တောင်ကိုရီးယားနဲ့ ဆက်ဆံရေးအတွက်ဖွင့်ထားတဲ့ရုံးကို ပြုံယမ်းအစိုးရ ဖြိုချလိုက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒီရုံးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းမှာ ဖွင့်လှစ်ခဲ့
နယ်စပ်မြို့ ကေဆောင်း Kaesong နားမှာရှိပြီး တောင်ကိုရီးယားနဲ့ ဆက်ဆံဆောင်ရွက်ဖို့ဖွင့်လှစ်ထားတဲ့ရုံးကို မြောက်ကိုရီးယားတို့ မိုင်းခွဲဖြိုချလိုက်ပြီလို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။
နယ်စပ်မှာ စစ်ရေးဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုအသစ်တွေ မြောက်ကိုရီးယားဘက်က ထွက်လာပြီး နောက်ပိုင်းမှာ အခုလိုဖြစ်လာခဲ့တာပါ။
ဒီရုံးဟာ မြောက်ကိုရီးယား နယ်မြေအတွင်းမှာရှိတာဖြစ်ပြီး နှစ် နိုင်ငံကြားဆက်သွယ်ဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့ ၂၀၁၈ ခုနှစ်အတွင်းမှာ ဖွင့်လှစ်ခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေကြောင့် ဇန်နဝါရီလကတည်းက အဲဒီ ဆက်ဆံရေးရုံးမှာ လူမရှိဘဲ ဖြစ်နေခဲ့ပါတယ်။
ကေဆောင်းဘက်က ပေါက်ကွဲမှု ဗီဒီယိုကို တောင်ကိုရီးယားထုတ်ပြ
တောင်နဲ့မြောက် နှစ်နိုင်ငံအကြား သီတင်းပတ်ပေါင်းများစွာ တင်းမာမှုတွေဖြစ်နေပြီး တင်းမာမှုအသစ်တွေ စပြီးပြန်ပေါ်လာတာကတော့ တောင်ကိုရီးယားဘက်ကို ခိုလှုံသွားတဲ့ မြောက်ကိုရီးယား အဝေးရောက်အုပ်စုတွေက ဝါဒဖြန့်တာတွေ မြောက်ကိုရီးယားဘက်ကို ပို့ရာကနေ ပြန်စဖြစ်လာတာပါ။
မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမ ကင်ရိုဂျုံက ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က ထုတ်ပြန်ချက်ထဲမှာ ဒီ ရုံးကို ဝမ်းနည်းစရာမြင်ကွင်းဖြစ်လာအောင် ဖြိုချပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ဆိုးလ်မှာရှိတဲ့ တောင်ကိုရီးယားရဲ့ နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ဝန်ကြီးဌာနက ဒေသစံတော်ချိန် မွန်းလွဲပိုင်း ၂ နာရီ ၄၉ မိနစ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်ဆိုတာကို အတည်ပြုပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ပိုင်းတွေအတွင်းမှာ တောင်ကိုရီးယားဟာ သူ့နယ်ထဲကနေ နယ်စပ်ကိုကျော်ပြီး ဝါဒဖြန့်တာတွေကို ခွင့်ပြုနေတဲ့အပေါ် မြောက်ကိုရီးယားဘက်က ထပ်ခါထပ်ခါ ရှုတ်ချခဲ့ပါတယ်။
