ဟီရိုရှီးမားနဲ့ နာဂါဆာကီ - အဏုမြူ ဗုံးဒဏ်ကနေ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးများ

ဒုတိယကမ္ဘာစစ်ကြီး အဆုံးသတ်ဖို့အတွက် အမေရိကန်ဘက်ကနေ ဂျပန်က ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေကို အဏုမြူဗုံးတွေ ကြဲခဲ့တာ သြဂုတ်လ ၆ ရက်နဲ့ ၉ ရက်နေ့တွေဆို ၇၅ နှစ် ပြည့်ခဲ့ပါပြီ။

ဓာတ်ပုံ ပုံစာ,

အဏုမြူဗုံးကြဲခံခဲ့ရတဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဟီရိုရှီးမားမြို့ မှာ ၂၀၁၉ ခုနှစ်က ကျင်းပခဲ့စဉ်

အဲဒီတုန်းက လူဦးရေ ၃၅၀,၀၀၀ ရှိတဲ့ ဟီရိုရှီးမားမြို့မှာ အဏုမြူဗုံးဒဏ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ လူပေါင်း ၁၄၀,၀၀၀ ရှိခဲ့ပြီး နာဂါဆာကီမြို့မှာတော့ လူပေါင်း ၇၄,၀၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မှန်းဆကြပါတယ်။

ဒီဗုံးတွေကြဲခဲ့ပြီးတဲ့နောက် ၁၉၄၅ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့မှာ ဂျပန်တို့က မဟာမိတ်တပ်တွေကို လက်နက်ချခဲ့ပြီး အာရှမှာ စစ်ပွဲ ရုတ်တရက် အဆုံးသတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ ဂျပန်ဟာ အဏုမြူဗုံးတွေအကြဲမခံရခင်ကတည်းက လက်နက်ချဖို့ လက်တကမ်းအလိုမှာ ရှိနေခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။

ဒီဗုံးဒဏ်တွေကနေ အသက်ရှင် ကျန်ရစ်သူတွေကို ဟီဘကူရှာ (hibakusha) လို့ ခေါ်ကြပါတယ်။

အဲဒီမြို့တွေမှာ အသက်ရှင်ကျန်ရစ်ခဲ့သူတွေဟာ ဓာတ်ရောင်ခြည်အဆိပ်သင့်တာနဲ့ စိတ်ဒဏ်ရာရတာတွေ အပါအဝင် နောက်ဆက်တွဲ ခါးသီးမှုတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့ခဲ့ကြပါတယ်။

သမိုင်းဝင် ဒီဖြစ်ရပ်တွေမှာ ကိုယ်တွေ့ကြုံခဲ့ကြတဲ့ အမျိုးသမီးတွေရဲ့ ဘဝဇာတ်ကြောင်းတွေကို ဗြိတိသျှ ဓာတ်ပုံသတင်းထောက် လီ ကယ်ရင် စတိုးဒ် က အဓိကထား မှတ်တမ်းတင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၇၅ နှစ်က အဏုမြူဗုံးကြဲမှုတွေနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေကို အခုထိ မေ့လို့မရသေးတဲ့ အမျိုးသမီး သုံးယောက်နဲ့ စတိုးဒ်က တွေ့ဆုံမေးမြန်းပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။

ဒီဆောင်းပါးဟာ တချို့သူတွေအတွက် စိတ်ထိခိုက်နိုင်စရာအကြောင်းတွေ ပါကောင်းပါနိုင်ပါတယ်။

တာယူကို ယူအီနို

၁၉ ၄၅ ခုနှစ် သြဂုတ်လ ၆ ရက် ဟီရိုရှီးမားမြို့ အဏုမြူဗုံးဒဏ်ကနေ အသက်ရှင်ကျန်ရစ်ခဲ့တုန်းက တာယူကိုရဲ့ အသက်က ၁၅ နှစ်ပဲ ရှိပါသေးတယ်။

ဓာတ်ပုံ ပုံစာ,

ဗုံးကြဲခံခဲ့ရပြီးတဲ့နောက်ပိုင်း နှစ်အနည်းငယ်အကြာ ဟီရိုးရှီးမားကြက်ခြေနီ ဆေးရုံမှာ တာယူကို ယူအီအို သူနာပြု လုပ်ခဲ့တဲ့ပုံ (ဝဲဘက်) ၊ ၂၀၁၅ ခုနှစ်မှာ တွေ့ရတဲ့ တူယူကို

