ထရမ့်က TikTok အပြင် ဘာတွေကို ထပ်ပြီး ပိတ်နိုင်သေးလဲ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက WeChat ဆက်သွယ်ရေး အက်ပ် ကိုလည်း ထည့်သွင်း ဝေဖန်ခဲ့

ဓာတ်ပုံ ရင်းမြစ်, ALAMY/EPA/ALAMY

ဓာတ်ပုံ ပုံစာ,

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက WeChat ဆက်သွယ်ရေး အက်ပ် ကိုလည်း ထည့်သွင်း ဝေဖန်ခဲ့

တရုတ်ကုမ္ပဏီ ByteDance ပိုင် TikTok တစ်တော့ လူမှုကွန်ရက် ဖျော်ဖြေတဲ့ အက်ပ် ကို ပြည်တွင်းမှာ ပိတ်ပင်မယ်လို့ ခြိမ်းခြောက်ထားတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ တစ်တော့သာမက WeChat ကိုလည်း အမေရိကန်ရဲ့ အချုပ်အချာအာဏာ ပိုင်နက်အတွင်းမှာ ဘယ်လို ငွေကြေး အခြေခံတဲ့ ဆက်ဆံမှုမျိုးမှ မလုပ်ရဘူးဆိုတဲ့ အမိန့်ကို သြဂုတ်လ ၆ ရက်နေ့က ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ သမ္မတ အမိန့်ဟာ ထုတ်ပြန်တဲ့ အချိန်ကစလို့ ၄၅ ရက်မှာ အာဏာတည်မှာ ဖြစ်ပြီး ဒါဟာ တစ်တော့ကို ကန့်သတ်မှု လုပ်တာသာမက တစ်တော့ကို ဝယ်ယူဖို့ ပြင်ဆင်နေတဲ့ အမေရိကန် ကုမ္ပဏီ Microsoft ကိုလည်း အဲဒီ ၄၅ ရက်အတွင်း ဒီဝယ်ယူမှု အလျင်အမြန် ဖြစ်မြောက်အောင် ဖိအားပေးတဲ့ သဘောလည်း သက်ရောက်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

အမေရိကန်သမ္မတ ထရမ့်နဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဆက်တရာ နာဒဲလာ တို့ဟာလည်း တစ်တော့ ဝယ်ယူမှုကို အဲဒီ ၄၅ ရက် မပြည့်ခင် ကာလဖြစ်တဲ့ လာမယ့် စက်တင်ဘာလ ၁၅ ရက် မှာ အပြီးသတ် လုပ်ဆောင်ဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ အခုလို အမိန့်ထုတ်မှု အပေါ် တစ်တော့ ကုမ္ပဏီက နည်းမျိုးစုံ သုံးပြီး ဖြေရှင်းသွားမှာဖြစ်ပြီး တရားဥပဒေအရ မျှတမှု ရှိမရှိ သုံးသပ်မယ်လို့ ပြောဆိုခဲ့သလို ဝီချက်ကလည်း ထရမ့်ရဲ့ အမိန့်ကို ပြန်လည် သုံးသပ်နေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TENCENT

ဓာတ်ပုံ ပုံစာ,

တရုတ်ကွန်မြူနစ်ပါတီကလည်း ဝီချက်ကို အသုံးပြုပြီး ပြည်ပရောက် တရုတ်နိုင်ငံသားတွေကို ဝါဒဖြန့်တဲ့ နေရာမှာ အဓိက အသုံးပြုနေတယ်လို့ စွပ်စွဲမှုတွေ ရှိနေ

တစ်တော့အပြင် အမေရိကန်က ဘယ်တရုတ်ပိုင် အက်ပ်တွေအကြောင်း ဝေဖန်ထားသလဲ

တစ်တော့သာမက အခြား တရုတ်ပိုင် အက်ပ်တွေနဲ့ ဆော့ဖ်ဝဲ အခြေစိုက် ဝန်ဆောင်မှုတွေကိုလည်း အမေရိကန်အစိုးရက ပိတ်ပင်နိုင်ဖွယ် ရှိနေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုကလည်း တစ်တော့နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတဲ့ အချိန်မှာ တရုတ်ကုမ္ပဏီ Tencent ပိုင်ဆိုင်တဲ့ WeChat ဆက်သွယ်ရေး အက်ပ် ကိုလည်း ထည့်သွင်း ဝေဖန်ခဲ့ပါတယ်။

