အမျိုးသားတွေ နှာခေါင်းစည်း ဘာ့ကြောင့် မဝတ်ချင်ကြတာလဲ

အမျိုးသမီးတွေက နှာခေါင်းစည် ပိုဝတ်တယ်လို့ ကမ္ဘာတစ်ဝန်း စစ်တမ်းတွေက သက်သေပြ
ဓာတ်ပုံ ပုံစာ,

အမျိုးသမီးတွေက နှာခေါင်းစည်း ပိုဝတ်တယ်လို့ ကမ္ဘာတစ်ဝန်း စစ်တမ်းတွေက သက်သေပြ

ရန်ဖြစ် ငြင်းခုံတာတွေ အကြီးအကျယ် ဖြစ်ခဲ့အပြီးမှာ မိုနီကာ တစ်ယောက် ဆုံးဖြတ်ချက်ကြီးတစ်ခု ချခဲ့ပါတော့တယ်။

ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာ သူ့ခင်ပွန်းသည် အက်ဂွားဒို က နှာခေါင်းစည်း ဝတ်ဖို့ကို ထပ်ခါတလဲလဲ ငြင်းနေခဲ့တာပါ။ ဘရာဇီးဟာ အမေရိကန်ပြီးရင် ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံ ဖြစ်ပါတယ်။

ဒီတော့ မိုနီကာဟာ ၇ နှစ်အရွယ်သားငယ်နဲ့ အတူ နီတာရွိုင်မြို့မှာ ရှိတဲ့ မိသားစုတိုက်ခန်းကနေ သူ့မိဘအိမ်ကို ပြောင်းနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

"ကျွန်မက ပန်းနာရင်ကြပ်ရောဂါသည် ဆိုတော့ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ခံနိုင်ရည်အား ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မယောက်ျားက ကျွန်မ အစိုးရိမ်လွန်နေတာလို့ ထင်နေတယ်" လို့ မိုနီကာက ဘီဘီစီကို ပြောပြပါတယ်။

"သူ့အကြောင်းပြချက်က သူအပြင်ထွက်တဲ့အခါ လှောင်ပိတ်နေတဲ့ နေရာတွေကို သွားတာ မဟုတ်လို့ နှာခေါင်းစည်း ဝတ်စရာ မလိုဘူးလို့ပြောတယ်"

"ကျွန်မနဲ့ သားလေးမှာ အန္တရာယ် ရှိလာမှာကိုတော့ သူက ထည့်မတွက်ဘူး" လို့ မိုနီကာက ပြောပြပါတယ်။

ကိုဗစ်နဲ့ သေဆုံးတဲ့ အမျိုးသားတွေ ပိုများပေမဲ့ သူတို့ နှာခေါင်းစည်း ပိုမဝတ်ချင်

ဓာတ်ပုံ ပုံစာ,

နှာခေါင်းစည်းကိစ္စ ကျား-မ အမြင်မတူမှုမှာ အမေရိကန်သမ္မတ ထရမ့်ရဲ့ သမီးနဲ့ သမက်မှာလည်း တွေ့ရ

ကမ္ဘာတဝန်းက တခြား ဇနီးမောင်နှံတွေမှာလည်း ဒီလိုညှိလို့မရတဲ့ အလားတူ အခြေအနေမျိုး ရောက်ခဲ့ကြသလား ဆိုတာတော့ အသေအချာ မသိပါဘူး။ မိုနီကာနဲ့ အက်ဂွားဒို တို့ရဲ့ ဖြစ်ရပ်မှာတော့ ကပ်ရောဂါ ကာလအတွင်း နှာခေါင်းစည်း ဝတ်ရေး၊ မဝတ်ရေးနဲ့ ပတ်သက်လို့ အမျိုးသမီး အမျိုးသားအကြား သဘောထား ကွဲပြားမှုက သိသာထင်ရှားနေပါတယ်။

သြဂုတ်လ ၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၁၉ သန်းနီးပါး ရှိခဲ့ပြီး သေဆုံးသူ ၇ သိန်းကျော် ရှိတယ်လို့ ဂျွန် ဟော့ပ်ကင်စ် တက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

စာရင်းအချက်အလက်တွေ ကောက်ယူနိုင်တဲ့ နိုင်ငံအများစုမှာ သေဆုံးမှုနှုန်းဟာ အမျိုးသားတွေမှာ အတော်လေး ပိုများတယ်လို့သိရပါတယ်။

