တရုတ်-အိန္ဒိယ နယ်ခြားပဋိပက္ခ အိန္ဒိယ စစ်သား သုံးဦးသေဆုံး

၂၀၀၈ ခုနှစ် နယ်ခြားဒေသက တရုတ်နဲ့ အိန္ဒိယ စစ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၂၀၀၈ ခုနှစ် နယ်ခြားဒေသက တရုတ်နဲ့ အိန္ဒိယ စစ်သားတွေ

တရုတ်နဲ့ အိန္ဒိယ အငြင်းပွားနေတဲ့ ကက်ရှမီးယားနယ်မြေက လာဒါ့ခ်ဒေသမှာ တရုတ်တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရာက အိန္ဒိယ တပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ပါတယ်။

ဒီတင်းမာမှုကို ဖြေရှင်းနိုင်ဖို့ နှစ်ဖက် စစ်တပ် အဆင့်မြင့်အရာရှိတွေ တွေ့ဆုံနေတယ်လို့ အိန္ဒိယ စစ်တပ်က ပြောပါတယ်။

ဒါ့အပြင် ဒီတိုက်ခိုက်မှုမှာ နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယဘက်က အရာရှိတစ်ဦးနဲ့ တပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ အိန္ဒိယစစ်တပ်ပြောခွင့်ရသူက ဆိုပါတယ်။

တရုတ်ဘက်ကတော့ ထိခိုက်သေဆုံးမှုကို အတည်မပြုပါဘူး။

ဒါပေမဲ့ ဂယ်ဝမ်တောင်ကြားမှာ အိန္ဒိယက နယ်စပ် ကျော်ဝင်လာတယ်လို့ တရုတ်က စွပ်စွဲပါတယ်။

နှစ်ဖက်သဘောတူလုပ်ဆောင်ချက်တွေကို မလုပ်ဘဲ အခြေအနေတွေ ရှုပ်ထွေးအောင် အိန္ဒိယက လုပ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

တနင်္လာနေ့မှာ အိန္ဒိယက နယ်ခြားကို နှစ်ခါ ကျော်လာခဲ့ပြီး တရုတ်တပ်ဖွဲ့ဝင်တွေကို ရန်စတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက် တပ်ဖွဲ့တွေ ပြင်းထန်တဲ့ ကိုယ်ထိလက်ရောက် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့တာလို့ တရုတ်ပြောခွင့်ရ ကျောက်လီကျန်းက ပြောပါတယ်။

နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နှစ်နိုင်ငံကြား အခြေအနေတွေတင်းမာနေချိန်မှာ ဒီတိုက်ခိုက်မှုဖြစ်ခဲ့တာပါ။

အခု အိန္ဒိယစစ်သားတွေ သေဆုံးမှုဟာ နှစ်ဖက်တင်းမာမှုတွေကြား အခုဆယ်စုနှစ်တွေအတွင်း ပထမဆုံး သေဆုံးမှုလို့ ယူဆရပါတယ်။

တရုတ်နဲ့ အိန္ဒိယဟာ ၁၉၆၂ မှာ တစ်ကြိမ်ပဲ တိုက်ခိုက်ခဲ့ကြပြီး အဲဒီတုန်းက အိန္ဒိယဘက်က အရေးမလှ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမဲ့ နှစ်ပေါင်း ၄၀ အတွင်း နှစ်ဖက်စလုံးက သေနတ်မဖောက်ဘဲ နေခဲ့ကြပါတယ်။

အခုဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေမှာလည်း သေနတ်ပစ်ခတ်မှုတွေ မရှိခဲ့ဘူးလို့ အိန္ဒိယ စစ်တပ်က အင်္ဂါနေ့မှာ ပြောပါတယ်။

ဒေသတွင်းမီဒီယာတွေမှာ အိန္ဒိယ တပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခံရပြီး သေဆုံးခဲ့တာလို့ ဆိုပြီး စစ်တပ်ဘက်ကတော့ အတည်မပြုသေးပါဘူး။

လာဒါ့ခ်ဒေသ ဂယ်၀မ်တောင်ကြားကို တရုတ်ဘက်က တပ်ဖွဲ့၀င် ထောင်ချီ လွှတ်ထားပြီး အိန္ဒိယ နယ်မြေ စတုရန်းကီလိုမီတာ သုံသောင်းရှစ်ထောင်လောက်ကို တရုတ်က ယူထားတယ်လို့ အိန္ဒိယဘက်က စွပ်စွဲပါတယ်။

