လက်ဘနွန်ပေါက်ကွဲမှုကြီးအပြီး ပျောက်ဆုံးနေသူ ၁၀၀ ကျော်ကို ကယ်ဆယ်ရှာဖွေနေ

ဗီဒီယို ပုံစာ,

"Now I'm shaking, all the way from up to down" - Eyewitnesses describe the power of the explosion

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် ဆိပ်ကမ်းတဝိုက်မှာ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ ဧရာမပေါက်ကွဲမှုကြီးအပြီး နောက်ထပ် ပျောက်ဆုံးနေဆဲ လူတွေကို ကယ်ဆယ်ရေးဝန်ထမ်းတွေက လိုက်လံ ရှာဖွေနေကြပါတယ်။

ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ၁၀၀ လောက် သေဆုံးခဲ့ပြီး နောက်ထပ် ၄၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် တစ်မြို့လုံး တုန်ခါသွားခဲ့ပြီး ဆိပ်ကမ်းနေရာက ကောင်းကင်မှာ မှိုပွင့်ပုံစံ မီးခိုးလုံးကြီး တက်လာတာကို တွေ့ခဲ့ရပါတယ်။

ဒီပေါက်ကွဲမှုဟာ ကုန်လှောင်ရုံတစ်ခုမှာ စည်းကမ်းမဲ့ သိုလှောင်ထားတဲ့ အမိုနီယမ် နိုက်တြိတ် ၂၇၅၀ တန်ကြောင့် ဖြစ်ခဲ့တာလို့ လက်ဘနွန် သမ္မတ မီရှဲလ် အောင်းက ပြောပါတယ်။

အမိုနီယမ် နိုက်တြိတ်ကို စိုက်ပျိုးရေး မြေသြဇာအနေနဲ့ သုံးကြပြီး ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ အရေးပေါ် ကက်ဘိနက်ဝန်ကြီး အစည်းအဝေး ခေါ်ယူဖို့ စီစဉ်ထားကြောင်းနဲ့ သီတင်းနှစ်ပတ်ကြာ အရေးပေါ် အခြေအနေ ကြေညာသင့်ကြောင်း သူက ပြောပါတယ်။

ဘယ်လိုဖြစ်ခဲ့တာလဲ

ဓာတ်ပုံ ပုံစာ,

ဘေရွတ်က ပေါက်ကွဲတဲ့နေရာ

အင်္ဂါနေ့ ညနေ ဒေသစံတော်ချိန် ညနေ ၆ နာရီကျော်လောက်မှာ အဲဒီဆိပ်ကမ်းမှာ မီးလောင်မှုတစ်ခု ဖြစ်ခဲ့အပြီး ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

မျက်မြင်သက်သေ ဟာဒီနက်ဆရာလာ က မီးလောင်တာကို သူတွေ့ခဲ့ပေမဲ့ ဒီလို ပေါက်ကွဲမှုကြီး ဖြစ်လာလိမ့်မယ်လို့တော့ မထင်ခဲ့မိကြောင်း ပြန်ပြောပြပါတယ်။

"ပေါက်ကွဲမှုကြီးကြောင့် ခဏလောက် ဘာမှမကြားနိုင်ဖြစ်သွားခဲ့တယ်။ တစ်ခုခု ဖြစ်ပြီဆိုတာ သိလိုက်တယ်။ အဲဒီနောက် ချက်ချင်းပဲ ကျွန်တော်တို့ ကားရော၊ အနားက ကားတွေရော၊ ဈေးဆိုင်တွေ၊ စတိုးဆိုင်တွေ၊ အဆောက်အအုံတွေပါ မှန်တွေ အက်ကွဲ လွင့်စင်ကုန်တယ်။ အဆောက်အအုံကြီးတွေက မှန်တွေအားလုံး ကွဲပြီး အောက်ကို ပြုတ်ကျလာတယ်"လို့ ဘီဘီစီကို ပြောပြပါတယ်။

ပေါက်ကွဲမှု ဖြစ်ချိန်မှာ ဆိပ်ကမ်းကနေ ကားနဲ့ မောင်းရင် ၅ မိနစ်လောက်အကွာ နေရာမှာ ရှိနေခဲ့တဲ့ ဘီဘီစီသတင်းထောက် လီနာ ဆင်ဂျပ်ဘ် က ပေါက်ကွဲမှုရဲ့ တုန်ခါမှုဒဏ်ကို သူခံစားမိတယ်လို့ ပြောပြပါတယ်။