တရုတ်အက်ပ် ဝီချက်ကို လူမှုကွန်ရက် ဆက်သွယ်ရေး အက်ပ်အဖြစ် အများက ယေဘုယျ ယူဆထားကြပေမယ့် လက်တွေ့မှာ ငွေချေတာ၊ အက်ပ်အတွင်းမှာ နောက်ထပ် တွက်ချက်လုပ်ဆောင်မှု အသေးစားလေးတွေ လုပ်နိုင်တာ၊ ကြင်ယာရှာတာနဲ့ သတင်းအချက်အလက် ရယူတာတွေကိုလည်း လုပ်နိုင်တဲ့ အက်ပ် ဖြစ်ပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဒီ အက်ပ်ရဲ့ လုပ်နိုင်စွမ်းတွေ ကျယ်ပြန့်လှတာကြောင့် အက်ပဲရဲ့ iOS နဲ့ Android လို ပင်မစနစ် ဆန်တဲ့ အသုံးပြုမှု ရှိတယ်လို့လည်း ယူဆနိုင်ပါတယ်။

ထောက်လှမ်းရေးအတွက်ပါ သုံးနေလား

ဒါတင်မကသေးပဲ တရုတ်ပြည်တွင်း ထောက်လှမ်းရေးလုပ်ရာမှာ ဝီချက်က အဓိကကျတဲ့ ကိရိယာတခုလို့လည်း ယူဆထားကြပြီး သတင်းမှားတွေ ဖြန့်ချိတယ်လို့ စွပ်စွဲခံရတဲ့ တရုတ်ပြည်တွင်း အသုံးပြုသူတွေ အနေနဲ့ မျက်နှာနဲ့ အသံကို မှတ်တမ်းတင် စာရင်းသွင်းပေးဖို့ လိုအပ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီကလည်း ဝီချက်ကို အသုံးပြုပြီး ပြည်ပရောက် တရုတ်နိုင်ငံသားတွေကို ဝါဒဖြန့်တဲ့ နေရာမှာ အဓိက အသုံးပြုနေတယ်လို့လည်း စွပ်စွဲမှုတွေ ရှိနေပါတယ်။

၂၀၂၀ အစောပိုင်းမှာ သြစတြေးလျ မဟာဗျူဟာမြောက် မူဝါဒ ဖော်ဆောင်ရေးအဖွဲ့ (ASPI) က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအရ ဒီ ဝီချက် အက်ပ် အတွင်းက ဖွဲ့ထားတဲ့ အုပ်စု (WeChat groups) တွေဟာ ပုံမှန်အားဖြင့် အသုံးပြုသူတွေကို အားလပ်ရက် ခရီး အကြံပေးတာ၊ ကောင်းတဲ့ စားသောက်ဆိုင် အကြံပေးတာနဲ့ အခြား နိစ္စဓူဝ ကိစ္စတွေ အတွက် အကြံပေးတာတွေ လုပ်လေ့ရှိပေမယ့် အရေးကိစ္စတခု ကြုံလာတဲ့အချိန်မှာ တရုတ်အစိုးရနဲ့ လမ်းကြောင်းတူတဲ့ နိုင်ငံရေး သတင်းစကား ဖြန့်တာတွေ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ကနေဒါနိုင်ငံ တိုရွန်တို တက္ကသိုလ်က ထူထောင်တဲ့ ကနေဒါပြည်သူ့စမ်းသပ်သုတေသန အဖွဲ့က လုံခြုံရေးဆိုင်ရာ သုတေသီတွေရဲ့ လတ်တလော လေ့လာမှုမှာ ဆိုရင်လည်း တရုတ်ပြည်တွင်းမှာ မှတ်ပုံတင်ထားတာ မဟုတ်တဲ့ ဝီချက်အကောင့် ပိုင်ရှင်တွေက ဝီချက်အတွင်း ပေးပို့တဲ့ စာရွက်စာတမ်းနဲ့ ဓာတ်ပုံတွေဟာ တရုတ်နိုင်ငံရေးအတွက် အထိအခိုက် မခံနိုင်တဲ့ အရာတွေ ဟုတ်မဟုတ် တရုတ်အာဏာပိုင်တွေက ဘယ်လို စိစစ်တယ်ဆိုတာကို အသေးစိတ် ဖော်ပြထားပါတယ်။

