ဖိလစ်ပိုင်မှာ မြို့တော်မနီလာနဲ့ဝန်းကျင် လော့ဒေါင်းပြန်ချ

မဖြစ်မနေကိစ္စတွေအတွက်ပဲ မနီလာမြို့တော်မှာ အပြင်ထွက်ခွင့်ရမှာဖြစ်
ဓာတ်ပုံ ပုံစာ,

မဖြစ်မနေကိစ္စတွေအတွက်ပဲ မနီလာမြို့တော်မှာ အပြင်ထွက်ခွင့်ရမှာဖြစ်

ဖိလစ်ပိုင် ကိုရိုနာကူးစက်မှုတွေ ပြန်တိုးလာလို့ လော့ဒေါင်းပြန်ချလိုက်တဲ့အတွက် လူသန်းပေါင်းများစွာ နေအိမ်မှာပဲနေဖို့ အမိန့်ကို လိုက်နာရတော့မှာပါ။

မြို့တော်မနီလာနဲ့ ဘေးပတ်ဝန်းကျင် လူဇုံကျွန်းပေါ် က ခရိုင် လေးခုမှာ လော့းဒေါင်းအမိန့် ကို သီတင်း နှစ်ပတ် လိုက်နာကြဖို့ နှိုးဆော်ထားပါပြီ။

တကယ်တော့ ဖိလိပိုင် နိုင်ငံဟာ ပြီးခဲ့တဲ့ ဇွန်လကမှ တင်းကျပ် တဲ့ လော့ခ်ဒေါင်း ကနေ လွတ်လာတာပါ။ ဒါပေမယ့် အတည်ပြုလို့ ရတဲ့ ဗိုင်းရပ်စ် ကူးစက်မှု ဟာ ငါးဆ တိုးလာရာက လူနာပေါင်းလည်း တစ်သိန်း ကျော်လာတဲ့ အတွက် ဆေးရုံတွေ မှာ မနိုင်မနင်း ဖြစ်လာခဲ့ပါတယ်။

အခုတကြိမ် လော့ခ်ဒေါင်း မှာလည်း မိမိတို့ နေအိမ် အတွင်းမှာပဲ နေဖို့လိုပြီး လိုအပ်တဲ့ အစားအသောက် ဝယ်ဖို့ နဲ့ ပြင်ပ အားကစား လေ့ကျင့်ရေး အတွက် သာ ထွက်ခွင့်ပြုတာပါ။ အများပြည်သူ ခရီးသွားလုပ်ငန်းတွေ ကို ရပ်ဆိုင်းရာမှာလည်း ပြည်တွင်းလေကြောင်း ခရီးစဉ် တွေ ပါဖျက်သိမ်းထားလိုက်ပါပြီ။ စားသောက်ဆိုင်တွေ အနေနဲ့ တော့ ဆိုင်ထဲမှာ စားခွင့်မပြုဘဲ မိမိတို့ အိမ် မှာ စားဖို့ကိုပဲ ဝယ်ယူခွင့် သတ်မှတ်ထားပါတယ်။

အခုလို လော့ခ်ဒေါင်း အသစ်တဖန် ချမှတ်ဖို့ ဖြစ်လာရခြင်းကလည်း ဗိုင်းရပ်စ် ပြန့်ပွားနေမှု နှေးကွေးသွားအောင် တင်းကျပ်တဲ့ အရေးယူ ဆောင်ရွက်မှု ပြုဖို့ သမ္မတ ရိုဒရီကို ဒူတာတေး ကို ကျန်းမာရေး အဖွဲ့အစည်းပေါင်း ရှစ်ဆယ်က ပြီးခဲ့တဲ့ စနေနေ့ က နှိုးဆော် လိုက်လို့ ဖြစ်ပါတယ်။

တနင်္ဂနွေ နေ့ က ဆိုရင် စံချိန်တင်လောက်တဲ့ ကူးစက်မှု ၅၀၃၂ ခု ဖြစ်ပွားခဲ့လို့ပါ။ တချို့နေရာ တွေက ဆေးရုံတွေ ဆိုရင် လူနာတွေကို ပြန်လွှတ်ရတဲ့ အခြေအနေအထိ ဖြစ်လာခဲ့တာပါ။ ဆရာဝန်တွေ အနေနဲ့လည်း အခုလို စည်းကမ်းတင်းကျပ် မှုတွေ ပြန်လည် ချမှတ်ပေးတဲ့ အတွက် ဗိုင်းရပ်စ် ပြန့်ပွားလာမှု ကို ဆေးဝန်ထမ်းတွေ ကိုင်တွယ် ဖြေရှင်းရာမှာ အချိန် ပိုရမယ် လို့ မျှော်လင့်နေကြတာပါ။

အလုပ်သမားတွေ သောင်တင်နေ

၂၄ နာရီပဲ ကြိုတင်သတိပေးပြီး အင်္ဂါနေ့မှာ လော့ဒေါင်းချလိုက်တဲ့ အတွက် လူအများအပြားဟာ သူတို့နေထိုင်ရာ မြို့တွေဆီ ကို ပြန်လို့ မရဘဲ မနီလာမြို့မှာ သောင်တင် ပိတ်မိနေကြပါတယ်။ သူတို့လက်ထဲမှာ ပိုက်ဆံလည်း ပြတ်သွားပြီ၊ လေဆိပ်ထဲကလည်း မထွက်နိုင်၊ မြို့ထဲမှာလည်း ဆွေမျိုး မရှိတဲ့ အကြောင်း အသက် ၃၆ နှစ်အရွယ် ဆောက်လုပ်ရေး အလုပ်သမား ရူရယ်လ် ဒမာဆိုး က အေအက်ဖ်ပီ သတင်းထောက် ကို ပြောပါတယ်။ သူဟာ တောင်ပိုင်းမှာ ရှိတဲ့ ဇမ်ဘိုအန်ဂါ မြို့ ကို ပြန်ဖို့ ကြိုးစားတာပါ။

မနီလာမြို့တော် ရဲ့ တချို့ ရပ်ကွက်တွေ မှာလည်း မြို့ခံတွေ ဟာ အပြင်မထွက်ရ အမိန့် ဒုတိယ အကြိမ် မချမီမှာ စားသောက်စရာတွေ သိုမှီးကြတာ ကိုလည်း တွေ့ရပါတယ်။ ပထမ တစ်ခေါက် လော့ဒေါင်းလုပ်တာဟာ မတ်လလယ် ကနေ မေလ အထိ ဖြစ်တာမို့ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပိတ်ဆို့ခံရတဲ့ အမိန့် ကို နာခံရတဲ့ နိုင်ငံထဲ ပါဝင်ခဲ့ပါတယ်။

ဂျွန်စ် ဟော့ပ်ကင်း တက္ကသိုလ် ရဲ့ စါရင်း ပြုစုမှု အရ ကိုဗစ် နိုင်တင်းကြောင့် ဖိလိပိုင် မှာ သေဆုံးသူပေါင်း ၂၁၀၄ ရှိခဲ့ပါတယ်။