TikTok က ဘယ်လို နာမည်ကျော်လာခဲ့ပြီး ဘာ့ကြောင့် နိုင်ငံတော်လုံခြုံရေး စိုးရိမ်စရာ ဖြစ်သွားသလဲ

ByteDance ဟာ သီချင်းလိုက်ဆိုတာနဲ့ ဟာသလုပ်တဲ့ ရုပ်သံအတိုလေးတွေ တင်တာနဲ့ လူသိများတဲ့ musical.ly ဆိုတဲ့ အက်ပ်ကို ဝယ်ယူပြီး ၂၀၁၈ ခုနှစ်မှာ တစ်တော့ ထူထောင်
ဓာတ်ပုံ ပုံစာ,

ByteDance ဟာ သီချင်းလိုက်ဆိုတာနဲ့ ဟာသလုပ်တဲ့ ရုပ်သံအတိုလေးတွေ တင်တာနဲ့ လူသိများတဲ့ musical.ly ဆိုတဲ့ အက်ပ်ကို ဝယ်ယူပြီး ၂၀၁၈ ခုနှစ်မှာ တစ်တော့ ထူထောင်

TikTok အက်ပ်ဟာ ၂ နှစ် အတွင်းမှာ သန်းရာထောင်ချီတဲ့ အသုံးပြုသူတွေကို ဆွဲဆောင်နိုင်ခဲ့ပြီးကာမှ လက်ရှိအချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်တွင်းမှာ ပိတ်ပင်ဖို့အထိ လုပ်လာတဲ့ အခြေအနေကို ကြုံနေရပြီ ဖြစ်ပါတယ်။

တစ်တော့ကို နိုင်ငံတကာမှာ စတင် လူသိများလာစေတဲ့ ဗီဒီယိုတစ်ခု ရှိပြီး အဲဒီ ဗီဒီယိုဟာ ယူကေ အခြေစိုက် အဆိုတော် အဒဲလ်ရဲ့ သီချင်းဆိုသံနဲ့အတူ မီးမှိန်မှိန် လင်းနေတဲ့ စင်မြင့်ပေါ်မှာ သီချင်းဆိုဟန် လုပ်နေတဲ့ ဝက်ဝံပုံစံ စားစရာ ဂျယ်လီ အရုပ်နီကလေးနဲ့ အစချီထားပါတယ်။

ဒီဗီဒီယိုမှာ ဝက်ဝံပုံစံ ဂျယ်လီ အရုပ်နီလေးနဲ့ အတူ အဒဲလ်ရဲ့ Someone Like You သီချင်းကို လိုက်ဆိုနေကြတဲ့ အခြား ရောင်စုံ စားစရာ ဂျယ်လီ ဝက်ဝံရုပ်ကလေးတွေကိုလည်း ပြထားပြီး ချစ်စရာကောင်းတဲ့ အပြင် ကြည့်ပျော်တယ်လို့ ယူဆကြတဲ့အတွက် ဒါကို အချိန်တိုအတွင်းမှာ ကြည့်ရှုသူ သန်းနဲ့ချီပြီး ရှိခဲ့ပါတယ်။

၁၅ စက္ကန့်သာ ကြာတဲ့ ဒီဗီဒီယိုဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ပေါ်လာခဲ့ပြီး ဒါကို ပိုပြီး လူသိများစေတာကတော့ ဒါကို အတုယူပြီး တခြား လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အလားတူ ဗီဒီယိုတွေ ဖန်တီးလာကြတာပဲ ဖြစ်ပါတယ်။

နာမည်ကျော် နည်းပညာ ကုမ္ပဏီတွေ ပေါ်ပေါက်လာပုံတွေမှာ ကြားရလေ့ရှိတဲ့ သူငယ်ချင်းတွေ စုပြီး အကြံဉာဏ်ရရာကနေ အမေ့အိမ်က ဂိုထောင်ထဲမှာ ရုံးခန်းဖွင့် ထူထောင်လိုက်ကြတယ်ဆိုတဲ့ ပုံပြင်ဆန်တဲ့ နောက်ကြောင်း ရာဇဝင်မျိုးတော့ တစ်တော့ မှာ မရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, TIKTOK/@DAVIDKASPRAK

