ကိုဗစ် လေထဲက ကူးနိုင်တယ်ဆိုတဲ့ အထောက်အထားကို WHO ဆန်းစစ်

လေထဲကတဆင့်ပိုးကပါလာပြီး ကူးနိုင်တယ်ဆိုတာကို WHO က လျှော့တွက်ခဲ့တယ်လို့ ပညာရှင်တွေ စွပ်စွဲနေ
ဓာတ်ပုံ ပုံစာ,

လေထဲကတဆင့်ပိုးကပါလာပြီး ကူးနိုင်တယ်ဆိုတာကို WHO က လျှော့တွက်ခဲ့တယ်လို့ ပညာရှင်တွေ စွပ်စွဲနေ

ကိုရိုနာဗိုင်းရပ်စ်က လေထဲမှာ ပါလာကာ ကူးစက်နိုင်တယ်ဆိုတာကို သက်သေပြထားတဲ့ အထောက်အထားတွေ ထွက်ပေါ်လာနေတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသိအမှတ်ပြုလိုက်ပါတယ်။

လူအုပ်စုဖြစ်နေတဲ့နေရာတွေ၊ လုံတဲ့အခန်းတွေ ဒါမှမဟုတ် လေဝင်လေထွက် မကောင်းတဲ့နေရာတွေမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ လေကတဆင့် မကူးစက်နိုင်ဘူးလို့ ပြောလို့မရနိုင်ကြောင်း WHO အရာရှိတယောက်က ပြောပါတယ်။

တကယ်လို့သာ ဒီအထောက်အထားတွေကို အတည်ပြုနိုင်ရင် အခန်းအတွင်း၊ အဆောက်အအုံအတွင်း၊ လေဝင်လေထွက်မကောင်းတဲ့ နေရာတွေအတွင်းမှာ လိုက်နာရမယ့် စည်းမျဉ်းတွေကို ပြန်လည်ပြင်ဆင်သွားရမှာပါ။

သိပ္ပံပညာရှင် ၂၀၀ ကျော်က လက်မှတ်ထိုးပြီးပေးတဲ့ အိတ်ဖွင့်ပေးစာမှာ WHO ဟာ ဒီဗိုင်းရပ်စ် လေထဲကနေ ကူးနိုင်တယ် ဆိုတဲ့အချက်ကို လျှော့တွက်ထားတယ်လို့ စွပ်စွဲထားပါတယ်။

အခုလောလောဆယ်အချိန်အထိ WHO က ဒီဗိုင်းရပ်စ်ဟာ လူတွေ နှာချေလို့၊ ချောင်းဆိုးလို့ ထွက်လာတဲ့ အရည်အစက်အမှုန်လေးတွေက တဆင့်သာ ကူးနိုင်တာလို့ ပြောထားတာပါ။

အိတ်ဖွင့်ပေးစာကို လက်မှတ်ထိုးခဲ့တဲ့ ပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ ကော်လိုရာဒို တက္ကသိုလ်က ဓာတုဗေဒပညာရှင် ဂျိုဆေး ဂျမန်နက်ဇ် က "ကျွန်တော်တို့အနေနဲ့ ဒီအထောက်အထားကို သူတို့ (WHO) က အသိအမှတ်ပြုလက်ခံစေချင်တယ်" လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

"ဒါဟာ WHO ကို တိုက်ခိုက်တာ လုံးဝမဟုတ်ပါဘူး၊ ဒါက သိပ္ပံဆိုင်ရာ ဆွေးနွေးငြင်းခုံမှုပါ၊ ဒါပေမဲ့ ဒါကို ကျွန်တော်တို့က အများပြည်သူ သိဖို့လိုပြီလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နဲ့ အများကြီး ပြောပြီးပေမဲ့ သူတို့က အထောက်အထားတွေကို နားထောင်ဖို့ ငြင်းနေကြလို့ပါ" လို့လည်း သူက ပြောပါတယ်။

ဟောင်ကောင် တက္ကသိုလ်က ပါမောက္ခ ဘန်ဂျမင် ကောလင်းကလည်း ဒီစာကို လက်မှတ်ထိုးခဲ့တဲ့ ပညာရှင်တယောက်ဖြစ်ပြီး ဒီတွေ့ရှိမှုက အရေးပါပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ နေရာတွေမှာ အကာအကွယ်က ဘာအကောင်းဆုံးဖြစ်မလဲဆိုတာကို စဉ်းစားသင့်ပြီလို့ ဆိုသလို

လူတွေကြားထဲမှာလည်း အလေးဂရုပြုဖို့လိုတယ်လို့ ဆိုပါတယ်။

"ရပ်ရွာအသိုင်းအဝိုင်းထဲမှာ၊ ဆိုပါတော့ လေထဲကပါလာတဲ့ အလွန်သေးငယ်ပြီး (မျက်စိနဲ့မမြင်နိုင်တဲ့) အမှုန်အမွှားလေးထဲမှာ ဒီဗိုင်းရပ်စ်က ပါလာပြီးကူးစက်နိုင်တယ်လို့ စဉ်းစားရပြီဆိုရင်၊ လူစုလူဝေးလုပ်တဲ့နေရာတွေကနေ မကူးစက်အောင်၊ လူတွေ နီးနီးကပ်ကပ် ကြာကြာနေတာကနေ မကူးစက်အောင်၊ လေဝင်လေထွက်မကောင်းတဲ့ နေရာတွေကနေ မကူးစက်အောင်၊ လူများများကို အလျင်အမြန် ပိုးကူးစက်ပြန့်ပွားသွားတာတွေ မဖြစ်အောင် စတာတွေကို ဘယ်လိုလုပ်ကာကွယ်ကြမလဲ ဆိုတာတွေကို စဉ်းစားရတော့မှာပါ" လို့ သူက ဘီဘီစီကို ပြောပါတယ်။