ဒါပေမဲ့ အမျိုးသားတွေဟာ နှာခေါင်းစည်းနဲ့ အကာအကွယ်ပစ္စည်းတွေ သုံးဖို့ အမျိုးသမီးတွေထက် ပိုတွန့်ဆုတ်တတ်ကြပြီး အရင် ဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါ ကာလတွေတုန်းကလည်း အလားတူ သဘောထားမျိုး တွေ့ခဲ့ရတယ်လို့ လေ့လာချက် စစ်တမ်းတွေက ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားအောင် တားဆီးဖို့အတွက် နှာခေါင်းစည်း ဝတ်ကြဖို့ ကျန်းမာရေး တာဝန်ရှိပုဂ္ဂိုလ် အများအပြားက အကြံပြုထားတာပါ။

ကိုရိုနာဗိုင်းရပ်စ် ရောဂါ လက္ခဏာ တဖြည်းဖြည်း ပြောင်းလဲလာတာနဲ့အညီ သိပ္ပံနည်းကျ လေ့လာတွေ့ရှိမှုတွေ ထွက်ပေါ်လာအပြီးမှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အကြံပြုချက်တွေလည်း ပြောင်းလာခဲ့ပါတယ်။

နှာခေါင်းစည်း ဝတ်တာကို ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ဖို့ ကျယ်ပြန့်တဲ့ နည်းဗျူဟာတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အားပေးပါတယ်။ ဒါပေမဲ့လည်း အဝတ်နှာခေါင်းစည်းတွေ၊ ဆေးရုံအတွက် မဟုတ်တဲ့ သာမန်လူထုသုံး နှာခေါင်းစည်းတွေကတော့ ထိရောက်မှု သိပ်မရှိဘူးဆိုတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ လူတွေ ခပ်ခွာခွာ နေဖို့ မဖြစ်တဲ့အခါမျိုးမှာ နှာခေါင်းစည်းတွေ ဝတ်ကြဖို့ တိုက်တွန်းထားပါတယ်။

နှာခေါင်းစည်းဝတ်ဖို့ နိုင်ငံအတော်များများ၊ မြို့အတော်များများမှာလည်း တိုက်တွန်းထားကြပြီး နိုင်ငံတချို့မှာ အလုံပိတ်အခန်းတွေ ဒါမှမဟုတ် အများပြည်သူသုံး ဘတ်စ်ကား၊ ရထားတွေပေါ် ၊ အရက်ဘားတွေနဲ့ ဈေးဆိုင်တွေထဲလို လူတွေ ပြည့်ကျပ်နေတဲ့ နေရာမျိုးတွေမှာ နှာခေါင်းစည်း မဝတ်မနေရ အမိန့် ထုတ်ပြန်ထားပါတယ်။

မာန်မာနကြောင့်လား

ဓာတ်ပုံ ပုံစာ,

ကိုဗစ်ကြောင့် သေဆုံးသူတွေမှာ ယောက်ျားတွေ ပိုများပေမဲ့ သူတို့က နှာခေါင်းစည်း ဝတ်ဖို့ သိပ်စိတ်မပါကြပါဘူး။

ဒီတော့ နှာခေါင်းစည်းတွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရာမှာ အထောက်အကူ ပြုတယ်ဆိုရင် အမျိုးသားတွေက ဘာ့ကြောင့် မဝတ်ချင်ကြတာပါလဲ။

အမျိုးသားတွေရဲ့ အမူအကျင့်အကြောင်း လေ့လာသုံးသပ်ချက်တစ်ခုကို မစ်ဒဲလ်ဆက်စ် တက္ကသိုလ်က စီးပွားရေး အဆင့်မြင့် ကထိက ဗယ်လာရီယို ကက်ပ်ရာရို နဲ့ ဘာကလီမြို့ သင်္ချာ သိပ္ပံ လေ့လာရေးဌာန က သင်္ချာ ပညာရှင် ဟယ်လီးန် ဘာချယ်လို တို့က မကြာသေးခင်ကပဲ လူထုအကြား ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ နေထိုင်နေတဲ့ လူပေါင်း ၂၅၀၀ နီးပါးလောက်ကို သူတို့နှစ်ဦးက စစ်တမ်းကောက်ယူခဲ့ရာမှာ အမျိုးသားတွေဟာ နှာခေါင်းစည်း ဝတ်ဖို့ အမျိုးသမီးတွေလောက် စိတ်မပါရုံတင်မက နှာခေါင်းစည်း ဝတ်တာဟာ ရှက်စရာ၊ ကြည့်မကောင်းဘူး၊ အားနည်းမှု သင်္ကေတ ဖြစ်တယ်လို့လည်း ယူဆထားကြပါတယ်။