ဓာတ်ပုံ ပုံစာ,

တစ်တော့ကို နိုင်ငံတကာမှာ စတင် လူသိများလာစေတဲ့ သီချင်းဆိုနေကြတဲ့ ရောင်စုံ စားစရာ ဂျယ်လီ ဝက်ဝံရုပ်ကလေးတွေ ပါတဲ့ ဗီဒီယို

လက်ရှိ တစ်တော့ အက်ပ် စတင် ပေါ်ပေါက်လာပုံ

လက်ရှိ တစ်တော့ အက်ပ် ရဲ့ ကုမ္ပဏီ ByteDance ဟာ သီချင်းလိုက်ဆိုတာနဲ့ ဟာသလုပ်တဲ့ ရုပ်သံအတိုလေးတွေ တင်တာနဲ့ လူသိများတဲ့ အမေရိကန် အခြေစိုက် musical.ly ဆိုတဲ့ အက်ပ်ကို ဝယ်ယူပြီး ၂၀၁၈ ခုနှစ်မှာ ပူးပေါင်းတည်ထောင်ထားတာ ဖြစ်ပါတယ်။

ရှန်ဟိုင်းမှာ သန္ဓေတည်ခဲ့တဲ့ အဲဒီ musical.ly အက်ပ်ဟာ တရုတ်ပြည်တွင်းမှာထက် အမေရိကန်မှာ ပိုပြီး လူကြိုက်များခဲ့ပြီး အမေရိကန် အခြေစိုက် ကုမ္ပဏီ အနေနဲ့လည်း မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ByteDance ကုမ္ပဏီကတော့ တရုတ်ပြည်တွင်းမှာ အဲဒီ musical.ly အက်ပ်နဲ့ ဆင်တူယိုးမှား Douyin ဆိုတဲ့ အက်ပ်ကို ၂၀၁၆ မှာ စတင် ထူထောင်ခဲ့ပြီး တစ်နှစ်အတွင်းမှာ တရုတ်ပြည်တွင်းနဲ့ ထိုင်းနိုင်ငံတို့အတွင်း အသုံးပြုသူ သန်းတစ်ရာလောက် ရှိလာတဲ့အထိ လူကြိုက်များလာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ByteDance ဟာ ပြည်တွင်းမှာ Douyin၊ ပြည်ပမှာ TikTok ဆိုတဲ့ နာမည်နဲ့ ဈေးကွက်ချဲ့ထွင်ခဲ့ပြီး ၂၀၁၈ သြဂုတ်လမှာတော့ musical.ly အသုံးပြုတဲ့ အကောင့်တွေကိုပါ TikTok နဲ့ ပူးပေါင်းပြီး နောက်ပိုင်းမှာတော့ ဒီအက်ပ်ကို ဖုန်းတွေထဲမှာ သွင်းယူမှု စုစုပေါင်း နှစ်ဘီလီယံကျော်နဲ့ လစဉ် ပုံမှန် အသုံးပြုနေသူ သန်း ၈၀၀ ရှိတဲ့ အထိ အောင်မြင်လာခဲ့ပါတယ်။

တစ်တော့ ဘယ်လို အောင်မြင်လာခဲ့သလဲ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

တစ်တော့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်လို့ ပြောလို့ရတဲ့ အကြောင်းတရားတွေကတော့ သီချင်းနဲ့ ဂီတကို အသုံးပြုမှုနဲ့ အသုံးပြုသူ အသီးသီးက ဘယ်လို ဗီဒီယိုမျိုးကို ကြည့်ချင်သလဲ ဆိုတာကို တခြားအက်ပ်တွေထက် ပိုပြီး တွက်ချက် အဖြေထုတ်ပေးနိုင်တဲ့ အလွန် အားကောင်းတဲ့ အယ်လ်ဂိုရစ်သမ်ကို အသုံးပြုမှုတို့ ဖြစ်ပါတယ်။

