ဝီဂါလူဦးရေကို ထိန်းချုပ်ဖို့ အမျိုးသမီးတွေကို အတင်း အဓမ္မ သားကြောဖြတ်နေဆို

ရှင်ကျန်းက ဝီဂါအမျိုးသမီးတစ်ဦးနဲ့ကလေးတွေ
ဓာတ်ပုံ ပုံစာ,

ရှင်ကျန်းက ဝီဂါအမျိုးသမီးတစ်ဦးနဲ့ကလေးတွေ

တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်ဆလင်လူဦးရေကို ထိန်းချုပ်တဲ့ အနေနဲ့ အမျိုးသမီးတွေကို သားကြောဖြတ်တာနဲ့ သန္ဓေတားဆီးတာတွေ အတင်းအကျပ် လုပ်နေတယ်ဆိုပြီး သုတေသနစစ်တမ်းတစောင်က တွေ့ရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာက စစ်ဆေးစုံစမ်းပေးဖို့လည်း အေဒရီယံဇန့်ဆိုတဲ့ တရုတ်ပညာရှင်တယောက် ရေးတဲ့ ဒီအစီရင်ခံစာက တောင်းဆို ထားပါတယ်။

ဒီအစီရင်ခံစာပါ စွပ်စွဲချက်တွေကို အခြေအမြစ်မရှိဘူးဆိုပြီး တရုတ်အစိုးရက ပယ်ချ ခဲ့ပါတယ်။

တရုတ်အစိုးရက ဝီဂါတွေကို အကျဉ်းစခန်းတွေမှာ ဖမ်းထားတယ် ဆိုပြီး ဝေဖန်ပြောဆိုမှု တွေလည်း အရင်ကတည်းက ရှိနေတာပါ။

တသန်းလောက်ရှိတဲ့ ဝီဂါတွေနဲ့ တခြား မွတ်ဆလင်မဟုတ်တဲ့ လူနည်းစုတွေကို တရုတ်ပြည်မှာ ဖမ်းထားတယ်ဆိုပြီး ယူဆနေကြပါတယ်။ တရုတ်အစိုးရတော့ သူတို့ကို ပြန်လည်ပညာပေးရေးစခန်းတွေမှာ ထားတယ်လို့ ဆိုပါတယ်။

ဒီလိုစခန်းတွေ ရှိတာကို တရုတ်အစိုးရက အရင်က ပယ်ချဖူးပါတယ်။ နောက်မှ အကြမ်းဖက်ဝါဒကို နှိမ်နင်းဖို့ လိုအပ်ချက်အနေနဲ့ သုံးရတယ်ဆိုပြီး ကာကွယ် ပြောပါတယ်။ ရှင်ကျန်းမှာ ခွဲထွက်ရေးလှုပ်ရှားမှုကလည်း ပြင်းထန်နေပါတယ်။

ဒီလို ရက်စက်တဲ့ ကျင့်သုံးမှုတွေ ချက်ချင်း ရပ်ဖို့ တရုတ်အစိုးရကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ကြေညာချက်ထုတ် တောင်းဆိုခဲ့ပါတယ်။ ဒီလို လူမဆန်တဲ့ ကျူးလွန်မှုတွေ အဆုံးသတ်ရေး တောင်းဆိုမှု မှာ အမေရိကန်နဲ့အတူ ပူးပေါင်းပါဝင်ကြ ဖို့လည်း နိုင်ငံအားလုံးကို သူက တောင်းဆိုခဲ့ပါတယ်။

ဝီဂါတွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး တရုတ်ကို ကမ္ဘာက ဖိအားပေးတာတွေလည်း ဒီနှစ်ပိုင်းထဲမှာ ရင်ဆိုင်နေရပါတယ်။ ဘီဘီစီက မနှစ်က တွေ့ရှိခဲ့တဲ့ စုံစမ်းမှုအရ ရှင်ကျန်းမှာ ကလေးတွေကို မွတ်ဆလင် အသိုက် အဝန်းနဲ့ ဝေးအောင် မိသားစုတွေဆီက သေချာစနစ်တကျ ခွဲထားတာတွေ ရှိနေတယ်လို့ တွေ့ရပါတယ်။

