ကာမလာက ဂျိုးဘိုင်ဒန်ကို ဘယ်လိုကူမလဲ၊ ဒါမှမဟုတ် သူ့ကြောင့် ထိခိုက်သွားမှာလား

ကာမလာဟဲရစ်
ဓာတ်ပုံ ပုံစာ,

ကာမလာဟဲရစ်

တခါတရံမှာတော့ သိသာတဲ့ရွေးချယ်မှုတွေမှာ ထင်ရှားတဲ့ အကြောင်းပြချက် ရှိပါတယ်။

အမျိုးသမီးတဦးကို ဒုသမ္မတလောင်းအဖြစ် သူနဲ့အတူတွဲပြီး ရွေးကောက်ပွဲဝင်ဖို့ ရွေးချယ်သွားမယ်လို့ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်က မတ်လထဲမှာ ကြေညာလိုက်ကတည်းက ရွေးမယ့်သူဟာ ကာမလာ ဟဲရစ်ဖြစ်မယ်လို့ တစ်ပြေးနေခဲ့တာပါ။

ကာမလာကိုရွေးတာက စိတ်ချရတဲ့ရွေးချယ်မှု ဖြစ်ခဲ့ယုံသာမက အဲဒီနေရာအတွက် သင့်တော်သူတဦးလည်း ဖြစ်ခဲ့ပါတယ်။

ဂျိုးဘိုင်ဒန် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ရှုံးသည်ဖြစ်စေ၊ ရွေးကောက်ပွဲ နောက်တကြိမ် ဝင်မပြိုင်တော့ရင်ဖြစ်စေ၊ သမ္မတ တာဝန်နှစ်ကြိမ် အပြည့် ထမ်းဆောင်သည်ဖြစ်စေ ကာမလာဟာ ဒီမိုကရက်တစ် ပါတီ အရိုက်အရာ ဆက်ခံမယ့်သူတဦး ဖြစ်လာမယ့် အနေအထားမှာ ရှိသွားပါပြီ။

အဲဒါက မစ္စစ်ဟဲရစ်ရဲ့မာနကို ထိပါးစေမယ့် ထိုးနှက်မှုတွေအများအပြားပေါ်လာခဲ့သလို၊ ဒီနေရာအတွက် ရည်ရွယ်ထွက်လာတဲ့ တခြားပြိုင်ဖက်တွေလည်း ပြီးခဲ့တဲ့လတွေအတွင်း ရှိခဲ့တာတွေကြောင့်ပါ။

နောက်ဆုံးတော့ ဒီပြိုင်ပွဲမှာ သူအခြေခိုင်တဲ့နေရာကိုရသွားပါပြီ၊ သူ့ရည်မှန်းချက်ကလည်း ရှင်းလင်းပြတ်သားခဲ့ပါတယ်။

ဒါပေမယ့် အနာဂတ် ဒီမိုကရက်တစ် သမ္မတလောင်းတွေ ရွေးဖို့ဆိုတာက နောက်မှ ထပ်လုပ်ရမယ့် ကိစ္စပါ။

လက်ရှိအချိန်မှာ ဒီမိုကရက်ပါတီအတွက် အလေးထားကြည့်ရမှာက ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရဖို့ ဟဲရစ် ဘယ်လိုကူညီမလဲဆိုတဲ့ အချက်ပါ။

အခု ပြောပြမယ့် အကြောင်းအရာတွေကတော့ သူ့ရဲ့ အားသာချက် တချို့ဖြစ်ပြီး ဒီမိုကရက်တွေ စိုးရိမ်နေတဲ့ အချက်တွေလည်း ပါကောင်းပါနိုင်ပါတယ်။

အားသာချက်များ

မတူကွဲပြားမှု

ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကနေ့ခေတ် ဒီမိုကရက်တစ်ပါတီရဲ့ သွင်ပြင်ဟာ ဂျိုးဘိုင်ဒန် နဲ့ သိပ်မတူပါဘူး။

ပါတီတွင်းမှာ လူငယ်တွေ များပြီး လူမျိုးပေါင်းစုံ ရှိပါတယ်။

ဒီမိုကရက် သမ္မတလောင်း ဘိုင်ဒန်အနေနဲ့ ပိုပြီး အသက်ငယ်တဲ့သူတဦးကို ရှာဖို့လိုသလို၊ အဲဒီသူက လူတွေမဲပေးနိုင်တဲ့ လူဖြူမဟုတ်တဲ့သူ တဦးကို ဖြစ်ဖို့ လိုတယ်ဆိုတာ အတော်လေး သိသာခဲ့ပါတယ်။