တရုတ်ပြည်မှာ မှတ်ပုံတင်ထားတာ မဟုတ်တဲ့ ဝီချက်အကောင့်ပိုင်ရှင်တွေ ပိတ်ပင်ခံရတာမျိုး ဒီလေ့လာမှုမှာ မတွေ့ခဲ့ရဘူး ဆိုပေမယ့် ဝီချက်အတွင်းက အချက်အလက်တွေကို တရုတ်ပြည်တွင်း ကန့်သတ် ပိတ်ပင်မှုတွေ ပိုပြီး တိကျအောင် လုပ်ရာမှာ တရုတ်အာဏာပိုင်တွေက အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ဝီချက်ကို ပိုင်ဆိုင်တဲ့ တန်းဆန့်ကုမ္ပဏီကတော့ တရုတ်ပြည်ပြင်ပ ဝီချက် အသုံးပြုသူတွေ အချင်းချင်း ဝေငှတဲ့ အချက်အလက်တွေကို သီးသန့် ထားရှိတယ်လို့ ပြောဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BAIDU

ဓာတ်ပုံ ပုံစာ,

Google Map နဲ့ Google Translate တို့နဲ့ အပြိုင် တည်ထောင် ထားတယ်လို့ ယူဆထားတဲ့ Baidu Map နဲ့ Baidu Translate တို့ကို အိန္ဒိယက ပိတ်ပင်ထား

ဝီချက်အပြင် အခြားအပိတ်ခံရနိုင်ခြေရှိသည့် တရုတ်ပိုင် အက်ပ်များ

တရုတ်နဲ့ နယ်စပ်ပြဿနာရှိနေတဲ့ အိန္ဒိယအစိုးရက တရုတ်ပိုင် အက်ပ်တွေ ပိတ်ပင်မှုကို ကြည့်ခြင်းအားဖြင့်လည်း အမေရိကန်က ဘယ်လို တရုတ်ပိုင် အက်ပ်တွေကို ပိတ်ပင်နိုင်တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

အိန္ဒိယအစိုးရဟာ လတ်တလောမှာ တစ်တော့နဲ့ ဝီချက် အပါအဝင် တရုတ်နဲ့ ဆက်စပ်နေတဲ့ အက်ပ် ၅၉ ခုကို ပိတ်ပင်ထားပြီး အိန္ဒိယနိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ လုံခြုံရေးကို ထိခိုက်လို့ အခုလို ပိတ်ပင်ရတာလို့ ပြောဆိုထားပါတယ်။

အိန္ဒိယက ပိတ်ပင်ထားတဲ့ အထဲမှာ နာမည်ကြီး တရုတ်အက်ပ်တွေ ပါဝင်ပြီး Google Map နဲ့ Google Translate တို့နဲ့ အပြိုင် တည်ထောင် ထားတယ်လို့ ယူဆထားတဲ့ Baidu Map နဲ့ Baidu Translate တို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် တွစ်တာလို လူမှုကွန်ရက်စာမျက်နှာနဲ့ ဆင်တူတဲ့ Weibo ကိုလည်း အိန္ဒိယက ပိတ်ပင်ထားပြီး Clash of Kings နဲ့ Mobile Legends Bang Bang တို့လို ဂိမ်းတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် CamScanner လို စာရွက်စာတမ်းတွေကို ဓါတ်ပုံရိုက် မှတ်တမ်းယူတဲ့ အက်ပ်နဲ့ QQMail လို အီးမေးနဲ့ ဖိုင် အလွှဲအပြောင်း လုပ်ပေးနိုင်တဲ့ အက်ပ်တွေကိုလည်း အိန္ဒိယက ပိတ်ပင်ထားပါတယ်။