ဗုံးကြဲခံခဲ့ရတုန်းက တာယူကိုဟာ ဟီရိုရှီးမား ကြက်ခြေနီ ဆေးရုံ (Hiroshima Red Cross Hospital)မှာ ဒုတိယနှစ် သူနာပြုသင်တန်း ကျောင်းသူပါ။

ဗုံးကြဲခံရပြီးတဲ့နောက် ဆေးရုံမှာ ရှိတဲ့ ကျောင်းသား ကျောင်းသူ အဆောင်တွေ မီးလောင်ကုန်ပါတယ်။ မီးငြှိမ်းဖို့ တာယူကို ကြိုးစားခဲ့ပေမယ့် သူရဲ့ အတန်းဖော် တော်တော်များများ မီးထဲမှာပဲ သေဆုံးခဲ့ပါတယ်။

ဗုံးဒဏ်သင့်ပြီးနောက်ပိုင်း ပထမအပတ်မှာ သူမှတ်မိနေတဲ့ ဖြစ်ရပ်တွေကတော့ ဆိုးရွားပြင်းထန်လှတဲ့ ဒဏ်ရာတွေနဲ့ ရောက်လာတဲ့ လူနာတွေကို နေ့ရော ညရော မနားတမ်း ကုသပေးခဲ့ရတာပါ။ အဲဒီအချိန်မှာ သူရော တခြားသူတွေအတွက်ပါ အစားအစာ လုံး၀ မရှိသလို ရေကလည်း နည်းနည်းပဲ ရှိတာပါ။

ဘွဲ့ရပြီးတဲ့နောက်ပိုင်း တာယူကို အဲဒီဆေးရုံမှာပဲ ဆက်အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီဆေးရုံမှာလုပ်ဆောင်ပေးတဲ့ အရေပြားအစားထိုး ခွဲစိတ်မှုတွေမှာ သူ ကူညီဆောင်ရွက်ခဲ့ပါတယ်။

ဗုံးဒဏ်ကြောင့်မီးလောင်ခဲ့တဲ့ လူနာရဲ့ ပေါင်က အရေပြားကို ယူပြီး မီးလောင်ဒဏ်ရာတွေကနေရခဲ့တဲ့ အမာရွတ်မှာ အစားထိုး ကုသခဲ့ရပါတယ်။

အဏုမြူဗုံးဒဏ်ကနေ အသက်ရှင်ကျန်ရစ်သူ နောက်ထပ်တဦးဖြစ်တဲ့ (Tatsuyuki) တက်ဆူယူကီနဲ့ သူနောက်ပိုင်းမှာ လက်ထပ်ခဲ့ပါတယ်။

တာယူကို သားဦးလေးမွေးဖို့ ကိုယ်ဝန်စရတော့ ဒီကလေး အသက်ကော ရှင်ပါ့မလား၊ ကျန်းကျန်းမာမာလေး မွေးလားပါ့မလားဆိုပြီး သူစိုးရိမ်ခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

တူယူကို သမီး တိုမိုကို့ ကို ဟီးရိုးရှီးမားဆေးရုံမှာ မွေးဖွားခဲ့စဉ်

သမီးဖြစ်သူ တိုမိုကို ကောင်းကောင်း မွေးဖွား ကြီးပြင်းလာတော့ မိသားစုဘ၀ တည်ထောင်ဖို့အတွက် တာယူကို သတ္တိ ရှိလာခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

တိုမိုကို့ရဲ့ မိခင် ( တာယူကို ) နဲ့ ဖခင် တက်ဆူယူကီ

"ငရဲပြည်ကို မရောက်ဖူးတော့ ငရဲပြည်က ဘာနဲ့ တူလဲဆိုတာ ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ငရဲပြည်ဆိုတာက ကျွန်မတို့ ကြုံခဲ့ရတာမျိုးပဲ ဖြစ်မှာပါ။ နောက်ဒါမျိုး ဘယ်တော့မှ ထပ်ဖြစ်ခွင့်မပေးရဘူး" လို့ တာယူကိုက ပြောပါတယ်။