"အထူးသဖြင့် နှာခေါင်းစည်း မဝတ်မနေရ အမိန့်မထုတ်ထားတဲ့ ခရိုင်တွေမှာ ဒါမျိုး တွေ့ရတတ်ပါတယ်" လို့ ကက်ပ်ရာရို က ပြောပါတယ်။

စစ်တမ်းကောက်ယူခံရသူတွေကို သူတို့ လူမှုရေးအရ ပြောဆိုဆက်ဆံတဲ့အခါ ဒါမှမဟုတ်တခြားမိသားစုဝင်တွေနဲ့ တွေ့တဲ့အခါ ဘာ့ကြောင့် နှာခေါင်းစည်း ဝတ်တာလဲလို့ မေးခဲ့ပါတယ်။

အိမ်အပြင်မှာ နှာခေါင်းစည်း ဝတ်မယ်လို့ ပြောတဲ့ အမျိုးသမီး အရေအတွက်က အမျိုးသားတွေထက် ၂ ဆ နီးပါး ရှိတယ်လို့ စစ်တမ်းက ဖော်ပြခဲ့ပါတယ်။

အမျိုးသားတွေ နှာခေါင်းစည်း ဝတ်ဖို့ သိပ်စိတ်မပါကြတဲ့ အဓိကအကြောင်းရင်းတစ်ချက်က သူတို့တွေဟာ အမျိုးသမီးတွေနဲ့ စာရင် ရောဂါကူးစက် ခံရမယ့်ပုံ သိပ်မရှိဘူးလို့ ယူဆကြတဲ့အတွက် ဖြစ်ပါတယ်။

"တကယ်တမ်းမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ကိုရိုနာဗိုင်းရပ်စ်ရဲ့ဒဏ်ကို ပိုဆိုးဆိုးဝါးဝါး ခံနေရတယ် ဆိုတာ စာရင်းဇယားအချက်အလက်တွေက ဖော်ပြနေတဲ့အတွက် ဒီလိုယူဆတာဟာ ပြောင်းပြန်ဖြစ်နေပါတယ်" လို့ ဆိုပါတယ်။

တခြားလေ့လာချက်တွေမှာလည်း အမျိုးသားတွေဟာ ရောဂါမကူးစက်အောင် တားဆီးရာမှာ သန့်ရှင်း စင်ကြယ်စေရေး အခြေခံ လုပ်ဆောင်ချက်တစ်ခု ဖြစ်တဲ့ လက်မှန်မှန်ဆေးဖို့ ကိစ္စမှာလည်း လိုက်နာဆောင်ရွက်မှု သိပ်မရှိကြတာကို တွေ့ရပါတယ်။

နှာခေါင်းစည်း ကျား-မ အမြင်မတူမှု နဲ့ နိုင်ငံရေး

ဓာတ်ပုံ ပုံစာ,

ထရမ့်ကို ထောက်ခဲ့တဲ့ အမျိုးသမီး

သိပ္ပံပညာရှင် ကက်ပ်ရာရိုနဲ့ ဘာချယ်လို တို့ရဲ့ လေ့လာတွေ့ရှိချက်ဟာ အမေရိကန်နိုင်ငံမှာ လေ့လာချက်တွေအပေါ် အခြေခံ ထုတ်ပြန်ထားတာ ဖြစ်လို့ အတော့်ကို စိတ်ဝင်စားစရာပါ။

အမေရိကန်မှာ ကပ်ရောဂါကာလအတွင်း အမျိုးသမီးတွေနဲ့ အမျိုးသားတွေ ဘယ်လို ပြုမူဆောင်ရွက်ခဲ့ကြသလဲ ဆိုတာအပေါ် နိုင်ငံရေးကိစ္စရပ်တွေက အကြီးအကျယ် လွှမ်းမိုးမှု ရှိခဲ့တယ်ဆိုတာ အခုသီတင်းပတ်တွေမှာ ပိုသိသာလာခဲ့ပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီကို ထောက်ခံအားပေးသူတွေဟာ ဒီမိုကရက်တစ်ပါတီဝင်တွေလောက် နှာခေါင်းစည်း မဝတ်ကြတာ၊ လူချင်းခပ်ခွာခွာ မနေကြတာကို လေ့လာချက် အတော်များများမှာ တွေ့ရပါတယ်။