ဗီဒီယို ပုံစာ,

သီချင်းဆိုတာ ဗိုင်းရပ်စ် ပိုကူးနိုင်သလား

WHO အရာရှိတွေကတော့ အထောက်အထားတွေဟာ အစပျိုးပဏာမအခြေအနေမှာသာ ရှိသေးကြောင်းပြောပြီး နောက်ထပ် ဆန်းစစ်တာတွေ လုပ်ရဦးမယ်လို့ သတိထားပြီး ပြောပါတယ်။

WHO ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးဆိုင်ရာ နည်းပညာပိုင်း ဦးဆောင် အရာရှိ ဘန်နဒက် အဲလက်ရန်ဇီက အခုထွက်လာတဲ့ အထောက်အထားတွေကပြောနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ "လူစုလူဝေးနေရာ၊ လေဝင်လေထွက်မကောင်းတဲ့ နေရာတွေမှာကူးစက်နိုင်တယ် ဆိုတာကို စဉ်းစားတဲ့အထဲကနေ ဖယ်ထုတ်မှာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။

အပြောင်းအလဲဖြစ်ပြီလား

အင်မိုဂန် ဖောက်

ဘီဘီစီ သတင်း၊ ဂျနီဗာ

လပေါင်းများစွာ WHOက အခိုင်အမာ ပြောနေခဲ့တာကတော့ ကိုဗစ် - ၁၉ ဟာ ပိုးရှိတဲ့လူတွေက နှာချေလို့၊ ချောင်းဆိုးလို့ ထွက်လာတဲ့ အရည်စက်လေးတွေမှာ ပါလာပြီး အဲဒီကနေ ကူးစက်ပြန့်ပွားတာလို့ ဆိုနေတာပါ။

အဲဒီအရည်စက်လေးတွေဟာ လေထဲမှာ လွင့်မျောပြီး ပါမသွားနိုင်ပါဘူး။ အနီးအနားနဲ့ အောက်က မျက်နှာပြင်တခုခု ပေါ်ကျမယ်၊ အဲဒါကို (ကိုယ့်လက်နဲ့) ထိတွေ့မိပြီး အဲဒီက တဆင့် ကိုယ့်ရဲ့ မျက်စိ တို့၊ ပါးစပ်တို့၊ နှာခေါင်းတို့ထဲ ရောက်လာရင်ရောဂါကူးမယ်၊ ဆိုတော့ လက်ခဏ ခဏ ဆေးဖို့က အဓိကပဲလို့ ကာကွယ်ရေးနည်းလမ်း အဖြစ် သူတို့ ညွှန်ကြားလာခဲ့တာပါ။

ဒါပေမဲ့ နိုင်ငံပေါင်း ၃၂ နိုင်ငံက သိပ္ပံပညာရှင် ၂၃၉ ယောက်က သဘောမတူကြပါဘူး။

သူတို့ပြောတာက ဒီဗိုင်းရပ်စ်ဟာ လေထဲကတဆင့် ပျံ့နိုင်တယ်ဆိုတာပါ၊ ပိုးရှိတဲ့လူတွေ စကားပြောလို့၊ လေရှူထုတ်လိုက်လို့ ထွက်လာတဲ့ပိုးဟာ နာရီပေါင်းများစွာ လေထဲမှာ မျောပါရှိနေနိုင်ပြီး အဲဒီ ကနေ တခြားလူကို ကူးစက်နိုင်တယ်လို့ ပြောနေတာပါ။

ဒီနေ့မှာတော့ အခန်းလုံတဲ့နေရာတွေ၊ လူထူတဲ့နေရာတွေမှာ ဒီလို ကူးစက်တယ်ဆိုတာကဖြစ်နိုင်ကြောင်း ညွှန်းဆိုနေတဲ့ အခုအထောက်အထားတွေရှိတယ် ဆိုတာကို WHO က ဝန်ခံလိုက်တာပါ။

ဒီအထောက်အထားတွေကို သေသေချာချာ သုံးသပ်ဆန်းစစ်ကြရဦးမှာပါ၊ ဒါပေမဲ့ ဒါတွေ တကယ်မှန်တယ်ဆိုရင်တော့ ဗိုင်းရပ်စ်မပြန့်ပွားရေးတားဆီးဖို့ အကြံပြုလမ်းညွှန်ချက်တွေလည်း ပြောင်းသွားမှာဖြစ်သလို၊ နှာခေါင်းစည်းတွေ အကျယ်အပြန့်သုံးရမှာ၊ အထူးသဖြင့် စားသောက်ဆိုင်တွေ၊ အများပြည်သူသုံးခရီးသွားယာဉ်တွေမှာ လူတွေခပ်ခွာခွာနေဖို့ ပိုပြီးအလေးထားရမှာတွေ ဖြစ်လာနိုင်ပါတယ်။