"နျူကလီးယားလက်နက်တွေကို ရုပ်သိမ်းဖို့ ပြင်းပြင်းထန်ထန် ကြိုးပမ်းနေသူတွေ ရှိပါတယ်။ပထမဆုံး အဆင့်ကတော့ ဒေသဆိုင်ရာ အစိုးရခေါင်းဆောင်တွေက အရေးယူမှုတွေ ချမှတ်သင့်တာပဲ" လို့ ကျွန်မ ထင်တယ်။

"အဲဒီနောက် ပြည်ထောင်စု အစိုးရဆီ၊ နောက်ပြီး တကမ္ဘာလုံးသိအောင် ကျွန်မတို့ လုပ်ရမယ်။"

ဓာတ်ပုံ ပုံစာ,

တူယူကို့ကို သမီးဖြစ်သူ တိုမိုကို (ရှေ့) နဲ့ မြေးဖြစ်သူ ကူနီကို (ညာ) နဲ့ ၂၀၁၅ ခုနှစ်မှာ တွေ့ရစဉ်

" ဒီမှာ ဘာသစ်ပင်၊ မြက်ပင်မှ ၇၅ နှစ် ပေါက်မှာ မဟုတ်ဘူးလို့ လူတွေက ပြောကြတယ်။ ဒါပေမဲ့ ဟီရိုရှီးမားမြို့ဟာ စိမ်းလန်းတဲ့ သစ်ပင်တွေ၊ မြစ်တွေနဲ့ ပြန်ပြီး အသက်ဝင်နေပါပြီ" လို့ တာယူကိုရဲ့ သမီး တိုမိုကိုက ပြောပါတယ်။

ဒါပေမဲ့ ဓာတ်ရောင်ခြည် ထိခိုက်မှု ဒဏ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို အဲဒီတုန်းက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဟီဘကူရှာ (hibakusha) တွေ ဆက်ပြီး ခံစားခဲ့ရပါတယ်။

"ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တို့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ လူတွေရဲ့ စိတ်ထဲကနေ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာချိန်မှာ ကျွန်မတို့ဟာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွမှာပဲ ရှိနေပါသေးတယ်"

"အနာဂတ်က ကျွန်မတို့ လက်ထဲမှာ ရှိပါတယ်။ ကျွန်မတို့ ဆန္ဒ ရှိမှ ငြိမ်းချမ်းရေးရဖို့ ဖြစ်လာနိုင်တာပါ။ တခြားသူတွေအကြောင်းတွေးပြီး ကျွန်မတို့ ဘာလုပ်နိုင်မလဲ ရှာဖွေရမယ်။ အဲဒါကို ဆောင်ရွက်မယ်။ ငြိမ်းချမ်းရေးရဖို့အတွက် နေ့စဉ် မဆုတ်မနစ် ကြိုးပမ်းမှုတွေ ဆက်လုပ်ရပါမယ်"

"အဏုမြူဗုံးကြဲခံခဲ့ရတာ ဒါမှမဟုတ် စစ်ရဲ့ ဒဏ်တွေ ကျွန်မမခံခဲ့ရပါဘူး။ ဟီရိုရှီးမားမြို့ကို ပြန်လည်တည်ဆောက်ပြီး နောက်ပိုင်း အခြေအနေကိုပဲ သိတာပါ။ ကျွန်မ (အဏုမြုဗုံးနဲ့ စစ်ဆိုတာကို) စိတ်ကူးထဲမှာပဲ ပုံဖော်နိုင်တယ်" လို့ တာယူကိုရဲ့ မြေးဖြစ်သူ ကူနီကို က ပြောပါတယ်။

ဒီတော့ ဟီဘကူရှာ (hibakusha) တွေ ပြောတာကို ကျွန်မ နားထောင်တယ်။ သက်သေအထောက်အထားပေါ် မူတည်ပြီး အဏုမြူဗုံးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကျွန်မ လေ့လာတယ်" လို့လည်း သူက ဆိုပါတယ်။

"အဲဒီနေ့တုန်းက တမြို့လုံး မီးလောင်ကျွမ်းခဲ့တယ်။ လူတွေ၊ ငှက်တွေ၊ ပုစဉ်းတွေ၊ မြက်ပင်တွေ၊သစ်ပင်တွေ အားလုံးအားလုံး မီးလောင်ကျွမ်းခဲ့တယ်"

