွေ ရှာနေကြတဲ့ ကမ္ဘာတဝန်းကသိပ္ပံပညာရှင်တွေရဲ့ အားထုတ်မှု တစိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

ရောဂါဆိုးကြီး ၅ ခုကို ကျော်လွှားနိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Maya Wardeh

ဓာတ်ပုံ ပုံစာ,

မျိုးစိတ်တွေ အချင်းချင်းကြား ကူးစက်မှုပြ မျဥ်းတွေ။ လိုင်းတစ်လိုင်းချင်းစီဟာ မျိုးစိတ်တစ်ခုထက်မက ကူးစက်တဲ့ ရောဂါတွေကို ကိုယ်စားပြုပါတယ်။

"လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ကပ်ရောဂါကြီး ၆ ခုနဲ့ ကျွန်တော်တို့ ကြုံခဲ့ရပါတယ်။ အဲဒီထဲက SARS ဆားစ် ပြင်းထန်အဆုတ်ရောင်ရောဂါ၊ MERS မားစ် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ Ebola အီဘိုလာရောဂါ၊ avian influenza ကြက်ငှက်တုပ်ကွေး ရောဂါနဲ့ swine flu ဝက်တုပ်ကွေးရောဂါတွေကို ကျော်လွှားနိုင်ခဲ့ကြပါတယ်။

အခုကြုံနေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကလည်း နောက်ဆုံး ကပ်ရောဂါကြီးမဟုတ်ပါဘူး။ နောက်ထပ် လာစရာတွေ ရှိပါသေးတယ်။ ဒီတော့ တောရိုင်းတိရစ္ဆာန်ရောဂါတွေကို ဒါ့ထက် ပိုအနီးကပ် လေ့လာဖို့ လိုပါတယ်" လို့ လစ်ဗာပူးလ်တက္ကသိုလ် ပါမောက္ခ မက်သျူးဘေးလစ်စ် က ပြောပါတယ်။

ဒီလို အနီးကပ် လေ့လာရာမှာ သိထားပြီးသမျှ တောရိုင်းတိရစ္ဆာန်ရောဂါတွေရဲ့ ကျယ်ပြန့်တဲ့ အချက်အလက်တွေကို အသေအချာ ဖော်ထုတ်နိုင်တဲ့ ပုံစံပြ ခန့်မှန်းမှုစနစ်တစ်ခုကို သူနဲ့ လုပ်ဖော်ကိုင်ဘက် သိပ္ပံပညာရှင်တွေက ဖန်တီးခဲ့ကြပါတယ်။

အရင် သိထားပြီးသမျှ ဘက်တီးရီးယား၊ ကပ်ပါးပိုး၊ ဗိုင်းရပ်စ်ပိုး ထောင်ပေါင်းများစွာထဲကနေ သူတို့ကူးစက်ခဲ့တဲ့ မျိုးစု အရေအတွက်နဲ့ အမျိုးအစားတွေအောက်က သဲလွန်စတွေကို ဒီစနစ်က ဖော်ထုတ်ပေးနိုင်ပါတယ်။ ဒီသဲလွန်စ အချက်အလက်တွေကနေ ဘယ်ရောဂါပိုးက လူတွေအတွက် အန္တရာယ်အများဆုံးလဲ ဆိုတာကို ရှာဖွေလေ့လာရတာပါ။

တကယ်လို့ အဓိက ဦးစားပေးကြည့်ရမယ့် ရောဂါပိုးတစ်ခု တွေ့လာရင် ရောဂါ မဖြစ်ပွားခင် ကာကွယ်နည်း၊ ကုသနည်းတွေ ရှာဖို့ သိပ္ပံပညာရှင်တွေအနေနဲ့ သုတေသနကြိုးပမ်းမှုတွေကို ဦးတည် ဆောင်ရွက်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

MERS မားစ် ရောဂါ ဖြစ်စေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်တွေ ကုလားအုတ်တွေမှာ ရှိနေနိုင်ပါတယ်။

"ဘယ်ရောဂါက ကပ်ရောဂါဆိုးကြီး ဖြစ်လာနိုင်သလဲဆိုတာကို ဖော်ထုတ်ဖို့က နောက်တစ်ဆင့် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အခု ပထမအဆင့်မှာတင် တိုးတက်ဖြစ်ထွန်းမှုတွေ ရှိနေပါတယ်" လို့ ပါမောက္ခ ဘေးလစ်စ်က ပြောပြပါတယ်။

လော့ခ်ဒေါင်းကနေ ရတဲ့ သင်ခန်းစာတွေ

လူတွေရဲ အမူအကျင့် အထူးသဖြင့် သစ်တောခုတ်ထွင်ရှင်းလင်းတာ၊ သဘာဝတောရိုင်းတိရစ္ဆာန်တွေရဲ့ နေထိုင်မှုဘဝထဲ ကျူးကျော်ဝင်ရောက်တာတွေဟာ တိရစ္ဆာန်တွေဆီက ရောဂါပိုးတွေလူတွေဆီ ပိုကူးစက်ဖို့ အထောက်အကူ ဖြစ်စေတယ်ဆိုတာကို သိပ္ပံပညာရှင် အတော်များများက လက်ခံထားကြပါတယ်။