ဒီအက်ပ်ကို အသုံးပြုသူတွေ အနေနဲ့ လိုက်ဆိုချင်တဲ့ သီချင်းရှာရာမှာ သီချင်းပေါင်းများစွာ ရွေးစရာ ရှိတဲ့အပြင်၊ ရုပ်သံအတွက် ပုံအမျိုးမျိုး ပြောင်းပေးတဲ့ filter တွေ၊ လိုက်လံ တုပ ပြောလို့ရတဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်း များစွာလည်း ပါဝင်ပါတယ်။

ဒီအက်ပ်ကို အသုံးပြုသူ အများစုဟာ သင့်အတွက် ဆိုတဲ့ စာမျက်နှာကို ဝင်ရောက် ကြည့်ရှုသူများပြီး အဲဒီစာမျက်နှာမှာ တစ်ဦးချင်းက ယခင်ရွေးချယ် ကြည့်ရှုခဲ့တာတွေအပေါ် အခြေခံပြီး တစ်တော့ အယ်လ်ဂိုရစ်သမ်က တွက်ချက်ကာ ကြည့်ချင်ဖွယ်ရာ ဗီဒီယိုတွေကို သီခြားရွေးချယ်ပေးထားပါတယ်။

အဲဒီ သင့်အတွက် စာမျက်နှာမှာ တစ်ဦးချင်း အကြိုက်နဲ့ နီးစပ်တဲ့ ဗီဒီယိုတွေ အပြင် ယေဘုယျ ပရိသတ်နည်းပေမဲ့ လူကြိုက်များနိုင်တဲ့ ဗီဒီယိုတွေကိုလည်း ပိုပြီး လူအများကြားမှာ ပျံ့နှံ့သွားစေဖို့ ရည်ရွယ်ချက်နဲ့ ဖော်ပြပေးထားပါတယ်။

တစ်တော့ကို အသုံးပြုကြသူတွေမှာ တင်ပြတဲ့ ပုံစံအလိုက် အုပ်စုလေးတွေလည်း ပေါ်လာပြီး Alt နဲ့ Deep လို့ အမည်ရတဲ့ အုပ်စုထဲမှာ ပါဝင်သူတွေ ဆိုရင် တစ်တော့မှာ ဖျော်ဖြေပြီး ငွေရှာဖို့နဲ့ နာမည်ကြီး ကုမ္ပဏီကြီးတွေဆီက ကြော်ငြာရအောင် လုပ်တာမျိုး မဟုတ်ဘဲ စိတ်တူကိုယ်တူ ဖြစ်သူတွေ ရှာပြီး ရယ်စရာ ဟာသနဲ့ ဗဟုသုတ ဖြစ်စရာ အကြောင်းအရာတွေ ဝေငှတာမျိုးလည်း လုပ်ကြပါတယ်။

ဓာတ်ပုံ ပုံစာ,

ဓါတ်ပုံ ၃ ။ ။ တစ်တော့ကို အများဆုံး ဖုန်းတွေမှာ သွင်းယူမှု လုပ်တဲ့ ၁၀ နိုင်ငံ ကြီးစဉ်ငယ်လိုက် (အိန္ဒိယ၊ တရုတ်(Douyin)၊ အမေရိကန်၊ အင်ဒိုနီးရှား၊ ဘရာဇီး၊ ဗီယက်နမ်၊ ရုရှား၊ တူရကီ၊ မက္ကဆီကို၊ ထိုင်း)

အစိုးရပိုင်းက ဘယ်လိုစပြီး စိုးရိမ်လာကြသလဲ

တစ်တော့ကို အဓိက စိုးရိမ်ကြသူတွေကတော့ အမေရိကန်နဲ့ အိန္ဒိယက နိုင်ငံရေးသမားတွေဖြစ်ပါတယ်။