ဓာတ်ပုံ ပုံစာ,

အဏုမြူဗုံးကြဲခံရပြီးနောက်ပိုင်း တွေ့ရတဲ့ ဟီရိုရှီးမားမြို့

"ဗုံးကြဲပြီးနောက်ပိုင်း ကယ်ဆယ်ရေးတွေ လုပ်ဖို့ မြို့ထဲ ဝင်လာကြတဲ့သူတွေ၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ ရှာဖို့ ရောက်လာသူတွေ အများကြီးလည်း သေဆုံးခဲ့တယ်။ အသက်ရှင်ကျန်ရစ်သူတွေကလည်း ကိုယ်ခန္ဓာပိုင်း ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်ခဲ့ကြတယ်။"

"ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေမှာ ရှိတဲ့ ဟီဘကူရှာ (hibakusha) တွေနဲ့ သာမက ယူရေနီယမ်သတ္ထုတွင်း လုပ်သားတွေ၊ သတ္တုတွင်းတွေနားမှာ နေထိုင်သူတွေ၊ နျူကလီးယားလက်နက်တွေထုတ်လုပ်တာ၊ စမ်းသပ်တာတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သူတွေ နျူလက်နက်တွေ စမ်းသပ်မှုကြာင့် နာမကျန်းဖျားနာခဲ့တဲ့ သူတွေနဲ့ပါ နီးစပ်တဲ့ ဆက်ဆံရေးရှိဖို့ ကျွန်မ ကြိုးစားခဲ့တယ်။"

အီမီကို အိုဂါဒ

ဓာတ်ပုံ ပုံစာ,

၂၀၁၉ ခုနှစ် ကမ္ဘာမှာ နျူလက်နက်အရေအတွက် ပြသထားတဲ့ စာအုပ်ကို ကိုင်ဆောင်ထားတဲ့ အီမီကို အိုဂါဒ

ဟီရိုရှီးမားမြို့ကို အဏုမြူဗုံးကြဲခံရတုန်းက အီမီကိုက ရှစ်နှစ်သမီးအရွယ်ပါ။

သူ့အစ်မ မီကို နဲ့ ဆွေမျိုးသားချင်း နောက်ထပ် ၄ ယောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

အီမီကိုနဲ့ သူ့မိသားစုတွေရဲ့ ဓာတ်ပုံ အများအပြား ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ ဆွေမျိုးသားချင်းတွေရဲ့ အိမ်တွေမှာရှိတဲ့ သူတို့ဓာတ်ပုံ တချို့ ကျန်ရစ်ပါတယ်။အဲဒီထဲမှာ သူ့အစ်မပုံတွေလည်း ပါပါတယ်။

ဓာတ်ပုံ ပုံစာ,

မိခင်ရဲ့ ရင်ခွင်ထဲမှာ တွေ့ရတဲ့ အီမိုကိုနဲ့ အစ်မဖြစ်သူ မီကို

"မနက်ပိုင်းမှာ ကျွန်မ အစ်မ အိမ်ကနေ ထွက်သွားတယ်။ ခဏနေတွေ့မယ်လို့လည်း သူက ပြောသွားသေးတယ်။ အဲဒီတုန်းက သူ့အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ ဘဝမှာ ရှေ့ဆက်ရမယ့် ပန်းတိုင်တွေ အများကြီး ရှိပါသေးတယ်" လို့ အီမီကိုက ပြောပါတယ်။

"ဒါပေမဲ့ သူဘယ်တော့မှ ပြန်မလာခဲ့ပါဘူး။ သူဘာဖြစ်သွားလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး"

"ကျွန်မ မိဘတွေက သူ့ကို အသည်းအသန် လိုက်ရှာခဲ့ကြတယ်။ သူ့ရုပ်အလောင်းကိုလည်း ရှာမတွေ့တော့ တနေရာမှာ သူအသက်ရှင်နေလိမ့်မယ်ဆိုပြီး မိဘတွေက တလျှောက်လုံး ပြောခဲ့ကြတယ်"

"အဲဒီတုန်းက အမေ့မှာ ကိုယ်ဝန်ရှိခဲ့ပေမယ့် ပျက်ကျသွားခဲ့တယ်"