လယ်ယာစိုက်ပျိုးမှုတွေ၊ သီးနှံစိုက်ပျိုးမှုတွေလို လူတွေ ပြောင်းလဲ ဖန်တီးတဲ့ ပတ်ဝန်းကျင်စနစ်ကြောင့် ဇီဝဂေဟစနစ်ကို လျော့ကျသွားစေပြီး လူတွေမှာ ရောဂါ ကူးစက်မယ့်အန္တရာယ်တွေ ပိုကြုံလာရတယ် ဆိုတာ အထောက်အထားတွေက ဖော်ပြနေတယ်လို့ လန်ဒန်ကောလိပ်တက္ကသိုလ်က ပါမောက္ခ ကိတ်ဂျုန်းစ်က ပြောပါတယ်။

"ရောဂါအားလုံးကို ဆိုလိုတာ မဟုတ်ပေမဲ့ ကြွက်၊ရှဉ့်တို့လို လူတွေရဲ့ နှောင့်ယှက်မှုကို အခံရဆုံး တောရိုင်းတိရစ္ဆာန် မျိုးစုတွေကတော့ ရောဂါဖြစ်ဖို့နဲ့ ရောဂါ ဖြန့်ဖြူးပေးဖို့ ပို အစွမ်းထက်ပါတယ်"

"ဇီဝဂေဟစနစ် ဆုံးရှုံးသွားရင် လူနဲ့ တောရိုင်းတိရစ္ဆာန်အကြား ထိတွေ့ဆက်ဆံမှု ပိုများလာပြီး တိရစ္ဆာန်တွေမှာ ရှိတတ်တဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးတွေက လူတွေဆီ ရောက်လာဖို့ အန္တရာယ် ပိုများလာပါတယ်"

ဓာတ်ပုံ ရင်းမြစ်, Victoria Gill

ဓာတ်ပုံ ပုံစာ,

လူတွေကနေလည်း တိရစ္ဆာန်တွေဆီကို ကူးစက်သွားစေနိုင်ပါတယ်

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

လူတွေရဲ့လုပ်ရပ်နဲ့ သဘာဝတောရိုင်းတိရစ္ဆာန်တွေအကြား ကြားခံနေရာတွေဆီကနေ ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်လာတယ်ဆိုတာကို အခု ရောဂါဖြစ်ပွားမှုတွေက ဖော်ပြနေပါတယ်။

၁၉၉၉ ခုနှစ်က အသီးစား လင်းနို့ရိုင်းတစ်မျိုးကနေ ကူးစက်တဲ့ နီပါဗိုင်းရပ်စ်ရောဂါ မလေးရှားနိုင်ငံမှာ စဖြစ်ပွားခဲ့တုန်းက တောအုပ်တစ်ခုနားမှာ ရှိတဲ့ ဝက်မွေးမြူရေးခြံကြီးထဲ ရောဂါ ကူးစက်ခဲ့ပါတယ်။ အဲဒီလင်းနို့တွေ တစ်ဝက်တစ်ပျက် ကိုက်ထားပြီး လင်းနို့ရဲ့ တံတွေးတွေ ဖုံးနေတဲ့ အသီးတွေကို ဝက်တွေ စားခဲ့ကြပါတယ်။

လင်းနို့တွေဆီကနေ ရောဂါ ရထားကြတဲ့ ဝက်တွေကနေတဆင့် အဲဒီမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား ၂၅၀ ကျော်ကို ရောဂါ ကူးခဲ့ပါတယ်။ အဲဒီထဲက တစ်ရာကျော် သေဆုံးခဲ့ပါတယ်။ ခုလက်ရှိ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်က တိုးလာနေဆဲပါ။

ဒါပေမဲ့ လောလောဆယ် ခန့်မှန်းချက်တွေအရ သေဆုံးသူက ၁ ရာခိုင်နှုန်းလောက် ရှိပါတယ်။ နီပါဗိုင်းရပ်စ်ကတော့ ရောဂါဖြစ်သူရဲ့ ၄၀ ကနေ ၇၅ ရာခိုင်နှုန်းလောက် သေဆုံးခဲ့တာပါ။

သုတေသီတွေအနေနဲ့ ရောဂါဖြစ်ပွားဖို့ အန္တရာယ် ပိုများနိုင်တဲ့ နေရာတွေကို မပြတ်စောင့်ကြည့်နေဖို့ လိုတယ်လို့ လစ်ဗာပူးလ်တက္ကသိုလ်နဲ့ နိုင်ရိုဘီမြို့ နိုင်ငံတကာ ခြံမွေးတိရစ္ဆာန် လေ့လာရေးဌာနက ပါမောက္ခ အဲရစ် ဖက်ဗရေက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