ဒီနယ်စပ်အရေးတင်းမာမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးစုမှာ တွေ့ဆုံဆွေးနွေးမှု တွေ လုပ်ခဲ့ပေမဲ့ မပြေလည်ခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Press Information Bureau

ဓာတ်ပုံ ပုံစာ,

လာဒါ့ခ်မှာ အိန္ဒိယက လမ်းတိုးချဲ့ ဖောက်မှုနဲ့ ပတ်သက်ပြီး တင်းမာမှု မြင့်တက်ခဲ့

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

မေလတုန်းက အိန္ဒိယအရှေ့မြောက်ပိုင်း စစ်ကင်းပြည်နယ် နှစ်နိုင်ငံနယ်စပ်မှာ ဖြစ်ခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ နှစ်ဖက်စလုံးက ဆယ်ဂဏန်းချီတဲ့ စစ်သားတွေ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြပါတယ်။

၂၀၁၇ တုန်းကလည်း အငြင်းပွားနေတဲ့ ကုန်းမြင့်ကို ဖြတ်ပြီး တရုတ်က နယ်ခြားလမ်းတိုးချဲ့ဖို့လုပ်လို့ နှစ်နိုင်ငံ ပြဿနာ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ နှစ်ဖက်တပ်တွေ သူတို့နေရာယူထားတဲ့နေရာတွေကနေ ဖြည်းဖြည်းချင်း ပြန်ဆုတ်သွားကြပြီလို့ အိန္ဒိယ မီဒီယာတွေက ဖော်ပြခဲ့ကြရာက အခုလို အိန္ဒိယ စစ်သားတွေ သေဆုံးတယ်ဆိုတဲ့ သတင်းကြောင့် အံအားသင့်စေခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး စစ်တပ်တွေထဲမှာ အပါအဝင် ဖြစ်တဲ့ စစ်တပ်တွေကို ပိုင်ဆိုင်ထားတဲ့ ဒီနှစ်နိုင်ငံဟာ အရေးကိစ္စ တော်တော်များများအတွက် ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

နှစ်နိုင်ငံကို Line of Actual Control (LAC) နယ်ခြားမျဥ်းနဲ့ ပိုင်းခြားထားပါတယ်။

မြစ်တွေ၊ ကန်တွေနဲ့ နှင်းဖုံးတောင်တွေကြောင့် ဒီလိုင်းက ရွေ့လျားပြောင်းလဲသွားနိုင်တဲ့အတွက် ထိပ်တိုက်တွေ့တာတွေ ဖြစ်စေပါတယ်။

မဟာဗျူဟာပြိုင်ဆိုင်မှုက အဓိက ဖြစ်ပြီး အခု တင်းမာမှုတွေ ဖြစ်လာစေတဲ့ အကြောင်းအရင်းတွေကလည်း အများအပြား ရှိပေမဲ့ နှစ်ဘက်စလုံးက အပြန်အလှန် အပြစ်တင်ကြပါတယ်။

ကျွမ်းကျင်သူတွေအဆိုအရ လာဒါ့ခ်က အစွန်အဖျားဆုံးနဲ့ နယ်ခြားမျဥ်းတစ်လျှောက် ပြဿနာဖြစ်လွယ်နိုင်တယ်ဆိုတဲ့ နေရာမှာ အိန္ဒိယဘက်က လမ်းအသစ်တစ်ခု ဖောက်ခဲ့ပါတယ်။

ဒီလို အိန္ဒိယရဲ့ အခြေခံအဆောက်အဦတွေ တိုးချဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် တရုတ်အစိုးရကို ဒေါသထွက်စေခဲ့ပုံရပါတယ်။

တကယ်လို့ ပဋိပက္ခ ဖြစ်ပြီဆိုရင် အိန္ဒိယ အစိုးရက လူနဲ့ ပစ္စည်းတွေ အရွှေ့အပြောင်း လုပ်ရာမှာ ဒီလမ်းကြောင့် လွယ်ကူလျင်မြန်သွားစေနိုင်ပါတယ်။

အိန္ဒိယဟာ ဟိမဝန္တာတောင်တန်းက လူမျိုး မျိုးစုံနေထိုင်ကြတဲ့ စတုရန်း ကီလိုမီတာ တစ်သိန်းခွဲနီးပါးရှိတဲ့ ကက်ရှမီးယားနယ်မြေတချို့မှာ ပါကစ္စတန်နဲ့လည်း အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။