"ကျွန်မတို့မှာ စားစရာ ဘာမှမရှိဘူး။ ဓာတ်ရောင်ခြည်သင့်တာဆိုတာလည်း မသိဘူး။ အဲတော့ဒါက အဆိပ်သင့်လား မသင့်လားဆိုတာ စဉ်းစားမနေတော့ပဲ တွေ့သမျှစားစရာ အားလုံး လိုက်ကောက်ကြတာပဲ"

"စားစရာမရှိတော့ ခိုးကြတယ်။ အစားအစာက အကြီးဆုံး ပြဿနာတခုဖြစ်လာခဲ့ပြီး ရေလေးနည်းနည်းသောက်လိုက်ရရင် သိပ်ကို အရသာရှိပါတယ်။ ဖြစ်ဖြစ်ချင်းမှာ လူတွေ ဒီလိုပဲ နေခဲ့ကြရတာပါ။ ဒါပေမဲ့ အခုတော့ ဒါကို မေ့ထားကြပြီ "

ဓာတ်ပုံ ပုံစာ,

အီမီကို့ အစ်မ မီကို့ကို ဂျပန်ရိုးရာဝတ်စုံ ဝတ်ဆင်ထားပုံ

"နောက်ပိုင်းကျ ကျွန်မ ဆံပင်တွေ စကျွတ်လာတယ်။ သွားဖုံးတွေမှာ သွေးတွေထွက်လာတယ်။ အမြဲလိုလို မောနေပြီး တချိန်လုံး လှဲနေချင်တယ်"

"ဓာတ်ရောင်ခြည်သင့်တာက ဘာလဲဆိုတာ အဲဒီအချိန်တုန်းက ဘယ်သူမှ မသိကြပါဘူး။ ၁၂ နှစ်ကြာပြီးတဲ့နောက်မှာတော့ ကျွန်မ သွေးအားနည်းတဲ့ ရောဂါ (aplastic anaemia)ကို ခံစားခဲ့ရပါတယ်။"

"နေဝင်ချိန်ရောက်ရင် ကောင်းကင်ကြီးတခုလုံး အတော်လေး နီရဲနေတာမျိုး တခါတလေဖြစ်တာ နှစ်တိုင်းကြုံရပါတယ်။ ကောင်းကင်ကြီးက ရဲနေတော့ လူတွေရဲ့ မျက်နှာတွေလည်း နီရဲသွားပါတယ်။ "

" အဲဒီလိုမျိုးအချိန်တွေဆို အဏုမြူဗုံးဒဏ်သင့်ခဲ့တဲ့ ညနေခင်းကို မတွေးပဲ မနေနိုင်ဘူး။ သုံးရက်နဲ့ သုံးညဆက်တိုက် ဒီမြို့မှာ မီးလောင်ခဲ့တာ။"

"ညနေ နေဝင်ချိန်တွေကို မုန်းတယ်။ နေဝင်ချိန်တွေဟာ အဲဒီတုန်းက မီးလောင်ခဲ့တဲ့ မြို့ ကြီးကိုအခုအချိန်ထိ သတိရစေပါတယ်။"

ဓာတ်ပုံ ပုံစာ,

၁၉၄၅ တုန်းက ဟီရိုရှီးမား

" ဒီဗုံးဒဏ်တွေကနေ အသက်ရှင် ကျန်ရစ်သူကြတဲ့ ဟီဘကူရှာ (hibakusha) အများအပြားက ဆုံးပါးသွားကြပြီဖြစ်လို့ ဒီအကြောင်းတွေ မပြောနိုင် ဒါမှမဟုတ် ဗုံးနဲ့ ပတ်သက်လို့ ခါးသီးမှုတွေအကြောင်း မပြောနိုင်ကြတော့ပါဘူး။ ဒါကြောင့်သူတို့ကိုယ်စား ကျွန်မ ပြောတယ်။ "

" လူအများအပြားကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးအကြောင်း ပြောကြတယ်။ ကျွန်မကတော့ သူတို့ကို လက်တွေ့အကောင်အထည်ဖော်စေချင်ပါတယ်။ ငြိမ်းချမ်းရေးရဖို့ ကိုယ်တတ်နိုင်သလောက် လူတိုင်းကို စလုပ်စေချင်ပါတယ်။ "