တောင်ကိုရီးယားဘက်ပြောင်းလာသူအဖွဲ့တွေကလည်း ဝါဒဖြန့်ချိတာတွေကို မိုးပျံပူဖောင်းတွေ၊ ဒရုမ်းတွေသုံးပြီး မြောက်ကိုရီးယားထဲကို ပို့လွှတ်နေခဲ့တာပါ။
ဓာတ်ပုံ ရင်းမြစ်, Yonhap via Reuters
ပေါက်ကွဲမှုကြေင့် ကေဆောင်း စက်မှုဇုန် ဝင်းကြီး ထဲကနေထွက်လာတဲ့ မီးခိုးတွေကို တောင်ကိုရီးယားဘက် ပါဂျူး Paju က တွေ့ရစဉ်
ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆိုးလ်နဲ့ ဆက်သွယ်ဆက်ဆံရေးလမ်းကြောင်းတွေကို ဖြတ်ပစ်မယ်လို့ ပြုံယမ်းက ကြေညာခဲ့ပါတယ်။
ဒီသီတင်းပတ်အကုန်ကလည်း ကင်ရိုဂျုံက ၂ နိုင်ငံနယ်စပ်က စစ်မဲ့ဇုန်အတွင်းကို သူတို့စစ်တပ်တွေ စေလွှတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
အင်္ဂါနေ့ ပေါက်ကွဲမှုမဖြစ်ခင်တုန်းက မြောက်ကိုရီးယား စစ်ခေါင်းဆောင်ပိုင်းကနေ စစ်မဲ့ဇုန်အတွင်းကို သူတို့ စစ်တပ်တွေစေလွှတ်မယ့် အစီအစဉ်ချမှတ်ထားတာကို အတည်ပြုပြောသလို "ရှေ့တန်းနေရာတွေကို ခံတပ်တွေအဖြစ်ပြောင်းလဲဖို့" သူတို့ဘက်က အဆင်သင့်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းတို့ တွေ့ဆုံဆွေးနွေးပွဲတွေအပြီး နှစ်နိုင်ငံအစိုးရဟာ ကေဆောင်းမှာ ဆက်ဆံရေးရုံး ဖွင့်ခဲ့ကြပါတယ်။
"ကေဆောင်းက ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားတို့ ပြင်းပြင်းထန်ထန် ဖျက်ဆီးလိုက်တာဟာ ကိုရီးယား ပြန်လည်ပေါင်းစည်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေကို ထိုးနှက်တိုက်ခိုက်လိုက်တဲ့ သင်္ကေတပါပဲ" လို့ ဆိုးလ်မှာရှိတဲ့ အီဟွား တက္ကသိုလ်က ပါမောက္ခ လီဖ်အဲရစ် အီစလီ ကပြောပါတယ်။
"ဒီအပြုအမူကို ကြည့်ပြီး ကမ္ဘာ့နိုင်ငံတွေဘက်ကနေ ကင် အစိုးရက ဘာလိုချင်နေတာလဲဆိုတာ သိနိုင်ဖို့ကတော့ အတော်ခက်ပါတယ်၊ ဒါပေမဲ့ ဒီပုံရိပ်တွေကို သူတို့ပြည်တွင်းမှာ ဝါဒဖြန့်ချိရေးအတွက် သုံးဖို့ဆိုတာကတော့ ရှင်းပါတယ်" လို့လည်း သူက ဆိုပါတယ်။
South Korean activists launch propaganda balloons over border (2014 video)
သုံးသပ်သူတွေကတော့ အမေရိကန်နဲ့ သူတို့အကြား တန့်နေတဲ့ နျူကလီယားအရေး ဆွေးနွေးပွဲမှာသူတို့ဘက်က အသာစီးရနိုင်ဖို့ ပြုံယမ်းက အကျပ်အတည်းတခုကို ဖန်တီးတာလည်း ဖြစ်နိုင်တယ်လို့ ပြောနေပါတယ်။
