ကိုရိုနာဆေးတွေ အိန္ဒိယမှောင်ခိုဈေးကွက်မှာ မတန်တဆဈေးနဲ့ရောင်း

ရမ်ဒက်ဆီဗီယားက ကိုဗစ်ကို ကုသနိုင်မယ်လို့ မျှော်လင့်ထားကြ
ဓာတ်ပုံ ပုံစာ,

ရမ်ဒက်ဆီဗီယားက ကိုဗစ်ကို ကုသနိုင်မယ်လို့ မျှော်လင့်ထားကြ

ကိုဗစ်-၁၉ လူနာတွေကို ကုရာမှာ အသုံးပြုတဲ့ ရမ်ဒက်ဆီဗီယာ Remdesivir နဲ့ တော့စီလစ်ဇူမဘ် Tocilizumab အသက်ကယ်ဆေး နှစ်မျိုး အိန္ဒိယနိုင်ငံမှာ ပြတ်သွားပြီး မှောင်ခိုဈေးမှာ မတန်တဆဈေးနဲ့ ရောင်းချနေတာကို ဘီဘီစီက စုံစမ်းသိရပါတယ်။

အက်ဘီနက်ဗ် ရှားမားရဲ့ ဦးလေးဟာ အဖျားတွေ အရမ်းကြီးပြီး အသက်မရှူနိုင် ဖြစ်နေလို့ ဒေလီမြို့ဆေးရုံကို ပို့ခဲ့ရပါတယ်။

သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိတယ်လို့ အတည်ပြုခဲ့အပြီးမှာ ရမ်ဒက်ဆီဗီယာ ဆေးဝယ်ဖို့ ဆရာဝန်တွေက မိသားစုကို ပြောပါတယ်။ ဒီဆေးကို အစမ်းသဘော သုံးဖို့ ဆေးရုံတွေက လက်ခံအတည်ပြုထားပြီး အရေးပေါ် သုံးဖို့ကိုလည်း ခွင့်ပြုထားတာကြောင့် ဆရာဝန်တွေအနေနဲ့ ဆေးစာ ရေးပေးနိုင်ပါတယ်။

ဒါပေမဲ့ ဒီဆေးက ဘယ်မှာမှ ဝယ်လို့ မရတာက ခက်နေပါတယ်။

ဦးလေးရဲ့ အခြေအနေက တစ်နေ့တခြား ဆိုးလာနေတဲ့အမျှ မစ္စတာ ရှားမားလည်း ဆေးရဖို့ လူတွေကိုလျှောက်ဆက်သွယ်ပြီး အသည်းအသန် ကြိုးပမ်းခဲ့ပါတယ်။

"ဦးလေး အသက်လုနေရချိန်မှာ အသက်ကယ်ပေးနိုင်မယ့်ဆေး ဝယ်မရ ဖြစ်နေရတာကို ကျွန်တော် ဝမ်းနည်းပက်လက် ဖြစ်ခဲ့မိတယ်"

"ဖုန်းတွေအများကြီး လျှောက်ခေါ်ခဲ့အပြီးမှာ ဒီဆေးကို ဈေးရင်းထက် ၇ ဆ ပေးဝယ်ခဲ့ရပါတယ်။ ကျွန်တော့်အတွက်က ဘယ်ဈေးဖြစ်ဖြစ် ပေးဖို့ အဆင်သင့်ပါ။ ဒါပေမဲ့ ဒီလို ပေးမဝယ်နိုင်တဲ့သူတွေအတွက်တော့ ကျွန်တော် အတော်လေး စိတ်မကောင်း ဖြစ်မိတယ်" လို့ သူက ပြောပါတယ်။

မစ္စတာ ရှားမားလို ဒုက္ခမျိုး ဒေလီမြို့က လူအတော်များများ ကြုံနေကြရပြီး ကိုဗစ်လူနာရှင် မိသားစုဝင်တွေရဲ့အသက်ကို ကယ်ဖို့ အသည်းအသန် ကြိုးစားနေကြရပါတယ်။

အတော်များများက ဒီဆေးကို ဒေလီမြို့ဟောင်း ဆေးပစ္စည်း မှောင်ခိုဈေးတစ်ခုကနေ ရခဲ့ပြီး မတန်တဆ ပေး ဝယ်ခဲ့ရတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ရမ်ဒက်ဆီဗီယာ ဆေးထုတ်လုပ်ရောင်းချဖို့ အိန္ဒိယဆေးကုမ္ပဏီ ၅ ခုကို အမေရိကန်အခြေစိုက် ဂိလိယက်Gilead က ခွင့်ပြုခဲ့

အဲဒီမှောင်ခိုဈေးမှာ ရောင်းဝယ်နေသူတွေကို ဘီဘီစီက ဆက်သွယ်နိုင်ခဲ့ရာမှာ အဲဒီလူတွေက ဆေးဝယ်လို့ ရအောင် သူတို့ လုပ်ပေးမယ်။ ဈေးနှုန်းမှန်စေရမယ် လို့ပြောပါတယ်။