အစီရင်ခံစာပါ အချက်များ

အစိုးရကိန်းဂဏန်းတွေ၊ မူဝါဒဆိုင်ရာ စာရွက်စာတမ်းတွေအပြင် ရှင်ကျန်းက လူနည်းစု အမျိုးသမီးတွေနဲ့ မေးမြန်းမှုတွေကို အခြေခံပြီး မစ်စတာဇန့်ရဲ့ အစီရင်ခံစာကို ရေးသားထားတာပါ။

ဝီဂါနဲ့ တခြားလူနည်းစုအမျိုးသမီးတွေမှာ အစိုးရ ခွဲတမ်းထက်ကျော်လွန်ပြီး ကိုယ်ဝန် ရှိလာရင် ဖျက်ချခိုင်းပြီး မဖျက်ချင်လို့ ငြင်းဆန်သူတွေကို စခန်းတွေ ပို့ပစ်မယ်လို့ ခြိမ်းခြောက်နေတယ် ဆိုပြီးလည်း အဲဒီအစီရင်ခံစာ က စွပ်စွဲထားပါတယ်။

ကလေးနှစ်ယောက် မရှိသေးတဲ့ အမျိုးသမီးတွေကို သူတို့ ဆန္ဒမပါဘဲ သားအိမ်ထဲ သန္ဓေတားတဲ့ ပစ္စည်းတွေ အတင်းထည့်တာတွေ ရှိနေသလို အတင်းသားကြောဖြတ် ပစ်တာတွေ ရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

ရက်စက်တဲ့နည်းတွေနဲ့ အမျိုးသမီးတွေ အတင်း အဓမ္မ သားကြောဖြတ် ခံနေရတယ်လို့ စာတမ်းကဆို

၂ဝ၁၆ ကစပြီး ရှင်ကျန်းမှာ အပြင်းအထန် ဖိနှိပ်အုပ်ချုပ်နေရာမှာ မျိုးပွားပိုင်ခွင့်နဲ့ ပတ်သက်ပြီး အစိုးရက ဝင်နှောင့်ယှက်နေတာက ပိုထင်ရှားလာကြောင်း သက်သေတွေ တွေ့လာရတယ် လို့လည်း ရေးသားပါတယ်။

ဒီနှစ်ပိုင်းအတွင်း ရှင်ကျန်းရဲ့ လူဦးရေ ဖွံ့ဖြိုးမှု သိသိသာသာ ကျဆင်းလာတယ်လို့လည်း မစ္စတာဇန့်က သုံးသပ်ပါတယ်။ အကြီးဆုံး ဝီဂါစီရင်စုနှစ်ခုမှာ ၂ဝ၁၅ ကနေ ၂ဝ၁၈ အတွင်း ဖွံ့ဖြိုးမှု ၈၄ ရာခိုင်နှုန်းကျဆင်းပြီး ၂ဝ၁၉ မှာလည်း ဆက်ကျတယ်လို့ ဆိုပါတယ်။

ဒီလိုကျဆင်းမှုမျိုး မတွေ့ဖူးဘဲ ရက်စက်ရာကျလွန်းတယ်လို့လည်း မစ္စတာဇန့်က အေပီသတင်းဌာနကို ပြောကြားပါတယ်။ ဒါဟာ ဝီဂါတွေကို ပစ်မှတ်ထားတဲ့ ထိန်းချုပ်ရေး လှုပ်ရှားမှုနဲ့ ဆက်နွှယ်တယ်လို့လည်း သူက ဆိုပါတယ်။

ရှင်ကျန်းက ထိန်းသိမ်းရေးစခန်းတွေမှာ အဖမ်းခံရဖူးသူတွေကလည်း သူတို့ကို ရာသီလာတာ ရပ်သွားအောင်၊ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာတွေ ဖြစ်အောင် လုပ်တဲ့ဆေးတွေ ထိုးတာ ခံရဖူးတယ်လို့ ပြောပါတယ်။ ဒီဆေးတွေက ကိုယ်ဝန် တားဆေးတွေနဲ့ အာနိသင်ချင်း ဆင်နေတယ်လို့လည်း ဆိုပါတယ်။