အိန္ဒိယက အခုလို ပိတ်ပင်ထားတဲ့ အက်ပ်တချို့ရဲ့ ပိုင်ရှင်တွေကို မှတ်ချက်ပေးဖို့ ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရခဲ့ပါဘူး။

အိန္ဒိယရဲ့ အခုလို ပိတ်ပင်မှုဟာ အမှန်တကယ် လုံခြုံရေး ထိခိုက်မှာ စိုးရိမ်မှုကြောင့် ဆိုတာထက် ပြည်တွင်းက ဆော့ဖ်ဝဲ ထုတ်သူတွေကို အလားတူ အရေးပါတဲ့ အက်ပ်တွေ ကိုယ်ပိုင် ထုတ်လုပ်နိုင်လာအောင် အားပေးတာလည်း ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတဦးက သုံးသပ်ထားပါတယ်။

ယူကေအခြေစိုက် ချက်တမ်ဟောက်စ်လို့ ခေါ်တဲ့ မူဝါဒနဲ့ သုတေသန ဖော်ဆောင်ရေးအဖွဲ့က အကြီးတန်း သုတေသီ ဂရတ်သ် ပရိုက်စ်က အိန္ဒိယအနေနဲ့ တရုတ်ဘက်က လွှမ်းမိုးမှုတွေကို အဆုံးသတ်ပြီး သီးခြားရပ်တည်လိုကြောင်း တရုတ်ကို အချက်ပြလိုက်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယပြည်တွင်းသတင်းတွေအရဆိုရင် အိန္ဒိယအစိုးရက နောက်ထပ် တရုတ်အက်ပ် ၂၇၅ ခုအထိ ပိတ်ပင်နေတယ်လို့ ဆိုပြီး အဲဒီအထဲမှာ အမေရိကန်နိုင်ငံသားတွေနဲ့ ပိုပြီး တရင်းတနှီးရှိနိုင်တဲ့ အက်ပ်တွေ ပါဝင်နေပါတယ်။

အက်ပ်တွေသာမက ဂိမ်းတွေပါ ပါလာနိုင်

အဲဒီအထဲမှာ အွန်လိုင်းက ကုန်ပစ္စည်းရောင်းချတဲ့ တရုတ်ကုမ္ပဏီကြီး အလီဘာဘာရဲ့ Aliexpress ဈေးဝယ် အက်ပ်၊ မာဗယ် စတူဒီယိုက သူရဲကောင်းတွေကို အခြေခံတဲ့ ဂိမ်းတွေ အပါအဝင် တခြား ဂိမ်းတွေ ထုတ်လုပ်တဲ့ နက်အိစ်ရဲ့ ဂိမ်း အက်ပ်တွေ၊ ဝီချက်ပိုင် တန်းဆန့် ကုမ္ပဏီက ထုတ်လုပ်တဲ့ Player Unknown Battlegrounds (PUBG) ဖုန်း ဂိမ်းအက်ပ်တွေနဲ့ ရှောက်မီ ဖုန်းကုမ္ပဏီက ထုတ်လုပ်တဲ့ မီ နာမည်တပ် အက်ပ်တွေလည်း ပါဝင်ပါတယ်။

အခုလို တရုတ်ကုမ္ပဏီတွေက ပိုင်ဆိုင်တဲ့ အက်ပ်တွေသာမက Clash of Clans ဂိမ်းကို ထုတ်လုပ်တဲ့ ဖင်လန်အခြေစိုက် ကုမ္ပဏီ ဆူပါဆဲလ်မှာလည်း တရုတ်ပိုင် တန်းဆန့်ကုမ္ပဏီက ရှယ်ယာတော်တော်များများ ထည့်ဝင်ထားတဲ့အတွက် ဒီဂိမ်းကို အိန္ဒိယအစိုးရက ပိတ်ပင်နိုင်တယ်လို့ အိန္ဒိယ မီဒီယာတွေက ဖော်ပြနေကြပါတယ်။