သူတို့ရဲ့ စွပ်စွဲချက်တွေက တိတိကျကျ မရှိလှပေမဲ့ တရုတ်အစိုးရ ထောက်လှမ်းရေးလုပ်ဖို့ အသုံးဝင်နိုင်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို တစ်တော့က စုဆောင်းပေးနေတယ် ဆိုပြီး ယေဘုယျအားဖြင့် သံသယ ဝင်ကြတာ ဖြစ်ပါတယ်။

နောက်ထပ် ယေဘုယျ စွပ်စွဲမှု တစ်ခုကတော့ တရုတ်နိုင်ငံရဲ့ အဓိက ကုမ္ပဏီကြီးတိုင်းမှာ တရုတ်နိုင်ငံကို အုပ်ချုပ်နေတဲ့ ကွန်မြူနစ်ပါတီကို နာခံရတဲ့ အဖွဲ့ငယ်လေးတွေ ရှိနေပြီး အဲဒီအဖွဲ့ဝင် အများစုဟာ တိုင်းတစ်ပါး လျှို့ဝှက်ချက်တွေကို စုဆောင်းဖို့ တာဝန်ပေးခြင်း ခံထားရတယ် ဆိုတဲ့ စွပ်စွဲမှု ဖြစ်ပါတယ်။

အိန္ဒိယပြည်တွင်း တစ်တော့ အခြေအနေ

အိန္ဒိယအစိုးရဟာ ၂၀၁၉ ခုနှစ် ဧပြီလမှာလည်း တစ်တော့ကို ပိတ်ပင်ခဲ့ဖူးပြီး ညစ်ညမ်းရုပ်သံတွေ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ပိတ်ပင်မှုကြောင့် iOS နဲ့ Android ပင်မစနစ်တွေမှာ တစ်တော့ကို မထားရဘူးလို့ အမိန့်ထုတ်ခံခဲ့ရပေမဲ့ အယူခံဝင်အပြီးမှာ ပြန်လည် ခွင့်ပြုပေးခဲ့ပါတယ်။

တရုတ်နဲ့ အိန္ဒိယတို့ ပြီးခဲ့တဲ့ ဇွန်လလယ် နယ်စပ်ဒေသ ထိပ်တိုက်တွေ့မှု အပြီးမှာတော့ အိန္ဒိယအစိုးရက တစ်တော့ကို အခြား တရုတ်ကုမ္ပဏီပိုင် အက်ပ်တွေနဲ့ အတူ ပိတ်ပင်ခဲ့ပါတယ်။

တစ်တော့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ခိုးယူပြီး မသိအောင် ဖြန့်ချီတာတွေကို တစ်တော့က လုပ်တယ်ဆိုတဲ့ တိုင်ကြားမှုတွေလည်း ရရှိခဲ့တယ်လို့ အိန္ဒိယ အစိုးရက ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

အမေရိကန်ဘက်က တစ်တော့ အပါအဝင် တရုတ် အက်ပ်တွေ တချို့ဟာ တရုတ် ကွန်မြူနစ်ပါတီကို အချက်အလက်တွေ တိုက်ရိုက်ပေးပို့နေတယ်လို့ စွပ်စွဲထား

အမေရိကန်အစိုးရက တစ်တော့ကို ဘယ်လို အာရုံစိုက်လာခဲ့သလဲ

အမေရိကန်နိုင်ငံဘက်မှာ ဆိုရင်တော့ ၂၀၁၉ အောက်တိုဘာလမှာ ရီပတ်ဘလီကန် အမတ် မာကို ရူဘီယို က တစ်တော့ဟာ အမေရိကန် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်နိုင်ချေ ရှိမရှိ စစ်ဆေးဖို့ အမေရိကန်အစိုးရကို တောင်းဆိုရာကနေ တစ်တော့အပေါ် အစိုးရဘက်က သုံးသပ်စစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။