" ကျွန်မတို့ အနာဂတ်တွေဖြစ်တဲ့ ကျွန်မကလေးတွေနဲ့ မြေးတွေ နေ့တိုင်း ပြုံးပျော်နိုင်တဲ့ ကမ္ဘာမြေကြီးမှာ နေနိုင်ဖို့အတွက်ကျွန်မ ကိုယ်တိုင်လည်း တခုခု လုပ်ချင်ပါတယ်။"

ရီကို ဟာဒ

၁၉ ၄၅ ခုနှစ် သြဂုတ်လ ၉ ရက် မနက် ၁၁:၀၂ မိနစ်မှာ သူ့ မွေးရပ်မြေ နာဂါဆာကီမြို့ကို အဏုမြူဗုံးကျရောက်ခဲ့တုန်းက ရီကို ဟာဒ အသက် ၉ နှစ်ပဲ ရှိပါသေးတယ်။

ဓာတ်ပုံ ပုံစာ,

အသက် ၅ နှစ်အရွယ် ရီကို (ဝဲ) နဲ့ ၂၀၁၅ ခုနှစ်မှာ တွေ့ရတဲ့ ရီကို

အဲဒီနေ့ မနက်စောစောမှာ လေကြောင်းတိုက်ခိုက်မှု သတိပေးသံတခုကြောင့် ရီကို အိမ်မှာပဲ နေခဲ့ပါတယ်။

အန္တရာယ်ကင်းပြီဆိုတဲ့ ဥသြသံတွေကြားရပြီးတဲ့နောက်ပိုင်းမှာတော့ အနီးအနားက ဘုရားကျောင်းကို သူသွားခဲ့ပါတယ်။

လေကြောင်းသတိပေးသံတွေ မကြာခဏ ရှိတာကြောင့် ကျောင်းကို သွားရမယ့် အစား အနီးပတ်ဝန်းကျင်က ကလေးတွေ အဲဒီ့ဘုရားကျောင်းမှာပဲ စာသွားသင်ကြတာပါ။

ဘုရားကျောင်းမှာ မိနစ် ၄၀ လောက် စာသင်ပြီးတဲ့နောက် ဆရာမတွေက ကျောင်းဆင်းပေးလိုက်တော့ ရီကို အိမ်ကို ပြန်လာပါတယ်။

ကျွန်မ အိမ်အဝင်ဝမှာပဲ ရှိသေးတယ်။ အထဲကို ခြေတလှမ်းတောင် မလှမ်းရသေးဘူး" လို့ ရီကိုက ရှင်းပြပါတယ်။

"မျက်စိတမှိတ်အတွင်းမှာကို ဖြစ်ပျက်ခဲ့တာပါ။ စူးရှတဲ့ အလင်းတန်းတခု မျက်စိရှေ့ကနေ ဖြတ်သွားတယ်။ အဝါရောင်၊ ကာကီရောင်နဲ့ လိမ္မော်ရောင် စတဲ့ အရောင်တွေအားလုံး ပေါင်းစပ်ထားတယ်။ "

"အဲဒါ ဘာလဲဆိုတာတောင် ကျွန်မတွေးချိန် မရလိုက်ဘူး။ ချက်ချင်းပဲ အရာအားလုံးက ဖြူသွားတယ်။"

"ကျွန်မ တယောက်တည်း ကျန်ခဲ့ပြီလို့ ခံစားလိုက်ရတယ်။ နောက် အင်မတန်ကျယ်တဲ့ မြည်ဟိန်းသံကြီး ထွက်ပေါ်လာတယ်။ အဲဒီနောက် ကျွန်မ မေ့လဲသွားတယ်။ "

ဓာတ်ပုံ ပုံစာ,

ဗုံးကြဲခံရပြီးနောက်ပိုင်း နာဂါဆာကီမြို့က ပြိုကျသွားတဲ့ အဆောက်အအုံများ

"ခဏကြာတော့ ကျွန်မ သတိပြန်လည်လာတယ်။ အရေးပေါ် တခုခု ကြုံရင် ဗုံးခိုကျင်းတခုထဲခိုအောင်းကြဖို့ ကျွန်မတို့ ဆရာမက သင်ထားတယ်။ အိမ်ထဲဝင်ပြီး အမေ့ကို ရှာတယ်။ အဲနောက်ကျွန်မတို့ အိမ်နီးနားချင်းရဲ့ ဗုံးခိုကျင်းထဲ သွားပုန်းကြတယ်။ "