"ဆေး ၃ သုံးပုလင်း ရမယ်။ တစ်ပုလင်းကို ရူပီး ၃၀၀၀၀ (ဒေါ်လာ ၄၀၀ ကျော်) ကျတယ်။ ချက်ချင်းရနိုင်မယ်" လို့ ဆေးပစ္စည်း ဈေးကွက်မှာ ကျင်လည်နေတယ် ဆိုတဲ့ တစ်ယောက်က ပြောပါတယ်။

တကယ့်တရားဝင်ဈေးက ရူပီး ၅၄၀၀ ပဲ ရှိပါတယ်။ ဆေးပတ်လည်ဖို့ ၅ ပုလင်းနဲ့ ၆ ပုလင်း ကြား လိုပါတယ်။

နောက်လူတစ်ယောက်ကတော့ ဆေးတစ်ပုလင်းကို ရူပီး ၃၈၀၀၀ ဈေး ခေါ်ပါတယ်။

ဒီဆေးကို ဝယ်လိုအားများ နေကြတဲ့ အကြောင်းရင်းက ကမ္ဘာတဝန်းက ဆေးရုံတွေမှာ ဒီဆေးကို အစမ်းသုံးကြည့်ချိန်မှာ ကိုဗစ်ရောဂါလက္ခဏာကာလကို ၁၅ ရက်ကနေ ၁၁ ရက်အထိ လျှော့ချပေးနိုင်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။

ဒီဆေးကို ကိုဗစ်-၁၉ ရောဂါ ချက်ချင်း ပျောက်ကင်းနိုင်တဲ့ မျက်လှည့်ဆေး တစ်ခုအဖြစ် မယူဆကြဖို့ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ဒါပေမဲ့ အိန္ဒိယက ဆရာဝန်တွေကတော့ ဒီဆေးဝယ်ဖို့ကိုပဲ ပိုညွှန်းလာနေကြတဲ့အတွက် ဒေလီနဲ့ တခြားမြို့တွေမှာ ဝယ်လိုအားတွေ မြင့်တက်လာနေတာပါ။

ဓာတ်ပုံ ပုံစာ,

အိန္ဒိယနိုင်ငံမှာ ဇွန်လကစလို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု တဟုန်ထိုးတိုးလာနေ

အခုလို မတန်တဆဈေးနဲ့ အမြတ်ထုတ် ရောင်းနေနိုင်တဲ့ အဓိကအကြောင်းရင်းက ဆေးရောင်းလိုအားနဲ့ ဝယ်လိုအား အကြီးအကျယ် ကွာဟနေလို့ ဖြစ်ပါတယ်။

ရမ်ဒက်ဆီဗီယာ ဆေးကို အမေရိကန်အခြေစိုက် ဂိလိယ်က Gilead Sciences ကုမ္ပဏီက အီဘိုလာရောဂါ အတွက် ကနဦး ထုတ်ခဲ့တာ ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်ဖို့ Cipla ၊ Jubilant Life ၊ Hetero Drugs နဲ့ Mylon ဆိုတဲ့အိန္ဒိယဆေးကုမ္ပဏီကြီး ၄ ခုကို ခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲဒီထဲက Hetero ကုမ္ပဏီတစ်ခုတည်းကပဲ ဒီဆေးကို လောလောဆယ် ထုတ်နိုင်ပါသေးတယ်။

Hetero ကုမ္ပဏီက ပြည်နယ် ၅ ခုက ဆေးရုံတွေကို ဆေးပုလင်း အလုံးရေ ၂၀၀၀၀ တိုက်ရိုက် ပို့ဆောင်ခဲ့တာ ဖြစ်ပြီး ဒီဆေးတွေ မှောင်ခိုဈေးကွက်ထဲ ဘယ်လိုရောက်သွားသလဲဆိုတာ နားမလည်နိုင်ဘူးလို့Hetero ကုမ္ပဏီ အရောင်းဌာန ဒုဥက္ကဋ္ဌ ဆန်ဒိ ရှားစထရီ က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ရမ်ဒက်ဆီဗီယာဆေးကို Covifor ဆိုတဲ့အမည်နဲ့ Hetero ကုမ္ပဏီက ထုတ်လုပ်ရောင်းချ

ဆေးဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ဖို့ ကုမ္ပဏီက အကြီးအကျယ် ကြိုးစားအားထုတ်နေချိန်မှာ ဒီလိုမှောင်ခိုဈေးကွက်မှာ တင်ရောင်းနေတာက တကယ့်ကို စိတ်ပျက်စရာပဲလို့ ဆိုပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း ဆေးတွေ ပိုထုတ်ပေးနိုင်ပြီး အခြေအနေ ပိုကောင်းလာမယ်ဆိုတာ ယုံကြည်ထားပါတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ အိန္ဒိယက တရားဝင် ဆေးဆိုင်တွေမှာလည်း ဒီဆေးတွေ မဝင်လို့ ရောင်းမပေးနိုင်ခဲ့ဘူးလို့ ဆေးဆိုင်များအစည်းအရုံးတစ်ခုရဲ့ ဒုဥက္ကဋ္ဌက ပြောပြါတယ်။