ဟဲရစ်ရဲ့ ဖခင်ဟာ ဂျမေကာ နွယ်ဖွားဖြစ်ပြီး မိခင်ဖြစ်သူက အိန္ဒိယကဆိုတော့ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

ကာမလာ ဟဲရစ်ဟာ အမေရိကန် ပါတီကြီးတခုကနေ သမ္မတ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပထမဆုံး အာရှအနွယ်ဝင်လည်းဖြစ် ပထမဆုံး လူမည်းအမျိုးသမီး တယောက်လည်း ဖြစ်လာပါတယ်။

သူဟာ အသက် ၅၅ နှစ်ဆိုတော့ အသက်သိပ်ငယ်သူမဟုတ်ပေမယ့် ၇၇ နှစ်အရွယ် ဂျိုးဘိုင်ဒန်နဲ့ ယှဉ်ရင် ငယ်သေးရုံသာမက ပေါ့ပါး သွက်လက် သူတဦးလည်း ဖြစ်ပါတယ်။

သူ့ကို ဘိုင်ဒန်က ဒုသမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ပြီလို့ မကြေညာခင် အင်္ဂါနေ့ နေ့လယ်ပိုင်းကတည်းက ပါတီရဲ့ ခေါင်းဆောင်မှုပိုင်းမှာ မျိုးစုံပါဝင်မှုနဲ့ မတူကွဲပြားမှု ရှိဖို့ လိုအပ်နေတာနဲ့ ပတ်သက်လို့ မစ္စစ် ဟဲရစ်က တွစ်တာမှာ အခုလို ရေးခဲ့ပါတယ်။

"လူမည်းအမျိုးသမီးတွေနဲ့ လူဖြူမဟုတ်တဲ့ တခြားအမျိုးသမီးတွေ ရွေးကောက်ခံရတဲ့နေရာမှာ ကိုယ်စားပြုပါဝင်မှု နည်းနေတာ ကြာခဲ့ပါပြီ။ နိုဝင်ဘာလကျရင် ဒါကို ပြောင်းလဲဖို့ ကျွန်မတို့ အခွင့်အရေးရှိပါတယ်" လို့ သူက ရေးသားခဲ့တာပါ။

ဒီအရေးအသားကြောင့် အပြောင်းအလဲတချို့အတွက် မစ္စစ် ဟဲရစ် တာဝန်ယူ တာဝန်ခံရဖို့ ဖြစ်လာပါတယ်။

ဓာတ်ပုံ ပုံစာ,

ကမလာဟဲရစ် မိသားစု

တိုက်ခိုက်မှု စွမ်းရည်

အစဉ်အလာအရ ဒုသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတဦးရဲ့ တာဝန်တခုက အတိုက်အခံတွေရဲ့ အားနည်းချက်တွေ ဖော်ထုတ်ထိုးနှက်ဖို့ ဖြစ်ပါတယ်။

ဒီတာဝန်ကို ဟဲရစ်ထမ်းဆောင်ရမယ်ဆိုရင် သူ ကောင်းကောင်းကြီး လုပ်နိုင်မယ်ဆိုတာ သမိုင်းစာမျက်နှာတွေက သက်သေပြနေပါတယ်။

၂၀၁၉ ဇူလိုင်လတုန်းက ကျင်းပခဲ့တဲ့ ဒီမိုကရက်တစ်ပါတီတွင်း ပဏာမ သမ္မတလောင်း ရွေးကောက်ပွဲ ပထမအကျော့ စကားစစ်ထိုးပွဲမှာ လူမျိုးရေးခွဲခြားမှုနဲ့ ပတ်သက်လို့ သူ့ကို ဝေဖန်ခဲ့တဲ့သူဟာ မစ္စစ် ဟဲရစ်ဖြစ်တယ်ဆိုတာကို မစ္စတာ ဘိုင်ဒန်တယောက် သေချာပေါက် သတိရနေမှာပါ။

ဓာတ်ပုံ ပုံစာ,

ကမလာရဲ့ ရွေးကောက်ပွဲ ပိုစတာ

အစိုးရ ကျောင်းတွေမှာ လူဖြူလူမဲခွဲခြားမှုကို အဆုံးသတ်ဖို့ ကလေးတွေ ကျောင်းကားအတူစီးဖို့ဆိုတဲ့ ကိစ္စကို လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက သူ့ကန့်ကွက်ခဲ့တဲ့အပေါ် မစ္စစ် ဟဲရစ်က ဝေဖန်ထောက်ပြခဲ့တာပါ။