"ပွန်းပဲ့ ဒဏ်ရာ တခုမှ ကျွန်မ မရခဲ့ဘူး။ ကွန်ပီယာ Konpira တောင်က ကျွန်မ အသက်ကို ကယ်ခဲ့တာပါ။ ဒါပေမဲ့ တောင်ရဲ့ တခြားတဖက်က လူတွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ဆိုးဆိုးဝါးဝါး အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။"

" Konpira တောင်ကို ဖြတ်ပြီး လူအများအပြား ကျွန်မတို့ဘက် ထွက်ပြေးလာကြတယ်။ ဒီလူတွေဟာ မျက်လုံးတွေ ကျွတ်ထွက်၊ ဆံပင်တွေ ဖွာလန်ကြဲ၊ ဝတ်လစ်စလစ်နီးပါး ဖြစ်နေပြီး အရေပြားတွေလည်း ဆိုးဆိုးဝါးဝါး မီးလောင်ခံထားရပါတယ်။ "

" ရပ်ကွက်ထဲက တခြား အမျိုးသမီးတွေနဲ့ အတူ အိမ်ကနေ မျက်နှာသုတ်ပဝါတွေ၊ အိပ်ယာခင်းတွေ အမေက သွားယူလာတယ်။ နောက်တော့ သူတို့ လှဲလျောင်းလို့ ရနိုင်မယ့် အနီးအနားကစီးပွားရေး ကောလိပ်တခုရဲ့ နားနေဆောင်ကို အဲဒီလူတွေကို ခေါ်သွားပါတယ်။ "

"သူတို့က ရေတောင်းတယ်။ ကျွန်မဆီကိုလည်း ရေလာတောင်းတယ်။ ဒီတော့ ပန်ကန်လုံး အကွဲလေးတွေ့တာနဲ့ အနီးအနားက မြစ်ထဲသွားပြီး သူတို့ သောက်ဖို့ ကျွန်မ ရေသွားခပ်ပါတယ်။ "

"ရေတငုံသောက်ပြီတဲ့နောက် သူတို့ သေကြတယ်။ တယောက်ပြီး တယောက်ကို သေကြတာ။ "

"အဲဒီတုန်းက နွေရာသီလေ။ လောက်တွေတက်၊ အနံ့ဆိုးတွေ ထွက်တာကြောင့် ရုပ်အလောင်းတွေကို ချက်ချင်း သင်္ဂြိဟ်ကြရတယ်။ ကောလိပ်က ရေကူးကန်ထဲ အလောင်းတွေ စုပြုံထားပြီး ထင်းတိုထင်းစနဲ့ မီးသသင်္ဂြိုဟ်ခဲ့ကြတယ်။ "

"သူတို့ဘယ်သူတွေလဲဆိုတာ သိဖို့ မဖြစ်နိုင်ပါဘူး။ လူသားတယောက်လိုတောင် သူတို့ သေဆုံးမသွားခဲ့ရရှာဘူး။"

ဓာတ်ပုံ ပုံစာ,

ရီကို့ ကို ဖခင်ဖြစ်သူနဲ့ အစ်မ ဖြစ်သူတို့နဲ့ အတူတွေ့ရစဉ်

"ဒီလိုမျိုး အလားတူဖြစ်ရပ်မျိုး အနာဂတ်မျိုးဆက်တွေ ဘယ်တော့မှ မကြုံတွေ့ပါစေနဲ့လို့ ကျွန်မ မျှော်လင့်ပါတယ်။ နျူကလီးယားလက်နက်တွေ အသုံးပြုတာကို ဘယ်တော့မှ ခွင့်မပြုသင့်ဘူး။"

"ငြိမ်းချမ်းရေးကို ဖန်တီးတာက လူတွေပါ။ ကျွန်မတို့တွေ ဘယ်နိုင်ငံတွေမှာပဲ နေနေ၊ ဘာသာစကားတွေ ဘယ်လိုပဲ ကွဲကွဲ ငြိမ်းချမ်းမှုအတွက် ကျွန်မတို့တွေရဲ့ ဆုတောင်းစကားက အတူတူပါပဲ။ "

ဓာတ်ပုံ ပုံစာ,

ရီကို ဟာဒ