ဒါပေမဲ့ ဒီအချက်မှာတောင်မှ အမူအကျင့်ပိုင်းဆိုင်ရာမှာ အမျိုးသား၊ အမျိုးသမီး ကွဲပြားမှုဟာ ပိုသိသာ ထင်ရှားတဲ့အချက်တစ်ခု ဆိုတာ တွေ့ရပါတယ်။ ဇွန်လက နိုင်ငံတဝန်း ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ရီပတ်ဘလီကန်ပါတီကို ထောက်ခံတဲ့ အမျိုးသမီး ၆၈ ရာခိုင်နှုန်းဟာ အိမ်အပြင်မှာ နှာခေါင်းစည်း ဝတ်ကြတယ်လို့ သိရပါတယ်။

အမျိုးသားတွေကတော့ ၄၉ ရာခိုင်နှုန်းကပဲ သူတို့ အပြင်ထွက်ရင် နှာခေါင်းစည်း ဝတ်တယ်လို့ ဆိုပါတယ်။

နှာခေါင်းစည်း ဝတ်တာ ပိုများလေ၊ အသေအပျောက် ပိုနည်းလေ

ဓာတ်ပုံ ပုံစာ,

နှာခေါင်းစည်း အသုံးပြုပုံနဲ့ နိုင်ငံရဲ့ သေဆုံးနှုန်း ဆက်စပ်နေတယ်လို့ သိပ္ပံပညာရှင်တွေပြော

ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲကနေ ကူးနိုင်ပြီး ချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ ထွက်လာတဲ့ တံတွေးစက်လို ပိုကြီးတဲ့ အရည်စက်တွေကနေတင်မက လေထဲက အရည်စက်သေးသေးလေးတွေကနေ ရောဂါ ကူးနိုင်တယ် ဆိုတဲ့ အထောက်အထား ထွက်ပေါ်လာတဲ့အတွက် နှာခေါင်းစည်းရဲ့ အရေးပါမှုက ပိုကြီးမားလာမယ်လို့ ယူဆရပါတယ်။

တကယ်တမ်းမှာ မကြာခင်ထုတ်ပြန်ဖို့ ရှိတဲ့ ဂျပန်သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တစ်ခုအရ နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ နှာခေါင်းစည်းအသုံးပြုမှုနဲ့ လူသေဆုံးမှုအကြား ကြောက်စရာကောင်းလောက်အောင် ဆက်နွှယ်ပတ်သက်မှု ရှိနေတာကို တွေ့ခဲ့ရပါတယ်။

YouGov သုတေသနဌာနက လုပ်ခဲ့တဲ့ စစ်တမ်းကို လေ့လာခဲ့ရာမှာ နှာခေါင်းစည်း ဝတ်တဲ့သူ ပိုများတဲ့ နိုင်ငံတွေမှာ သေဆုံးသူ အရေအတွက်ဟာ သန်းနဲ့ချီ ပိုနည်းတယ် ဆိုတာကို သိပ္ပံပညာရှင်တွေ ဖြစ်ကြတဲ့ ဒိုင်ဆူကီ မီယာဇာဝါနဲ့ ဂျန် ကာနီကို တို့ လေ့လာ တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် အဲဒီနိုင်ငံတွေမှာ နှာခေါင်းစည်း အသုံးပြုမှုဟာ လူသေဆုံးတဲ့ အသက်အရွယ်ပေါ်မှာလည်း ဆက်နွှယ် လွှမ်းမိုးမှု ရှိနေတာကို မီယာဇာဝါနဲ့ ကာနီကို တို့ လေ့လာတွေ့ခဲ့ရပါတယ်။

စိတ်ဝင်စားစရာအကောင်းဆုံးကတော့ အဲဒီ ၂၂ နိုင်ငံထဲက လူအသေအပျောက် ပိုများတဲ့ တချို့နိုင်ငံတွေဟာလည်း ယူကေ လို နှာခေါင်းစည်းဝတ်တဲ့ အမျိုးသားတွေ ပိုနည်းတဲ့ နိုင်ငံတွေ ဖြစ်တယ် ဆိုတာ YouGov လေ့လာချက်စစ်တမ်းတွေက ဖော်ပြနေတာပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် လွန်ကဲနေသလား