ဒီတော့ ဒေလီမြို့ဟောင်းက ဆေးမှောင်ခိုဈေးဆီ ဒီဆေးတွေ ဘယ်လို ရောက်လာတာပါလဲ။

အိန္ဒိယ ဆေးဆိုင်ပိုင်ရှင်များအဖွဲ့ အထွေထွေ အတွင်းရေးမှူး ရာဂျစ် ဆင်ဂါးလ်ကတော့ ဒီကိစ္စမှာ ဆေးဆိုင်ပိုင်ရှင်တွေ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

"ဒါဟာ နိုင်ငံလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေးကိစ္စကြီးပါ။ ဒီအသက်ကယ်ဆေးတွေ တရားမဝင် ရောင်းချတာတွေ့ရင် တင်းတင်းကြပ်ကြပ် အရေးယူသွားမယ် ဆိုတာကို အတိအလင်း ကြေညာထားပြီးဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ရောဂါဖြစ်သူတွေများလာတာနဲ့အမျှ ဆေးရုံအတော်များများ မနိုင်မနင်းဖြစ်နေ

ဒါပေမဲ့ ဒီပြဿနာဟာ ရမ်ဒက်ဆီဗီယာဆေးမှာတင် ဖြစ်တာ မဟုတ်ပါဘူး။ နောက်ဆေးတစ်မျိုး ဖြစ်တဲ့ တော့စီလစ်ဇူမဘ် ဆေးကလည်း ဈေးမတန်တဆ ထိုးတက်ခဲ့ပါတယ်။

Actemra ဆိုတဲ့ နာမည်နဲ့ ရောင်းချတဲ့ ဒီဆေးဟာ ကမ္ဘာတဝန်းက အခြေအနေ ဆိုးနေတဲ့ လူနာတွေကိုကုခဲ့ရာမှာ ရလဒ်ကောင်းတွေ ထွက်ခဲ့ပါတယ်။

ဒီဆေး ဘယ်လောက် ထိရောက်သလဲဆိုတာ သိဖို့ နောက်ထပ် လေ့လာမှုတွေ လုပ်ဖို့ လိုနေသေးတယ်လို့ ကျွမ်းကျင်သူတွေက ပြောနေကြပေမဲ့ ဆေးရုံအတော်များများက ဒီဆေးက တကယ်စွမ်းတယ်လို့ပြောနေကြပါတယ်။

ဒါပေမဲ့ ဒီဆေးဟာ နဂိုမူလက အဆစ်အမြစ် ကိုက်ခဲတဲ့ ရောဂါသည်လူနာတွေအတွက် ရည်ရွယ် ထုတ်ခဲ့တာ ဖြစ်ပြီး အကန့်အသတ်နဲ့သာ ထောက်ပံ့ပေးခဲ့တာပါ။

Cipla ဆေးကုမ္ပဏီဟာ ဆွစ်ဇာလန်အခြေစိုက် Roche ကုမ္ပဏီ ကိုယ်စား ဒီဆေးကို အိန္ဒိယနိုင်ငံမှာ ထုတ်လုပ် ရောင်းချပေးနေတာ ဖြစ်ပြီး ပြည်တွင်းမှာပဲ အပြည့်အဝထုတ်လုပ်တာပါ။ ဒါပေမဲ့ ရဖို့ သိပ်ခက်ပါတယ်။ အထူးသဖြင့် နာရီပိုင်းအတွင်း အရေးပေါ် လိုအပ်တဲ့ အချိန်မျိုးမှာ ဝယ်လို့ မရတတ်ပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နိုင်ငံမြောက်ပိုင်းမှာ ဒီဆေး ဝယ်လိုအား တရှိန်ထိုး မြင့်တက်လာပါတယ်။

ဒီဆေးကို ကိုယ့်ဟာကိုယ် ရှာဝယ်ကြဖို့ လူနာရှင် မိသားစုတွေကို ဆေးရုံတွေက ပြောခဲ့တယ် ဆိုတဲ့ ဖြစ်ရပ် အတော်များများကို ဘီဘီစီက စုံစမ်းတွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ တော့စီလစ်ဇူမဘ်ဆေးတွေ မှောင်ခိုဈေးကွက်ပေါ် ရောက်နေတယ် ဆိုတာကို Cipla ဆေးကုမ္ပဏီ ကိုယ်စားလှယ်က ငြင်းခဲ့ပါတယ်။

"ဒီဆေးကို အမြတ်ထုတ် ရောင်းချတာမျိုး မရှိအောင် ကျွန်တော်တို့ အသေအချာ လိုက်စုံစမ်းနေပါတယ်။ ဒီလိုမျိုး လုံးဝ အဖြစ်ခံမှာ မဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။