တစ်တော့ဟာ ဗီဒီယို စိစစ်သူတွေကို တရုတ်နိုင်ငံရေးအတွက် ထိရှလွယ်တဲ့ အကြောင်းအရာပါ ဗီဒီယိုတွေကို ပိတ်ပင်ဖို့ ညွှန်ကြားထားတယ်ဆိုတဲ့ စာရွက်စာတမ်းတွေ ရှိနေကြောင်း အမေရိကန်က ဝါရှင်တန်ပို့စ် သတင်းစာနဲ့ ယူကေက ဂါးဒီးယန်း သတင်းစာတို့က ဖော်ပြလာအပြီးမှာ အခုလို စစ်ဆေးဖို့ တောင်းဆိုမှု ရှိလာခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာလည်း ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ်ပါတီတို့က အမတ်တစ်ဦးစီက တစ်တော့ကြောင့် နိုင်ငံတော် လုံခြုံရေး ထိခိုက်နိုင်ချေ ရှိတယ်ဆိုပြီး အမေရိကန် နိုင်ငံတော် ထောက်လှမ်းရေး ဌာနကို စာရေးသားမှု လုပ်ခဲ့ပြန်တာကြောင့် ၂၀၁၉ နိုဝင်ဘာလမှာ အမေရိကန်အစိုးရဘက်က နိုင်ငံတော် လုံခြုံရေး သုံးသပ်မှု စတင် လုပ်ဆောင်ခဲ့ပြီး လက်ရှိ ရလဒ်အနေနဲ့ တစ်တော့ကို ပိတ်ပင်ဖို့ ပြောဆိုတဲ့ အဆင့်အထိ ဖြစ်လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုကလည်း တစ်တော့ အပါအဝင် တရုတ် အက်ပ်တွေ တချို့ဟာ တရုတ် ကွန်မြူနစ်ပါတီကို အချက်အလက်တွေ တိုက်ရိုက်ပေးပို့နေတယ်လို့ စွပ်စွဲထားပါတယ်။

တစ်တော့ကို စုံစမ်းစစ်ဆေးနေတဲ့ အထဲမှာ ယူကေနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့လည်း ပါဝင်လာပြီး ယူကေရဲ့ သတင်းအချက်အလက်ဆိုင်ရာ ကော်မရှင်နာရုံးနဲ့ သြစတြေးလျ ထောက်လှမ်းရေး ဌာနတို့က စုံစမ်းစစ်ဆေးနေရာမှာ အသေးစိတ်ကိုတော့ မထုတ်ပြန်သေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

တစ်တော့ကို ပိုင်ဆိုင်တဲ့ ByteDance ကုမ္ပဏီကို ထူထောင်သူ ကျန်ရီမင်းဟာ ဖော့ဘ်စ် မဂ္ဂဇင်း ချမ်းသာသူ စာရင်းအရ တရုတ်နိုင်ငံရဲ့ ဒသမမြောက် အချမ်းသာဆုံးဖြစ်

တစ်တော့က အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ဘယ်လို ကိုင်တွယ်နေသလဲ

တစ်တော့ဟာ ဘယ်ဗီဒီယိုတွေကို ကြည့်ကြပြီး မှတ်ချက်ပေးကြသလဲ ဆိုတဲ့ အချက်အလက်၊ ဗီဒီယိုတင်လိုက်တဲ့ ဖုန်းရဲ့ တည်နေရာ၊ ဖုန်းမော်ဒယ်နဲ့ ပင်မစနစ် အမျိုးအစား၊ လူတွေ စာရိုက်ပြီး ရှာလေ့ရှိတဲ့ စကားလုံး စတဲ့ အချက်အလက်တွေကို စုဆောင်းတယ်လို့ တစ်တော့ရဲ့ တစ်ကိုယ်ရေဆိုင်ရာ မူဝါဒမှာ ဖော်ပြထားပါတယ်။

တစ်တော့ဟာ တည်ရှိရာ ကိရိယာအတွင်းက copy and paste ကူးယူဖို့ လုပ်ထားတဲ့ စာသားတွေကိုလည်း မှတ်တမ်းယူတယ်ဆိုတာ ထပ်မံ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီလို မှတ်တမ်းယူတာမျိုးကို ဘီဘီစီသတင်း အက်ပ် အပါအဝင် Reddit နဲ့ LinkedIn တို့လို အသုံးများတဲ့ ဒါဇင်နဲ့ချီတဲ့ အက်ပ်တွေကလည်း လုပ်လေ့ရှိတဲ့အတွက် ထူးထူးခြားခြား စိုးရိမ်စရာ မရှိဘူးလို့လည်း သုံးသပ်မှုတွေ ရှိပါတယ်။