"ကျွန်မရှိနေတဲ့ အဆောက်အအုံကြီးတစ်ခုလုံး တုန်ခါသွားပြီး ပြိုကျမလို ဖြစ်သွားခဲ့တယ်။ ပြတင်းပေါက်တွေအားလုံး ပွင့်ထွက်ကုန်တယ်" လို့ ပြောပြပါတယ်။

ပေါက်ကွဲမှုကြောင့် မိုင် ၁၅၀ အကွာ မြေထဲပင်လယ် အရှေ့ပိုင်း ဆိုက်ပရပ်စ်ကျွန်းအထိတောင် တုန်ခါသွားခဲ့ပြီး အဲဒီကလူတွေက ငလျင် လှုပ်တာလို့ ထင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ပုံစာ,

အပျက်အစီးတွေပေါ်ပျံနေတဲ့ လက်ဘနွန် စစ်တပ်ရဟတ်ယာဥ်

ပေါက်ကွဲမှုဖြစ်အပြီး အဲဒီနေရာကို အရောက်သွားဖို့အတွက် လမ်းမမှာ ပိတ်ဆို့နေတဲ့ ကားတွေကို ရှောင်တိမ်း ကျော်ဖြတ်နေတဲ့ လူနာတင်ယာဥ်တွေရဲ့ ဥသြသံတွေနဲ့ ဆူညံ ရှုပ်ယှက်ခတ်နေတယ်လို့ ဘီဘီစီ သတင်းထောက် ရာမီ ရူဟာယမ် က ပြောပြပါတယ်။

"မြောက်ဘက်ကနေ ဘေရွတ်မြို့ကို သွားတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ မှန်ကွဲစတွေ ဖုံးလွှမ်းနေပြီး အပျက်အစီး အစအနတွေကို ထရပ်ကားတစ်စင်းနဲ့ ရှင်းနေတာ တွေ့ခဲ့ရတယ်"

အပျက်အစီးပုံတွေအောက်မှာ လူတွေပိတ်မိနေပုံကို အဲဒီက သတင်းမီဒီယာတွေမှာ ထုတ်လွှင့် ဖော်ပြခဲ့ကြပြီး ထိခိုက်ပျက်စီးနေတဲ့ ကားတွေ၊ အဆောက်အအုံတွေရဲ့ပုံတွေကို ဗီဒီယိုတွေမှာ တွေ့ရပါတယ်။

ဆေးရုံတွေမှာလည်း လူနာတွေနဲ့ မနိုင်မနင်း ဖြစ်နေတယ်လို့ သိရပါတယ်။

လက်ဘနွန်နိုင်ငံဆိုင်ရာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အကြီးအကဲ ဂျော့ဂျ် ကက်တနီက ဒီပေါက်ကွဲမှုကို ကြီးမားတဲ့ ကပ်ဘေး ဖြစ်ရပ်ကြီးတစ်ခုလို ခိုင်းနှိုင်း ပြောဆိုခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နေရာတဝိုက်မှာ ထိခိုက်သေဆုံး၊ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။

လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး ပျောက်ဆုံးနေဆဲ နောက်ထပ် လူ ၁၀၀ ကျော်ကို ရှာဖွေ ကယ်ဆယ်ဖို့ လုပ်နေတယ်လို့ လက်ဘနွန်နိုင်ငံဆိုင်ရာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

အင်္ဂါနေ့ ညဘက်ရောက်တဲ့အထိ မီးခိုးတွေ ကောင်းကင်ပေါ် လွင့်တက်နေဆဲပဲလို့ သတင်းထောက် ဆွန်နီဗာ ရို့စ်က ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆိပ်ကမ်းနေရာတစ်ခုလုံးပျက်စီးသွားခဲ့

"တစ်မြို့လုံး မှောင်မည်းသွားပါတယ်။ လမ်းလျှောက်လို့ မရလောက်အောင် ဖြစ်နေပြီး လူတွေက သွေးတွေနဲ့ ဖုံးနေပါတယ်။ ဆရာဝန်တစ်ယောက် အရေးပေါ်ဆေးပစ္စည်းတွေနဲ့ အိမ်ထဲက ပြေးထွက်လာပြီး အသက် ၈၆နှစ်အရွယ် အဘွားကြီးကို ဆေးကုပေးနေတာကို တွေ့ခဲ့ရပါတယ်"