အမေရိကန်ကလည်း အလားတူ ပိတ်ပင်မှုတွေ လုပ်လာမယ်ဆိုရင် တရုတ်ရဲ့ ရှယ်ယာထည့်ဝင်မှုတွေ ရှိထားတဲ့ Riot Games ကုမ္ပဏီထုတ် League of Legends ဂိမ်းနဲ့ Epic Games ကုမ္ပဏီထုတ် Fortnite ဂိမ်းတွေပါ အပိတ်ခံရတဲ့ အထဲ ပါလာနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YOUCAM

ဓာတ်ပုံ ပုံစာ,

မိတ်ကပ် အလှအပ ဆိုင်ရာ YouCam အက်ပ်လည်း အိန္ဒိယက ပိတ်ပင်ထားတဲ့ အက်ပ်တွေထဲမှာ ပါဝင်

မျက်နှာကို သိမှတ်ထားနိုင်တဲ့ အက်ပ်တွေကို ပိတ်မှာလား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက လူတဦးချင်းရဲ့ မျက်နှာအနေအထားကို သိမှတ်ထားနိုင်တဲ့ တရုတ်ပိုင် အက်ပ်တွေဟာလည်း စိုးရိမ်စရာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မစ္စတာ ပွန်ပေယိုက အခုလို ပြောဆိုခဲ့ရာမှာ ဘယ်တရုတ်ပိုင် အက်ပ် နာမည်ကိုမှ ထည့်သွင်းပြောဆိုတာ မရှိခဲ့ပေမယ့် ဒီလို မျက်နှာကို သိမှတ်ထားနိုင်တဲ့ တရုတ်ပိုင် အက်ပ် အတော်များများ ရှိနေပါတယ်။

တရုတ် လူမှု ကွန်ရက် စာမျက်နှာ Kwai နဲ့ မိတ်ကပ် အလှအပ ဆိုင်ရာ YouCam အက်ပ်တို့ နှစ်ခုစလုံးဟာ အခုလို မျက်နှာ အနေအထားကို သိမှတ်ထားနိုင်ပြီး အိန္ဒိယက ပိတ်ပင်ထားတဲ့ အက်ပ်တွေထဲမှာလည်း ပါဝင်ပါတယ်။

Zoom ဆက်သွယ်ရေး အက်ပ်တောင် အပိတ်ခံရတဲ့အထဲ ပါလာနိုင်သလား

ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် နိုင်ငံတကာမှာ လူချင်းမဆုံနိုင်ဘဲ ပြောဆို ဆက်ဆံ အလုပ်လုပ်နေကြတဲ့ ကာလအတွင်းမှာ အသုံးများလာတဲ့ ရုပ်သံဆက်သွယ်ပေးတဲ့ Zoom အက်ပ် ကို ထူထောင်သူဟာ တရုတ်နိုင်ငံမှာ မွေးဖွားသူ စွန့်ဦးစီးပွားရေး လုပ်ငန်းရှင် အဲရစ်ယွမ်ဖြစ်ပါတယ်။

ဇွန်းအက်ပ်ဟာ တချို့ဆက်သွယ်မှုတွေကို တရုတ်ပြည်အခြေစိုက် ကွန်ပြူတာတွေကတဆင့် မှားယွင်းပြီး တဆင့်ခံစေတဲ့အတွက် ဝေဖန်ခံရတာတွေ ရှိခဲ့ပြီး တရုတ်ပြည်ပြင်ပမှာ တရုတ်အစိုးရကို ဝေဖန်မှုတွေလုပ်တဲ့ အစည်းအဝေးဦးစီးသူတွေရဲ့ အကောင့်တွေကို ပိတ်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ဇွန်း ကုမ္ပဏီအနေနဲ့ တရုတ်ပြည်တွင်းက အသုံးပြုသူတွေကို တိုက်ရိုက်ဝန်ဆောင်မှုပေးမှာ မဟုတ်ပဲ လာမယ့် သြဂုတ်လ ၂၃ ရက်နေ့ကစပြီး ပြည်တွင်းက ရှိပြီးသား ကုမ္ပဏီတွေက တဆင့်ပဲ ဝန်ဆောင်မှုပေးမယ်လို့လည်း မကြာသေးခင်က ကြေညာထားပါတယ်။