ယေဘုယျအားဖြင့်တော့ တစ်တော့ရဲ့ အသုံးပြုသူရဲ့ အချက်အလက်တွေကို စုဆောင်းမှုဟာ အချက်အလက်အတော်များများ စုဆောင်းလေ့ရှိတဲ့ ဖေ့စ်ဘွတ်ရဲ့ စုဆောင်းမှုလောက်အထိ များပြားတယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်နဲ့သာမက တခြားလူမှုကွန်ရက်ပိုင်ရှင် ကုမ္ပဏီတွေနဲ့ တစ်တော့တို့ မတူတာကတော့ တစ်တော့ကို လူများများပိုပြီး အသုံးပြုအောင် လုပ်ရာမှာ အဓိကကျတဲ့ အယ်လ်ဂိုရစ်သမ်ကို အာဏာပိုင်တွေက လေ့လာချင်ရင် ကြည့်ခွင့်ပေးမယ် ဆိုတဲ့ ပွင့်လင်းမြင်သာမှုပဲ ဖြစ်ပါတယ်။

ယခင် ဒစ်စနေး ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း ဖြစ်သူ လက်ရှိ တစ်တော့ရဲ့ အမှုဆောင်အရာရှိချုပ်သစ် ဒေးဗစ် မေယာက တစ်တော့ရဲ့ အချက်အလက် ကောက်ယူမှုနဲ့ စီးဆင်းမှု ပုံစံကို သံသယရှိတဲ့ အာဏာပိုင်တွေကို တစ်တော့ အယ်လ်ဂိုရစ်သမ် လေ့လာခွင့်ပေးနိုင်တယ်လို့ ပြောဆိုထားပြီး ဒီလို စီးပွားရေး လျှို့ဝှက်ချက်မျိုးကို လေ့လာခွင့်ပေးတာမျိုး ဘယ်နည်းပညာကုမ္ပဏီမှ မလုပ်ဖူးသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တီယန်နန်မန် ဆန္ဒပြပွဲဆိုင်ရာ ဗီဒီယိုတွေလို တရုတ်နိုင်ငံရေးအရ အထိအခိုက်မခံနိုင်တဲ့ အကြောင်းအရာတွေကို တစ်တော့က ပိတ်ပင်ခဲ့

တစ်တော့ရဲ့ ဘယ်လို လုပ်ဆောင်မှုတွေအပေါ် စိုးရိမ်ကြသလဲ

တစ်တော့က နိုင်ငံတော် လုံခြုံရေး ထိခိုက်မှာကို စိုးရိမ်သူတွေဘက်ကလည်း ဘယ်အချက်အလက်ကို စုဆောင်းတယ် ဆိုတဲ့ အပိုင်းသာမက စုဆောင်းထားတဲ့ အချက်အလက်တွေကို တရုတ်အစိုးရက တောင်းယူနိုင်သလား ဆိုတဲ့ အပိုင်းကိုလည်း စိုးရိမ်ကြတာ ဖြစ်နေပါတယ်။

၂၀၁၇ တရုတ် နိုင်ငံတော် လုံခြုံရေးဥပဒေအရ တရုတ်ပြည်တွင်းက နိုင်ငံသားနဲ့ အဖွဲ့အစည်းတိုင်းက အစိုးရရဲ့ ထောက်လှမ်းရေး လုပ်ငန်းမှာ လက်တွဲ ကူညီပေးသင့်တယ်လို့ ဖော်ပြထားပေမဲ့ တရုတ်အစိုးရဘက်က စုဆောင်းထားတဲ့ အချက်အလက်တွေ ပေးဖို့ တောင်းဆိုလာခဲ့ရင် ငြင်းဆိုမှာ ဖြစ်တယ်လို့ တစ်တော့ ကုမ္ပဏီက ထပ်တလဲလဲ ပြောဆိုထားပါတယ်။