လူတွေနဲ့တောရိုင်းကောင်တွေကို ကြားခံအထိအတွေ့ရှိစေတာတွေက ရောဂါသစ်တွေ ထွက်ပေါ်လာစေနိုင်တဲ့နေရာတွေ ဖြစ်ပါတယ်။

တောအုပ်တွေအနားမှာ ရှိတဲ့ မွေးမြူရေးခြံတွေ၊ တိရစ္ဆာန်ရောင်းဝယ်တဲ့ ဈေးတွေဟာ လူနဲ့ တောရိုင်းတိရစ္ဆာန်တွေအကြား အကာအရံ အတားအဆီး မရှိသလောက် ဖြစ်ပြီး အဲဒီနေရာတွေဟာ ရောဂါ စပေါ်ပေါက်တဲ့နေရာတွေ ဖြစ်ဖို့ များပါတယ်။

"ဒီလို ကြားခံဆက်သွယ်တဲ့နေရာမျိုးတွေကို မပြတ် စောင့်ကြည့်နေဖို့နဲ့ တစ်နေရာရာမှာ ရောဂါတစ်ခုခုဖြစ်ပြီ၊ တစ်ခုခု ထူးပြီ ဆိုတာနဲ့ ချက်ချင်း တုံ့ပြန်ဆောင်ရွက်နိုင်တဲ့စနစ်တွေ ချမှတ်ထားဖို့ လိုပါတယ်" လို့ ပါမောက္ခ အဲရစ် ဖက်ဗရေက ပြောပါတယ်။

"တစ်နှစ်တစ်နှစ်ကို လူတွေအကြား ရောဂါအသစ်အဆန်း သုံးလေးကြိမ်လောက် ပေါ်လာတတ်ပါတယ်။ အာရှ၊ ဒါမှမဟုတ် အာဖရိက ဒေသတွေမှ မဟုတ်ပါဘူး၊ ဥရောပနဲ့ အမေရိကန်မှာလည်းဖြစ်နိုင်ပါတယ်"လို့ သူက ပြောပါတယ်။

ရောဂါသစ်ကို မပြတ်စောင့်ကြည့်ဖို့က သိပ်ကို အရေးကြီးလာနေပြီလို့ ပါမောက္ခ ဘေးလစ်စ်က ဖြည့်စွက်ပြောခဲ့ပါတယ်။ ကပ်ရောဂါဆိုးကြီး အမြန်ပေါ်လာစေမယ့် အဆိုးရွားဆုံး အခြေအနေကြီးကို လူတွေက ဖန်တီးခဲ့ကြတာပါ လို့ သူက ဘီဘီစီကို ပြောပါတယ်။

ပါမောက္ခ ဖက်ဗရေကလည်း "ဒီလိုအဖြစ်မျိုး ထပ်ခါ ထပ်ခါ ပြန်ဖြစ်မယ့်ပုံ ရှိပါတယ်"လို့ ဆိုပါတယ်။"

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

မုတ်သုံတောထဲကဖြတ်ဖောက်ထားတဲ့လမ်း

သဘာဝတောရိုင်းပတ်ဝန်းကျင်နဲ့ ထိတွေ့ ဆက်ဆံတဲ့ကာလတလျှောက်လုံး ဒီလို ဖြစ်နေခဲ့တာပါ။ အခုချိန်မှာ အရေးကြီးတာက ဒါကို နားလည်အောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုတုံ့ပြန် ဖြေရှင်းမလဲ ဆိုတာပါ"

လူသားတွေကြောင့် သဘာဝတောရိုင်းပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှု အကျိုးဆက်အကြောင်း လက်ရှိ အကျပ်အတည်းကြီးကနေ သင်ခန်းစာတစ်ခုကို ရခဲ့ကြပါတယ် လို့ ပါမောက္ခ ဖက်ဗရေက ပြောပါတယ်။

"လူတွေက သူတို့ သုံးနေတဲ့အရာတွေအားလုံးကို လွယ်လွယ် ရနေတယ်လို့ သဘောထားနေကြပါတယ်။

ကျွန်တော်တို့ စားတဲ့အစာတွေ၊ ဖုန်းတွေမှာ သုံးနေတဲ့ သတ္တုပစ္စည်းတွေ စသဖြင့် ဒါတွေကို များများသုံးလေ မသမာသူတွေက ကမ္ဘာတဝန်းက သဘာဝသယံဇာတတွေကို အသုံးချ အမြတ်ထုတ်လေလုပ်ကြမှာပါ။

ဒီတော့ကာ ကျွန်တော်တို့ သုံးနေတဲ့ ဒီသယံဇာတအရင်းအမြစ်တွေ အကြောင်းနဲ့ ရိုက်ခတ်မှုအကျိုးဆက်တွေအကြောင်းကို မဖြစ်မနေ တွေးတော ဆင်ခြင်ကြရဖို့ အချိန်ရောက်လာပါတော့မယ်"