ဒီလို ကြေညာမှုဟာ တရုတ်အက်ပ်တွေကို အမေရိကန်က ပိတ်ပင်ဖို့ လုပ်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်သွားတာလို့ ယူဆစရာ ရှိပါတယ်။

ဘာပဲပြောပြော နည်းပညာကုမ္ပဏီတွေ အနေနဲ့ တခြားနိုင်ငံတွေ အပေါ် သစ္စာခံထား မထား အမေရိကန်အစိုးရဘက်က မေးခွန်းထုတ်စရာ အခြေအနေတွေကို အခုလို ကာလမျိုးမှာ သတိထား ရှောင်ရှားကြနိုင်စရာ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CloudMinds

ဓာတ်ပုံ ပုံစာ,

အင်တာနက်အခြေစိုက် စက်ရုပ်ထိန်းချုပ် ကိရိယာတွေ ရောင်းချတဲ့ CloudMinds တရုတ်ကုမ္ပဏီလည်း အမေရိကန်နည်းပညာတွေ ဝယ်ယူအသုံးပြုခွင့် လတ်တလော ပိတ်ပင်ခံရ

ယခင် အမေရိကန်အစိုးရက တရုတ်ကုမ္ပဏီတွေ အပေါ် ပိတ်ပင်မှုများ

အမေရိကန်အစိုးရက တရုတ်ကုမ္ပဏီတွေကို ပိတ်ပင်မှုတွေ လုပ်တဲ့ ကိစ္စဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ အမေရိကန်အစိုးရက ဒါဇင်နဲ့ချီတဲ့ တရုတ်ကုမ္ပဏီတွေကို စီးပွားရေး အမည်မည်းစာရင်းသွင်းခဲ့ပြီး အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက်မရပဲ ဒီကုမ္ပဏီတွေကို အမေရိကန်နည်းပညာတွေ မရောင်းဖို့ ကန့်သတ်ခဲ့ပါတယ်။

အခုလို ကန့်သတ်ခံရတဲ့အထဲမှာ လတ်တလော ပါဝင်လာတဲ့ တရုတ်ကုမ္ပဏီတွေကတော့ Qihoo 360 အွန်လိုင်း လုံခြုံရေး ကုမ္ပဏီ၊ ရုပ်သံဖမ်းစက်တွေ ထုတ်လုပ်တဲ့ NetPosa Technologies ကုမ္ပဏီ၊ အင်တာနက်အခြေစိုက် စက်ရုပ်ထိန်းချုပ် ကိရိယာတွေ ရောင်းချတဲ့ CloudMinds ကုမ္ပဏီ၊ လူတဦးချင်းရဲ့ အသံကို ခွဲခြားမှတ်မိနိုင်တဲ့ ဝန်ဆောင်မှုပေးတဲ့ iFlyTek ကုမ္ပဏီနဲ့ လူတဦးချင်းရဲ့ မျက်နှာကို သိမှတ်ခွဲခြားနိုင်တဲ့ ကိရိယာတွေ ဝန်ဆောင်မှုပေးတဲ့ Megvii နဲ့ Sensetime ကုမ္ပဏီတို့ ဖြစ်ပါတယ်။

တရုတ်အစိုးရကတော့ အမေရိကန်ရဲ့ ဒီလို ကန့်သတ်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး အမေရိကန်ဘက်က အခုလို မှားယွင်းလုပ်ဆောင်တာတွေကို ပြန်လည် ပြင်ဆင်ဖို့ တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

တရုတ်အစိုးရဟာ အမေရိကန်ဘက်က အခုလို တရုတ်ကုမ္ပဏီ နာမည်နဲ့တကွ အတိအကျ ပိတ်ပင်တာမျိုးကို တန်ပြန်ဖို့အတွက် စိတ်မချရတဲ့ အမေရိကန် ကုမ္ပဏီ စာရင်း ပြုစုနေတယ်လို့ ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းလောက်ကထဲက ပြောဆိုထားပေမယ့် ကုမ္ပဏီနာမည် အတိအကျ တခုခုကို ထုတ်ဖော်ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။