ရှင်ကျန်မှာ ကလေး သုံးယောက်နဲ့အထက် ရှိတဲ့ အမျိုးသမီးတွေကို အစုလိုက် သားကြောဖြတ်တာတွေ ရှိနေပုံရတယ်လို့ အဲဒီအစီရင်ခံစာက ဖော်ပြပါတယ်။

ကုလဝင်စုံစမ်းဖို့ နိုင်ငံရေးသမားတွေ တောင်းဆို

ရှင်ကျန်းဒေသမှာ နိုင်ငံတကာက လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းရေးတွေ စတင်ဖို့ ကုလသမဂ္ဂ ကို တောင်းဆိုတဲ့ ကြေညာစာကိုလည်း အမေရိကန်နဲ့ ဗြိတိသျှ လွှတ်တော်အမတ်တွေ ပါဝင်တဲ့ တရုတ်ပြည်ဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့က ဇွန်လ ၂၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

သက်သေတွေက တောင်လိုပုံအောင် ရှိနေပါပြီ။ လူအစုလိုက် ဖမ်းဆီးတာ၊ ဦးနှောက်ဆေးတာ၊ တရားရုံးမတင်ဘဲ ဖမ်းတာ၊ စုံစမ်းထောက်လှမ်းတာ၊ အတင်းအကျပ် စေခိုင်းတာနဲ့ သုသာန်တွေအပါအဝင် ဝီဂါတွေရဲ့ ယဉ်ကျေးမှုနေရာတွေကို ဖျက်ဆီးတာတွေက တခြားဖိနှိပ်မှုတွေနဲ့ အတူတူ အကျုံးဝင်ပါတယ် လို့ အဲဒီ ကြေညာချက်က ဖော်ပြပါတယ်။

ဗီဒီယို ပုံစာ,

ဝီဂါမွတ်ဆလင် ဂျပ်စတင်ဘီဘာ

ဒီရက်စက်ကျူးလွန်မှုတွေအတွက် ကမ္ဘာက ငြိမ်ခံမနေနိုင်တော့ဘူး။ ဒီလို လူမျိုး သို့မဟုတ် ဘာသာရေး အုပ်စုတစုကို ပျက်စီးအောင် ကြိုးစားတာကို ဟန့်တား ဒဏ်ခတ်ဖို့ နိုင်ငံတွေမှာ တာဝန်ရှိတယ် လို့လည်း ပါရှိပါတယ်။

ကလေးပိုယူလို့မရ

ရှင်ကျန်းက အမျိုးသမီးတွေကို ကလေးယူဖို့တဲ့သတ်မှတ်ထားတဲ့နှုန်းထက် ကျော်ပြီး မွေးရင် ဖမ်းမယ်၊ ဒဏ်ငွေတွေအများကြီးရိုက်မယ် ဆိုတာမျိုး ခြိမ်းခြောက်တာတွေ ရှိနေတယ် လို့လည်း အေပီသတင်းအရ သိရ ပါတယ်။

ဂူလ်နာ အိုမီယာဇက် ဆိုတဲ့ တရုတ်ပြည်ပေါက် ကာဇက်အမျိုးသမီးတယောက်ဆိုရင် တတိယကလေးမွေးပြီးတဲ့နောက် သားအိမ်ထဲ ကိုယ်ဝန်တားတဲ့ပစ္စည်း ထည့်တာ ခံရတယ်လို့ အေပီက ရေးပါတယ်။

နှစ်နှစ်ကြာပြီးနောက် ၂ဝ၁၈ ဇန်နဝါရီလမှာ စစ်ယူနီဖောင်း ဝတ်ထားတဲ့ အရာရှိလေးယောက် သူ့အိမ်တံခါးကို လာခေါက်ပါတယ်။ နောက် ပိုက်ဆံမရှိ၊ ယောက်ျားကလည်း အဖမ်းခံနေရတဲ့ ဒီအမျိုးသမီးကို ဒဏ်ကြေး ဆောင်ဖို့ စာပေးခဲ့ပါတယ်။