ဘာ့ကြောင့် ပေါက်ကွဲမှုကြီး ဖြစ်ခဲ့တာလဲ

အမိုနီယမ် နိုက်တြိတ်တွေ ထပေါက်ကွဲခဲ့ရတဲ့ အကြောင်းရင်းကို အတိအကျ ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှု တစ်ခု စလုပ်နေပြီလို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။ အဲဒီ အမိုနီယမ် နိုက်တြိတ်တွေကို ၂၀၁၃ ခုနှစ်က အဲဒီဆိပ်ကမ်းမှာ သင်္ဘောတစ်စင်းပေါ်ကနေ သိမ်းဆည်းမိခဲ့ပြီး ကုန်လှောင်ရုံတစ်ခုထဲ ပြောင်းရွှေ့ သိုလှောင်ထားခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

အမိုနီယမ် နိုက်တြိတ် ဆိုတာ ဘာလဲ

* စိုက်ပျိုးရေးလုပ်ငန်းတွေမှာ မြေသြဇာအဖြစ် အဓိက အသုံးပြုလေ့ရှိတဲ့ ကုန်ထုတ် ဓာတုပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။

* ဒါ့အပြင် မိုင်းလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဖောက်ခွဲပစ္စည်းတွေထဲမှာ ပါဝင်တဲ့ အဓိကပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။

* သူ့ချည်းသက်သက် မပေါက်ကွဲစေနိုင်ဘဲ အချိန်အခါ အခြေအနေ တရပ်မှာသာ ထပေါက်ကွဲတတ်တာပါ။

* ပေါက်ကွဲတဲ့အခါ နိုက်တြိုဂျင် အောက်ဆိုဒ်နဲ့ အမိုးနီးယား ဓာတ်ငွေ့ အပါအဝင် အဆိပ်ဓာတ်ငွေ့တွေ ထုတ်လွှတ်တတ်ပါတယ်။

* အမိုနီယမ် နိုက်တြိတ်ကို ဘယ်လို သိုလှောင်ရမလဲဆိုတာ စည်းမျဥ်းတွေ တင်းတင်းကျပ်ကျပ် ထုတ်ပြန်ထားပါတယ်။ မီးဘေးကနေ ကာကွယ်နိုင်တဲ့ နေရာမျိုးမှာ သိုလှောင်ရမှာ ဖြစ်ပြီး အမိုနီယမ် နိုက်တြိတ်ဓာတ်တွေ ခိုအောင်းနိုင်မယ့် မြောင်းတွေ၊ ပိုက်တွေ၊ လမ်းကြောင်းတွေ မရှိရပါဘူး။

အမိုနီယမ် နိုက်တြိတ် ဟာ အခြေအနေ တရပ်ရပ်အောက်မှာသာ ပေါက်ကွဲပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ ဗြိတိန်ထောက်လှမ်းရေးအရာရှိဟောင်း ဖိလစ် အင်ဂရမ်က ဘီဘီစီကို ပြောပါတယ်။

အသေအချာ သိမ်းဆည်း သိုလှောင်ထားမယ် ဆိုရင် အထိုက်အလျောက် စိတ်ချရပေမဲ့ နေရာကျဉ်းကျဉ်းလေးမှာ ဆိုရင်တော့ လောင်စာဆီလို ပစ္စည်းတွေနဲ့ ထိမိရင် ပေါက်ကွဲနိုင်တယ်လို့ သူက ပြောပါတယ်။

ဒီပေါက်ကွဲမှုမှာ တာဝန်ရှိခဲ့သူတွေ အနေနဲ့ အမြင့်ဆုံး ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရမယ်လို့ လက်ဘနွန် တရားရုံးချုပ် ကာကွယ်ရေးကောင်စီက ပြောပါတယ်။

နောက်ခံသမိုင်းကြောင်း

လက်ဘနွန်နိုင်ငံမှာ အတိမ်းအစောင်းမခံတဲ့ အချိန်မျိုးမှာ ဒီပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့အတွက် ဆေးရုံတွေမှာ လူနာတွေနဲ့ မနိုင်မနင်း ဖြစ်နေပြီးသားပါ။ အခုတစ်ခါ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရထားတဲ့ လူနာ ထောင်ပေါင်းများစွာကို ကုပေးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေပါတယ်။

လက်ဘနွန်နိုင်ငံဟာ စီးပွားရေးအကြပ်အတည်းနဲ့လည်း ရင်ဆိုင်နေရတာပါ။ လက်ဘနွန်နိုင်ငံဟာ စားနပ်ရိက္ခာအများစုကို ပြည်ပက တင်သွင်းရတာဖြစ်ပီး ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အဲဒီဆိပ်ကမ်းမှာ သိုလှောင်ထားတဲ့ ဂျုံစပါးပမာဏ အများအပြား ပျက်စီးသွားခဲ့တဲ့အတွက် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

