လက်ဘနွန်မှာ ပေါက်ကွဲမှုကြီးဖြစ်၊ လူဒါဇင်ချီသေဆုံးပြီး ထောင်ချီဒဏ်ရာရ

ဗီဒီယို ပုံစာ,

The moment a huge explosion rocked Beirut has been captured from many angles

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်မှာ ဧရာမ ပေါက်ကွဲမှုကြီး ဖြစ်ပွားလို့ အနည်းဆုံး လူ ၂၇ ဦး သေဆုံးပြီး လူ ၂၅၀၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ဆိပ်ကမ်းဧရိယာမှာ ဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုကြီး ဘာကြောင့် ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အွန်လိုင်းမှာတက်လာတဲ့ ဗီဒီယိုမှာတော့ မီးခိုးတန်းကြီးတက်လာပြီးနောက် မှိုပွင့်ပုံ အခိုးအငွေ့လုံးကြီး ဖြစ်လာတာကိုလည်း တွေ့ရပါတယ်။

ဆေးရုံတွေမှာ လူနာတွေ ပြည့်လျှံကုန်ပြီး အဆောက်အအုံ အတော်များများလည်း ပျက်စီးကုန်ပါတယ်။

ဓာတ်ပုံ ပုံစာ,

မီးခိုးလုံးတွေတက်လာခဲ့

ပေါက်ကွဲမှုအားကောင်းတဲ့ ပစ္စည်းတွေသိုလှောင်ထားတဲ့ နေရာမှာ ဒီပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ လက်ဘနွန် ပြည်တွင်းလုံခြုံရေး အကြီးအကဲက ပြောပါတယ်။

အဲဒီနေရာကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောရာမှာတော့ အလောင်းတွေနဲ့ ဆိုးဆိုးရွားရွား အပျက်အစီးတွေကြောင့် ဆိပ်ကမ်းလည်ပတ်မှုတွေ ရပ်ဆိုင်းသွားတယ်လို့ ပြောပါတယ်။

ဒီပေါက်ကွဲမှုက စီးပွားရေး အကျပ်အတည်းကြောင့် ပြဿနာဟောင်းတွေ ပြန်ပေါ်လာပြီး လက်ဘနွန် နိုင်ငံရေး အကဲဆတ်နေချိန်မှာ ဖြစ်ခဲ့တာပါ။

ဒါ့အပြင် ဝန်ကြီးချုပ်ဟောင်း ရာဖစ် ဟာရီရီကို ၂၀၀၅ ခုနှစ်မှာ သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး သောကြာနေ့မှာ တရားစီရင်ဖို့ရှိတာကြောင့်လည်း တင်းမာမှုတွေ မြင့်တက်နေပါတယ်။

ဓာတ်ပုံ ပုံစာ,

ဘေရွတ်က ပေါက်ကွဲတဲ့နေရာ

တချို့ သတင်းတွေကတော့ အခုပေါက်ကွဲမှုဟာ မတော်တဆဖြစ်ရပ်တစ်ခုလို့ ဆိုပါတယ်။ လက်ဘနွန်ရဲ့ နိုင်ငံတော်သတင်းအေဂျင်စီကတော့ အခုပေါက်ကွဲမှုကြီး မဖြစ်ခင်ကလေးမှာပဲ ဆိပ်ကမ်းမှာရှိတဲ့ ဖောက်ခွဲရေးပစ္စည်း သိုလှောင်ရုံတစ်ခုလို့ သူတို့ရည်ညွှန်းတဲ့ နေရာမှာ မီးလောင်မှုဖြစ်ခဲ့တယ်လို့ သတင်းထုတ်ပါတယ်။ ဒေသခံ မီဒီယာတချို့မှာလည်း အပျက်အစီးပုံတွေကြား လူတွေ ပိတ်မိနေတဲ့ ပုံတွေကို ပြသခဲ့ပါတယ်။

မျက်မြင်သက်သေတစ်ယောက်ကတော့ ပထမဆုံးပေါက်ကွဲမှုဟာ နားကွဲလုမတတ်ဖြစ်ခဲ့တယ်လို့ ပြောပြပါတယ်။ အွန်လိုင်းပေါ်တက်လာတဲ့ ဗီဒီယိုတွေမှာလည်း ကားတွေပျက်စီးနေတာနဲ့ ပေါက်ကွဲမှုကြောင့် အဆောက်အအုံတွေ ထိခိုက်ပျက်စီးနေတာတွေကို တွေ့ရပါတယ်။ သမ္မတမီရှဲအာဝန်က ထိပ်တန်းစစ်ကောင်စီ အစည်းအဝေးခေါ်ယူကျင်းပခဲ့တယ်လို့ သမ္မတရုံးရဲ့ တွစ်တာစာမျက်နှာမှာ ရေးထားပါတယ်။

ဝန်ကြီးချုပ်ကလည်း ဗုဒ္ဓဟူးနေ့ကို တစ်နိုင်ငံလုံးဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် ကြေညာခဲ့ပါတယ်။ ယူကေ နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရပ်ဘ်က သူတို့အစိုးရအနေနဲ့ ကူညီထောက်ပံ့မှုတွေ ပေးဖို့ အသင့်ပဲလို့ ပြောခဲ့သလို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကလည်း ပြင်သစ်ဘက်က အကူအညီပေးဖို့ အသင့်ပါလို့ ဆိုခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ပေါက်ကွဲမှုအပြီး မြင်ကွင်း