ကမ္ဘာကြီးအတွက် အလွန်အရေးကြီးတဲ့ သန့်ရှင်းစွမ်းအင်

အန်တိုနီယိုဂုတာရက်စ်
ဓာတ်ပုံ ပုံစာ,

အန်တိုနီယိုဂုတာရက်စ်

ကမ္ဘာကြီးဟာ သန့်ရှင်းစွမ်းအင်ဆီကူးပြောင်းဖို့ အလွန်အရေးကြီးနေပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂုတာရက်စ်က ပြောလိုက်ပါတယ်။

ကိုဗစ်ပြန်လည် နာလန်ထူရေးဗျူဟာတွေထဲမှာ ရေရှည်ခိုင်မာတဲ့ အနာဂတ်ဆီ ကူးပြောင်းရေးကိုလည်း ထည့်သွင်းစဥ်းစားရမယ်လို့သူက ဆိုပါတယ်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီ IEA ရဲ့သန့်ရှင်းစွမ်းအင်ကူးပြောင်းရေး ထိပ်သီးညီလာခံမှာ နိုင်ငံတကာဝန်ကြီးတွေကို သူက ပြောလိုက်တာပါ။

အခုလုပ်တဲ့ အွန်လိုင်းဗီဒီယိုအစည်းအဝေးဟာ ဒီနှစ်အတွက် စွမ်းအင်နဲ့ ရာသီဥတုဆိုင်ရာ အကြီးဆုံးအစည်းအဝေးဖြစ်ပါတယ်။

“ရေနံ၊ သဘာဝဓာတ်ငွေ့ အစရှိတဲ့ ရုပ်ကြွင်းလောင်စာတွေအတွက် ထောက်ပံ့ကြေးပေး ငွေဖြုန်းတီးနေတာကို ရပ်ပြီး ကာဘွန်ထုတ်ရင် ဒဏ်ကြေးသတ်မှတ်တာမျိုးလုပ်ကြပါ” လို့ မစ္စတာ ဂုတာရက်စ်က တိုက်တွန်းပါတယ်။

အမေရိကန်၊ တရုတ်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ ဗြိတိန်တို့ အစည်းအဝေးတက်ရောက်ကြပါတယ်။

စက်မှုနိုင်ငံကြီး ၂၀ G20 ရဲ့ပြန်လည်ထူထောင်ရေးအစီအစဥ်တွေကို ကြည့်ရင် သန့်ရှင်းစွမ်းအင်ထက် ရုပ်ကြွင်းလောင်စာအပေါ်မှာ ငွေကြေးနှစ်ဆလောက်အထိ များများစားစား ပိုသုံးထားတာ တွေ့ရတယ်လို့ အတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။

ဥရောပသမဂ္ဂ၊ တောင်ကိုရီးယား၊ နိုင်ဂျီးရီးယားနိုင်ငံတို့ရဲ့ အသစ်ပြန်ဖြည့်စွမ်းအင်သုံးစွဲရေး အားပေးဆောင်ရွက်မှုတွေကို မစ္စတာဂုတာရက်စ်က ချီးကျူးပြောဆိုပါတယ်။ ဒါပေမယ့် နိုင်ငံအများအပြားဟာ ဒီအချက်ကို သဘောမပေါက်ကြသေးဘူးလို့ ဆိုပါတယ်။

တချို့တိုင်းပြည်တွေဟာ ဘဏ္ဍာရေး အကျပ်တွေ့နေတဲ့ ရေနံနဲ့ဓာတ်ငွေ့ ကုမ္ပဏီတွေကို ထောက်ပံ့အားပေးတဲ့ အစီအစဥ်တွေ လုပ်နေတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ တချို့နိုင်ငံတွေကတော့ ဘဏ္ဍာရေးအရရော၊ ပတ်ဝန်းကျင်အတွက်ပါ အဓိပ္ပာယ်မရှိတဲ့ ကျောက်မီးသွေးအသုံးပြုစွမ်းအင် ထုတ်လုပ်ဖို့ ရွေးချယ်နေကြတယ်လို့ ဆိုပါတယ်။

နိုင်ငံတွေကို အတွင်းရေးမှူးချုပ်က နာမည်တပ် မပြောပါဘူး။ ဒါပေမယ့် အမေရိကန်ဟာ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး လုပ်ဆောင်ချက်တွေကို ဖြတ်တောက်လျှော့ချနေပြီး တရုတ်နိုင်ငံက ကျောက်မီးသွေး စက်ရုံအသစ်တွေကို မီးစိမ်းပြ ခွင့်ပြုနေပါတယ်။

သန့်ရှင်းစွမ်းအင်ကို အသုံးပြုသင့်တဲ့ အရေးကြီးအချက်ကြီး ၃ ချက်ရှိတယ်လို့ သူက ဆိုပါတယ်။

လေထုညစ်ညမ်းမှုကြောင့် နှစ်စဥ်လူဦးရေ ကိုးသန်းဟာ အရွယ်မတိုင်မီသေဆုံးနေသလို လူ့သက်တမ်းဟာလည်း ၃ နှစ်တိုနေတယ်လို့ ဆိုပါတယ်။ ဒါဟာ ဆေးလိပ်သောက်လို့ဖြစ်တဲ့ ဆိုးကျိုးထက်ပိုတယ်လို့ အတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။

သိပ္ပံပညာရှင်တွေ သက်သေအထောက်အထားနဲ့ ပြောဆိုနေကြတဲ့ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပျက်ပြားမှုဟာ ဒုတိယအချက်ကြီးတချက်လို့ဆိုပါတယ်။

နောက်ဆုံး တချက်ကတော့ ကမ္ဘာကြီးဟာ စီးပွားရေးအကြောင်းအရကို ရုပ်ကြွင်းလောင်စာကနေ စွန့်ခွာပြောင်းလဲသင့်ပြီဆိုတဲ့ အချက်ပဲလို့ ဆိုပါတယ်။

“စီးပွားရေး အရပြောမယ်ဆိုရင်လည်း အသစ်ပြန်ဖြည့်စွမ်းအင်ဟာ ဘယ်စျေးကွက်မှာမဆို ကျောက်မီးသွေးထက် စျေးချိုပါတယ်”လို့ သူက ဆိုပါတယ်။

ကမ္ဘာပေါ်မှာ နောက်ထပ် ကျောက်မီးသွေး စက်ရုံအသစ်ထပ်မတည်တော့ဖို့နဲ့ ကျောက်မီးသွေးသုံးတဲ့သူတွေကို ဘဏ္ဍာရေး ထောက်ပံ့တာတွေ နိုင်ငံတိုင်းက ရပ်တန့်ကြဖို့ သူက နိဂုံးချုပ်ပြောကြားသွားပါတယ်။