၁၉၅၃ မှာ ကိုရီးယားစစ်ပွဲ အဆုံးသတ်ခဲ့တယ်ဆိုပေမဲ့လည်း အခုအချိန်ထိ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့တာ မရှိတာကြောင့် မြောက်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြား စစ်ဖြစ်နေဆဲအခြေအနေထဲမှာ ရှိနေတာပါ။
ကင်ရိုဂျုံ ဘယ်သူလဲ
ဓာတ်ပုံ ရင်းမြစ်, Reuters
မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညီမ ကင်ရိုဂျုံရဲ့ ပုံရိပ်ကို လူထုကြားမှာ အများကြီးမြှင့်တာလာတာတွေ့ရ
ကင်ရိုဂျုံဟာ သူ့အစ်ကို ကင်ဂျုံအွန်းရဲ့ အနီးကပ် မဟာမိတ်အဖြစ် ဒီနှစ်ပိုင်းတွေအတွင်း ထွက်ပေါ်လာနေတာပါ။
၂၀၁၄က စပြီး ကင်ရိုဂျုံရဲ့ အဓိကတာဝန်က သူ့အစ်ကိုရဲ့ပုံရိပ်ကို ကာကွယ်ဖို့ဖြစ်ပြီး၊ မြောက်ကိုရီးယား ကွန်မြူနစ်ပါတီရဲ့ ဝါဒဖြန့်ချိရေးဌာနမှာ အရေးပါတဲ့နေရာကို ယူထားပါတယ်။
ဝါဒဖြန့်ချိရေးမှာ အဓိက အခန်းကဏ္ဍအနေနဲ့ လုပ်နေတယ်ဆိုတဲ့အပြင် ၂၀၁၇ က စပြီး သူဟာ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်တယောက်အဖြစ် ရာထူးတိုးမြှင့်တာခံခဲ့ရတဲ့အတွက် ဒါတွေဟာ ထိပ်တန်းခေါင်းဆောင်တွေထဲကို သူရောက်လာတယ်ဆိုတာကို ညွှန်းဆိုပြနေတာပါ။
၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပွဲတွေမှာတော့ တောင်ကိုရီးယားကို ပထမဆုံး လာလည်တဲ့ ကင် မိသားစုဝင် အဖြစ် သူ နိုင်ငံတကာမျက်နှာစာမှာ ထွက်ပေါ်လာခဲ့တာပါ။
ဆက်တိုက်မြင့်မားလာတဲ့ သူ့အခန်းကဏ္ဍကိုကြည့်ရင် သူဟာ သူ့အစ်ကိုရဲ့ ယုံကြည်ကိုးစားမှုကို နက်နက်ရှိုင်းရှိုင်းရနေပြီဆိုတာကိုပြနေသလို၊ ဧပြီလတွင်းမှာ ကင်ဂျုံအွန်း လူမြင်ကွင်းကနေပျောက်သွားပြီး ကျန်းမာရေးအခြေအနေအပေါ် မေးခွန်းတွေထွက်လာချိန်မှာ သူဟာ မြောက်ကိုရီးယား ခေါင်းဆောင်ရာထူးကို ဆက်ခံသွားနိုင်ခြေရှိတဲ့ သူတယောက် အဖြစ် အမွှမ်းတင်ခံနေရသူပါ။
မြောက်ကိုရီးယားသတင်းတွေနဲ့ပတ်သက်လို့ အထူးပြုရေးသားတဲ့ NK News ကတင်တဲ့ သတင်းတွေအရ ဒီသီတင်းပတ်ပိုင်းတွေအတွင်း တောင်ကိုရီးယားနဲ့ပတ်သက်လို့ ပြင်းထန်တဲ့ စကားတွေသုံးထားတဲ့ သတင်းစကားတွေပါးရာမှာ သူက တာဝန်ခံနေခဲ့ပြီး၊ နှစ်နိုင်ငံကြားအရေးကိစ္စတွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားဘက်က အဓိကကျသူ အသစ်အဖြစ် ပေါ်ထွန်းလာတာပါ။
ဒါပေမဲ့ မြောက်ကိုရီးယားရဲ့ အာဏာယန္တရားက နားလည်ရသိပ်လွယ်ကူတာ မဟုတ်ပါဘူး။
ဒီတော့ အသက် ၃၂ နှစ်အရွယ် သူ့ရဲ့ အာဏာက ဘယ်လောက်ရှိတယ်၊ နိုင်ငံရေး ကွန်ရက် ဘယ်လောက်ကို သူက လွှမ်းမိုးထားတယ်ဆိုတာက မှန်းရခက်လှပါတယ်။