ဓာတ်ပုံ ပုံစာ,

ဒိန်းမတ်နိုင်ငံ ကိုပေဟင်က တစ်လမ်းသွားစနစ်က ကိုဗစ်ကာလ အလုပ်ဖြစ်နိုင်မလား

လေ့လာတွေ့ရှိချက်တွေအရ နှာခေါင်းစည်း ဝတ်ဖို့ကိစ္စမှာ အမျိုးသား၊ အမျိုးသမီး အကြား သဘောထားအမြင် ကွဲပြားနေတာဟာ သိပ်တော့ အံ့သြစရာမရှိဘူးလို့ ကိုပန်ဟေဂန် တက္ကသိုလ်က လူ့အမူအကျင့်ပိုင်းဆိုင်ရာ သိပ္ပံပညာရှင် ခရစ္စတီနာ ဂရက်ဗာ့ က ပြောပါတယ်။

အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြား အန္တရာယ် ဖြေရှင်းပုံ နည်းလမ်းမှာလည်း ကွဲပြားမှု အကြီးအကျယ် ရှိတယ်လို့ သူက ထောက်ပြပါတယ်။

ဒိန်းမတ်နိုင်ငံ ကိုပန်ဟေဂန်မြို့တော်မှာ လေ့လာတွေ့ခဲ့ရတဲ့ သာမန် ရိုးရှင်းကိစ္စလေးတစ်ခုကို ကြည့်ရင်ပဲ အမျိုးသမီးတွေဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ဖို့ သတိထား ကြိုးစားလုပ်ဆောင်တာမျိုး ရှိတာ တွေ့ရတယ်လို့ မစ်စ် ဂရက်ဗာ့ က ဘီဘီစီကို ပြောပါတယ်။

"ကိုပန်ဟေဂန်မြို့မှာ ကပ်ဘေးကာလအတွင်း လူတွေ မျက်နှာချင်း မဆုံမိအောင် လူသွားလမ်းတွေကို တစ်လမ်းသွား လမ်းကြောင်းတွေအဖြစ် ပြောင်းသတ်မှတ်ထားခဲ့ပါတယ်။ အဲဒီအခါ အမျိုးသားတွေက အမျိုးသမီးတွေထက် လမ်းပြောင်းပြန်ဝင်မိတာ ပိုများတာ တွေ့ရပါတယ်"

အရင်ကပ်ရောဂါ ကာလတွေအတွင်းမှာလည်း တခြားနိုင်ငံတွေမှာ အမျိုးသား အမျိုးသမီးအကြား အမြင်သဘောထား ကွဲပြားမှုတွေ တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ ပုံစာ,

၁၉၁၈ တုပ်ကွေးကာလ အမေရိကန်မှာ နှာခေါင်းစည်း တပ်ကြဖို့ လှုံ့ဆော်မှု

ဥပမာ ၂၀၀၉ ခုနှစ်တုန်းက ဝက်တုပ်ကွေးရောဂါကြောင့် လူ ၄၀၀ နီးပါး သေဆုံးခဲ့ရတဲ့ မက္ကဆီကိုစီတီမြို့က လေ့လာချက်တစ်ခုအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နှာခေါင်းစည်း နေ့စဉ် ဝတ်တာ ပိုများတယ်ဆိုတာ တွေ့ရပါတယ်။

မက္ကဆီကိုစီတီမြို့တော်ရဲ့ မြေအောက်ရထား အသုံးပြုသူ ထောင်ပေါင်းများစွာကို သီတင်းနှစ်ပတ်ကြာ လေ့လာ စစ်တမ်းယူခဲ့တာပါ။

နှာခေါင်းစည်း ဝတ်တာကို ဟိုးကတည်းက လုပ်လာခဲ့ကြတဲ့ အာရှနိုင်ငံတွေမှာတောင် အမျိုးသား၊ အမျိုးသမီးအကြား အမြင်မတူတာတွေ ရှိနေပါတယ်။