ကလေးနှစ်ယောက်ထက် ပိုယူလို့ သုံးရက်အတွင်း ပေါင်စတာလင် နှစ်ထောင်လောက်ရှိတဲ့ ဒဏ်ကြေးပေးရမှာ ဖြစ်ပါတယ်။

သူမပေးဘဲ ငြင်းမယ်ဆိုရင်တော့ ယောက်ျားရှိတဲ့ အကျဉ်းစခန်းကို လိုက်ရမယ် ဆိုပြီး သတိပေးခံရတယ် လို့လည်း ဆိုပါတယ်။

ဘုရားသခင်က ကလေးတွေ ပေးသနားတာပါ။ လူတွေကို ကလေးမရအောင် လုပ်တာ မှားတယ် ဆိုပြီး အိုမီယာဇက်က အေပီကိုပြောပါတယ်။

ကျွန်မတို့ကို လူမျိုးတမျိုး အဖြစ်ကနေ သူတို့ ဖျက်ဆီးချင်နေတာလို့လည်း သူက ဆိုပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး အခြေအမြစ်မရှိဘူးလို့ တရုတ် နိုင်ငံခြားရေးဌာနက ပယ်ချခဲ့ပါတယ်။ မကောင်းတဲ့ စိတ်ခံနဲ့ ရေးသားတာလို့လည်း ဆိုပါတယ်။

သတင်းဌာနတွေဟာ ရှင်ကျန်းအရေးမှာ သတင်းမှားတွေကို ထုတ်လွှင့်နေတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ကျောက်လီကျန်က စွပ်စွဲပါတယ်။

တရုတ်ပြည်မှာ ဆယ်စုနှစ်တွေနဲ့ ချီပြီး တအိမ်ထောင် ကလေးတယောက်ပဲ ယူခွင့်ပေးခဲ့ပေမယ့် အခုတော့ မြို့ပေါ်မှာ လူနည်းစုတွေကို ကလေးနှစ်ယောက်နဲ့ ကျေးလက်မှာ ကလေးသုံးယောက်ထိ ယူခွင့်ပေးနေပါတယ်။

၂ဝ၁၇ မှာတော့ သမ္မတ ရှီကျင်းဖျင်က မူဝါဒပြောင်းပြီး တရုတ်အပါအဝင် လူမျိုးတိုင်းကို ဒီနှုန်းအတိုင်း ယူခွင့်ပေးခဲ့ပါတယ်။ မြို့ ပြ-ကျေးလက် ခွဲခြားမှုကတော့ ဆက်ရှိနေပါတယ်။

ဒါပေမဲ့ တရုတ်တွေကိုတော့ ဝီဂါနဲ့ တခြားလူနည်းစုတွေကို လုပ်သလိုမျိုး သားဖျက်တာ၊ သားကြောဖြတ်တာနဲ့ သန္ဓေတားတဲ့ ပစ္စည်းထည့်တာ၊ ဖမ်းတာတွေ လုပ်လေ့မရှိဘူး လို့လည်း အေပီသတင်းကရေးပါတယ်။

ဝီဂါတွေ မျိုးတုံးစေဖို့အတွက် ရှင်ကျန်းမှာ အတင်းအကျပ် မွေးနှုန်း ထိန်းချုပ်ရေးတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို မစ္စတာဇန့်ရဲ့ အစီရင်ခံစာက ဖော်ပြနေပါတယ်။

တရုတ်အစိုးရရဲ့ ရှင်ကျန်းဆိုင်ရာ မူဝါဒတွေက လူမျိုးတုံး သတ်ဖြတ်မှု ကာကွယ်ရေးနဲ့ ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်က ဘယ်အချက်တွေနဲ့ ငြိစွန်းတယ် ဆိုတာ ဒီတွေ့ရှိချက်တွေက အကောင်းဆုံးသက်သေ ပြနေတယ်လို့လည်း သူကရေးပါတယ်။