အကြီးအကျယ် ပျက်စီးသွားခဲ့တဲ့ အဲဒီဆိပ်ကမ်းရဲ့ အနာဂတ်က မရေမရာဖြစ်နေပြီး အဆောက်အအုံတွေ၊ အိမ်တွေ အတော်များများဟာ မှန်ကွဲစတွေ၊ အပျက်အစီးပုံတွေကြားမှာ လူနေလို့ မရတော့လောက်အောင် ပျက်စီးသွားတဲ့အတွက် အဲဒီနေရာက လူအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ကြပါတယ်။

အရေးပေါ်ထောက်ပံ့ငွေ ဒေါ်လာ ၆၆ သန်း အစိုးရက ထုတ်ပေးမယ်လို့ သမ္မတ အောင်းက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဒီပေါက်ကွဲမှုရဲ့ စီးပွားရေး ရိုက်ခတ်မှုဒဏ်က အတော်ကြာလိမ့်မယ်လို့ ယူဆရပါတယ်။

အခုပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နေရာဟာ ၂၀၀၅ ခုနှစ်တုန်းက သမ္မတ ရာဖစ် ဟာရီရီ လုပ်ကြံခံခဲ့ရတဲ့ ကားဗုံးဖောက်ခွဲမှု ဖြစ်ခဲ့ရာ နေရာနားမှာပါ။ မစ္စတာ ဟာရီရီကို လုပ်ကြံမှုမှာ ကြိုးကိုင် စီစဉ်ခဲ့မှုနဲ့ စွပ်စွဲခံထားရသူ လူ ၄ဦးရဲ့အမှုကို နယ်သာလန်နိုင်ငံ အထူးတရားရုံးတစ်ခုမှာ သိပ်မကြာခင် အမိန့် ချမှတ်ဖို့ ရှိပါတယ်။

ဒီပေါက်ကွဲမှုကြီးမတိုင်ခင်မှာကတည်းက လက်ဘနွန်မှာ တင်းမာမှုတွေ မြင့်တက်နေပြီး ၁၉၇၅-၁၉၉၀ ပြည်တွင်းစစ်ကြီး ပြီးကတည်းက အဆိုးဝါးဆုံး ဖြစ်ခဲ့တဲ့ စီးပွားရေး အကြပ်အတည်းကြီးအပေါ် အစိုးရရဲ့ ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်လို့ လူတွေ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ရှိနေပါတယ်။

ဓာတ်ပုံ ပုံစာ,

လက်ဘနွန်မြို့လယ်မှာ ၂၀၁၉ အောက်တိုဘာမှာ လုပ်ခဲ့တဲ့ အစိုးရဆန့်ကျင်ဆန္ဒပြပွဲ

လက်ဘနွန် နိုင်ငံရေးလောကကို အထက်တန်းလွှာကြီးစိုးတဲ့ အစိုးရက နှစ်ပေါင်းများစွာ လွှမ်းမိုးထားပြီး နိုင်ငံရဲ့ ပြဿနာ အကြပ်အတည်းတွေကို ဖြေရှင်းဖို့ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ရမယ့်အစား သူတို့ဟာသူတို့ ချမ်းသာသထက် ချမ်းသာအောင် လုပ်နေကြတယ်လို့ ပြည်သူအတော်များများက ပြစ်တင်ဝေဖန်နေကြတာပါ။

လျှပ်စစ်မီး ပြတ်တောက်တာတွေ၊ သန့်ရှင်းတဲ့ သောက်သုံးရေ ချို့တဲ့တာတွေ၊ ကျန်းမာရေးဝန်ဆောင်မှု အားနည်းတာတွေနဲ့ လက်ဘနွန်လူထု ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် အစ္စရေးနဲ့ နယ်စပ်မှာလည်း တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။ လက်ဘနွန်မှာ အတော်အတန် သြဇာရှိတဲ့ ဟက်ဇ်ဘိုလာ ရှီအာ အစ္စလာမစ်လက်နက်ကိုင်အဖွဲ့ အစ္စရေးနယ်မြေထဲ ထိုးဖောက်ဝင်လာဖို့ ကြိုးပမ်းမှုတစ်ခုကို အစ္စရေးအစိုးရက အချိန်မီ တားဆီးနိုင်ခဲ့တယ်လို့ အစ္စရေးအစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ဖော်ပြောထားခဲ့ပါတယ်။

ဒါပေမဲ့ အခုဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ အစ္စရေးနဲ့ ဘာမှ ဆက်နွှယ်ပတ်သက်မှု မရှိဘူးလို့ အစ္စရေး အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။