၂၀၀၂-၂၀၀၃ ခုနှစ်အတွင်း ဟောင်ကောင်မှာ ဆားစ် ရောဂါဖြစ်ပွားခဲ့စဉ်ကာလတုန်းက လူထုရဲ့ အမြင်သဘောထားတွေကို စစ်တမ်းကောက်ယူခဲ့ရာမှာ အမျိုးသမီးတွေဟာ လက်ဆေးတာ၊ နှာခေါင်းစည်းဝတ်တာမျိုး အပါအဝင် ကြိုတင်ကာကွယ်မှုတွေ အများကြီး ပိုလုပ်တာကို တွေ့ခဲ့ရပါတယ်။

"နိုင်ငံအများစုမှာ အမျိုးသားတွေဟာ နှာခေါင်းစည်းဝတ်တာ ပိုနည်းတယ် ဆိုတာကို ကျွန်တော်တို့ရဲ့ လေ့လာချက် ကိန်းဂဏန်းတွေက ဖော်ပြနေတယ်" လို့ YouGov သုတေသနဌာနရဲ့ ကိန်းဂဏန်းအချက်အလက်ဆိုင်ရာ ထိပ်တန်းသတင်းထောက် မက်သယူး စမစ်က ပြောပါတယ်။

လူတွေ သန်းပေါင်းများစွာ သေခဲ့တဲ့ ၁၉၁၈ ခုနှစ် တုပ်ကွေး ကပ်ရောဂါကာလတုန်းက နှာခေါင်းစည်း ဝတ်ကြဖို့ အမျိုးသားကြီးငယ်ကို အထူး အဓိကထားပြီး လူထုကျန်းမာရေးဌာနတွေက တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။

တကယ်ပဲ ဂရုမစိုက်ကြတာလား

ဓာတ်ပုံ ပုံစာ,

သိပ္ပံနည်းကျလေ့လာမှုတွေအရ အမျိုးသားတွေက အန္တရာယ်နဲ့နီးစပ်တာတွေ ပိုလုပ်ကြတယ်လို့ဆို

အစောပိုင်းက သိပ္ပံပညာရှင် ဂရက်ဗာ့ ထောက်ပြခဲ့တဲ့ အမျိုးသား အမျိုးသမီးအကြား အန္တရာယ်ဖြေရှင်းပုံ နည်းလမ်း မတူဘူးဆိုတဲ့ အချက် မှန်တယ်ဆိုတာကို တကယ့်လက်တွေ့ဘဝ အထောက်အထားတွေက ဖော်ပြနေပါတယ်။

ကမ္ဘာတဝန်း ကားမတော်တဆ ဖြစ်ရပ်တွေဟာ အမျိုးသားတွေကြောင့် ဖြစ်လေ့ရှိတာမို့လည်း ကမ္ဘာမှာ အမျိုးသမီးကားမောင်းသူတွေထက် အမျိုးသားကားမောင်းသူတွေ များပေမယ့် ကားအာမခံလုပ်ငန်းတွေက အမျိုးသမီးတွေကို အာမခံကြေး ပိုနည်းနည်းပဲ ကောက်တဲ့ အစဉ်အလာ ရှိခဲ့တာပါ။

ဒါ့အပြင် ၁၉၉၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ကောက်ယူခဲ့တဲ့ ကိန်းဂဏန်းတွေအရ ရှောင်ရှားနိုင်တဲ့ မတော်တဆ သေဆုံးမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အမျိုးသားတွေရဲ့ လက်ချက် ဖြစ်တယ် ဆိုတာ တွေ့ရပါတယ်။

လန်ဒန်မြို့ အခြေစိုက် သုတေသီ ဗယ်လာရီယို ကက်ပ်ရာရို ကိုယ်တိုင်တောင် နှာခေါင်းစည်း ဝတ်ဖို့ ဝန်လေးခဲ့တယ်လို့ ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။

"ကျွန်တော် လွန်ခဲ့တဲ့တစ်လလောက်က အီတလီကို သွားတော့မှ နှာခေါင်းစည်း စဝတ်တာပါ။ အဲဒီမှာ အခြေအနေတွေ ဆိုးလို့ နှာခေါင်းစည်း မဝတ်မနေရ အမိန့် ထုတ်ထားတာပါ" လို့ သူက ပြောပါတယ်။

"တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေဖို့ စည်းမျဉ်းကို ကျွန်တော် အတော်လေး သတိထား လိုက်နာခဲ့ပါတယ်။ ကျွန်တော် နှာခေါင်းစည်း မဝတ်တာ ဒါ့ကြောင့် ဆိုပြီး အကြောင်းပြချက် ပေးခဲ့တာပါ"