တစ်တော့နဲ့ ပတ်သက်လို့ နောက်ထပ် စိုးရိမ်မှု တစ်မျိုးကတော့ တရုတ်အစိုးရ မကျေနပ်နိုင်တဲ့ ဗီဒီယိုဖိုင်တွေကို ပိတ်ပင်နိုင်ချေ ဖြစ်ပြီး အခုလို ပိတ်ပင်ခြင်းအားဖြင့် လူထုအကြား အငြင်းပွားမှုတွေမှာ တစ်ဖက်ဖက်ကို အသာရစေတဲ့ လွှမ်းမိုးမှုမျိုး ဖြစ်လာနိုင်ပါတယ်။

တစ်တော့ကို လူမှုရေး၊ နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေကလည်း အသုံးပြုလာကြရာမှာ လတ်တလော အမေရိကန်မှာ လူမည်းတွေ ရဲအသတ်ခံရမှု များတဲ့အတွက် ဆန့်ကျင်လှုပ်ရှားတဲ့ “လူမည်းတွေရဲ့အသက်တစ်ခေျာင်းစီကလည်း အရေးကြီးပြီး တန်ဖိုးရှိပါတယ်” (#BlackLivesMatter) ဆိုတဲ့ ဆောင်ပုဒ်ကို ခေါင်းစဉ်လုပ်ပြီး တစ်တော့က လှုံ့ဆော်ခဲ့ပေမဲ့ တစ်တော့ အသုံးပြုသူ လူမည်း တက်ကြွလှုပ်ရှားသူ တင်ထားတဲ့ ဗီဒီယိုတွေကို လူအများ မမြင်ရအောင် လုပ်ထားတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် တင်လိုက်တဲ့ တစ်တော့ ဗီဒီယိုတွေကို စောင့်ကြည့် စစ်ဆေးသူတွေ အနေနဲ့ တင်သူက ရုပ်ဆိုးသူ ဒါမှမဟုတ် ဆင်းရဲပုံပေါက်နေသူ ဖြစ်ရင် လူအများမမြင်ရအောင် လုပ်ဖို့ ညွှန်ကြားမှုတွေ ရှိနိုင်တယ်ဆိုပြီး the Intercept သတင်းဌာနရဲ့ သတင်းပေးပို့ချက်မှာ ဖော်ပြထားပါတယ်။

ယူကေ ဂါးဒီးယန်းသတင်းစာရဲ့ သတင်းပေးပို့ချက်အရဆိုရင်လည်း တစ်တော့ဟာ တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တီယန်နန်မန် ဆန္ဒပြပွဲနဲ့ သက်ဆိုင်တဲ့ ဗီဒီယိုတွေနဲ့ တိဘက် လွတ်လပ်ရေးတောင်းဆိုမှုနဲ့ သက်ဆိုင်တဲ့ ဗီဒီယိုတွေလို တရုတ်နိုင်ငံရေးအရ အထိအခိုက်မခံနိုင်တဲ့ အကြောင်းအရာတွေကို တစ်တော့က ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။

ဝါရှင်တန်ပို့စ် သတင်းစာကလည်း တစ်တော့မှာ တင်လိုက်တဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းမှာ ပျံ့နှံ့စေဖို့ ဆုံးဖြတ်ချက်ကို တရုတ်ပြည်တွင်းက နောက်ဆုံး အဆုံးအဖြတ် ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

တစ်တော့ကို ပိုင်ဆိုင်တဲ့ ByteDance ကုမ္ပဏီကတော့ အခုလို ညွှန်ကြားချက်တွေကို တဖြည်းဖြည်း ဖယ်ရှားလိုက်ပြီဖြစ်ပြီး ဗီဒီယိုတွေ စောင့်ကြည့် စစ်ဆေး အတည်ပြုမှု မှန်သမျှကို တရုတ်ပြည်တွင်းအပေါ်မှာ မှီခိုခြင်းမရှိပဲ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။