နှာခေါင်းစည်း မဝတ်မနေရ အမိန့် ထုတ်ခြင်းအားဖြင့် လူထုကျန်းမာရေးအကြံပြုချက်ကို အမျိုးသားတွေ ပိုလိုက်နာလာစေလိမ့်မယ်လို့ မစ္စတာ ကက်ပ်ရာရိုက အခုအခါ ယုံကြည်ထားပါတယ်။

"နှာခေါင်းစည်း မဝတ်မနေရ အမိန့် ထုတ်ထားတဲ့ နေရာတွေမှာ နှာခေါင်းစည်းနဲ့ ပတ်သက်လို့ အမျိုးသား၊ အမျိုးသမီး အမြင်ကွဲတာတွေ ပျောက်ကွယ်သွားလုနီးပါး ဖြစ်ခဲ့တယ်ဆိုတာ လေ့လာချက်တွေက ပြနေပါတယ်"

ဒါပေမဲ့ ခရစ္စတင်း ဂရက်ဗာ့ကတော့ ဒီလို ပညာပေးလှုံ့ဆော်မှုတွေကို အမျိုးသားတွေအပေါ် ပိုလုပ်ဖို့ လိုတယ်လို့ ယူဆထားပါတယ်။

ဓာတ်ပုံ ပုံစာ,

ကိန်းဂဏန်း အချက်အလက်တွေ ပြပြီး ပညာပေးသင့်တယ်လို့ဆို

"ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် လွန်ကဲမှုက ပြဿနာ ဖြစ်နေတယ် ဆိုရင်တော့ ကိုဗစ်-၁၉ ရောဂါရဲ့ဒဏ်ကို အမျိုးသမီးတွေထက် အမျိုးသားတွေက ပိုကြုံတွေ့နေရတယ် ဆိုတာကို သူတို့သတိပြုလာအောင် ကိန်းဂဏန်း အချက်အလက်တွေ ပြပြီး ပညာပေးသင့်ပါတယ်"

"သူတပါးကို မငဲ့ဘဲ တစ်ကိုယ်ကောင်း ဆန်တတ်တဲ့အကျင့် အမျိုးသား အများစုမှာ ရှိတယ်လို့ တကယ်တမ်း ယူဆထားရင်တော့ တခြားသူတွေကို အကာအကွယ် ပေးဖို့ထက် သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ကိုပဲ အမျိုးသားတွေကို ပိုအလေးထား ပြောပြသင့်ပါတယ်"

ပျော်စရာ ဇာတ်သိမ်းခန်း

ဒါပေမဲ့ ကိုယ့်အချင်းချင်း ဖိအားပေး ပြောတာက အလုပ်ဖြစ်နိုင်တယ်ဆိုတဲ့ အထောက်အထားတွေလည်း ရှိနေပါတယ်။ နှာခေါင်းစည်း ကိစ္စမှာ အမြင်မတူကြတဲ့ အယ်ဂွားဒိုနဲ့ မိုနီကာတို့ စုံတွဲရဲ့ ဖြစ်ရပ်က သက်သေပြနေပါတယ်။

ခင်ပွန်းသည်ကို ရာဇသံ ပေးခဲ့အပြီးမှာ ကြီးမားတဲ့ အပြောင်းအလဲကြီးတစ်ခုကို မိုနီကာ တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ အယ်ဂွားဒို တစ်ယောက် နှာခေါင်းစည်း ဝတ်လာတာပါ။

" ကျွန်မ ယောက်ျားက သူ့လို ကျန်းမာ သန်စွမ်းတဲ့ လူတစ်ယောက်ကို ရောဂါ ကူးမှာ မဟုတ်ဘူးလို့ သူ့ကိုယ်သူ ထင်နေတုန်းပါပဲ။ ဒါပေမဲ့ သူ့ရဲ့ လုပ်ရပ်ကောင်းကြောင့် သူမိသားစုကို ကာကွယ်နိုင်မယ် ဆိုတဲ့ အချက်ကိုတော့ အခု ကျွန်မ ယောက်ျား အတော်လေး သတိပြုလာပါပြီ။"

*တွေ့ဆုံမေးမြန်းထားသူတွေရဲ့မေတ္တာရပ်ခံချက်အရ အမည်တွေကို လွှဲပြောင်း အသုံးပြုထားပါတယ်။