အမေရိကန် အထက်လွှတ်တော်မှာ တာဝန်ထမ်းဆောင်နေစဉ်ကာလမှာလည်း သူဟာ အင်မတန် ဆုံးဖြတ်ချက် ခိုင်မာသူ၊ ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းသူ တဦး ဖြစ်တယ်ဆိုတာ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဒီအချက်ကို ကောင်းကောင်းကြီး သတိရပါတယ်။

တရားရုံးချုပ် တရားသူကြီးအဖြစ် ဘရက် ကာဗန်နော့ဗ်ကို အဆိုတင်သွင်းခဲ့တဲ့ ကိစ္စမှာ မစ္စဟဲရစ်က "အတော်လေး ဒုက္ခပေးခဲ့တယ်"လို့ သမ္မတ ထရမ့်က အင်္ဂါနေ့မှာ မှတ်ချက်ပြုပါတယ်။

သမ္မတ ထရမ့်ကတော့ ဒီအချက်ကို သဘောကျချင်မှ ကျပါလိမ့်မယ်။

ဒါပေမဲ့ အဲဒီလိုထရမ့်ကို ခပ်စပ်စပ် ထိုးနှက်နိုင်တဲ့သူမျိုးကို ဒီနှစ်ရွေးကောက်ပွဲအတွက် မစ္စတာ ဘိုင်ဒန်က ရှာနေတာ သေချာပါတယ်။

ယုံကြည် စိတ်ချရမှု

သမ္မတ၊ ဒုသမ္မတနဲ့ ကွန်ကရက် လွှတ်တော်အမတ်နေရာတွေအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးသမားတွေ မကြာခဏ ပြောလေ့ရှိတဲ့ အချက်တချက်က ဒီလိုမျိုး မဲဆွယ်စည်းရုံးမှုတွေကနေ ရလာတဲ့ ဖိအားတွေကို ကိုယ်တွေ့မကြုံမချင်း နားလည်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဟဲရစ်ရဲ့ ၂၀၂၀ သမ္မတလောင်း ဝင်ရောက်ယှဉ်ပြိုင်မှုဟာ မအောင်မမြင် ဖြစ်ခဲ့ရပြီး သူ့ပြိုင်ဘက်အများစု မထွက်ခင် သူ နုတ်ထွက်ခဲ့ပေမယ့် ပြိုင်တဲ့လူတွေအပေါ် စေ့စေ့စပ်စပ် စိစစ်ကြတာတွေက ဘယ်လောက်တောင်လဲဆိုတာကို သူ အခုထိ သိပါတယ်။

ဓာတ်ပုံ ပုံစာ,

မစ္စဟဲရစ်ကို ဒုသမ္မတလောင်းအဖြစ် ရွေးလိုက်တယ်လို့ မစ္စတာဘိုင်ဒန်ပြော

သူ့ကို ထောက်ခံတဲ့ ထောင်သောင်းနဲ့ချီတဲ့သူတွေရှေ့မှာ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ မဲဆွယ်စည်းရုံးမှုတွေ လုပ်တော့ သူဟာ သမ္မတလောင်းနေရာအတွက် အလားအလာအရှိဆုံး ယှဉ်ပြိုင်သူတဦးလို့ ထင်ကြေးပေးခံခဲ့ရပါတယ်။

ဇူလိုင်လအတွင်း သူ့ရဲ့ ပထမဆုံး စကားစစ်ထိုးပွဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီးတဲ့နောက် အကြိုလူထုစစ်တမ်း တချို့မှာ သူဟာ ထိပ်ဆုံးကို ရောက်ခဲ့ပါတယ်။

ဟဲရစ်ဟာ မီးပင်လယ်ကို အနည်းဆုံး တကြိမ်တော့ ဖြတ်ဖူးခဲ့တော့ ဘယ်လိုခံစားရလဲဆိုတာ သူ သိပါတယ်။

သူ့ဆီမှာ လူသိမခံနိုင်ဘဲ လျှို့ဝှက်ထားတဲ့ အရှုပ်တော်ပုံတွေ ရှိခဲ့မယ်ဆိုရင်လည်း အခုလောက်ဆို ထွက်လာလောက်ပါပြီ။

သမ္မတ တာဝန်ထမ်းဆောင်ဖို့ ရည်ရွယ်ယှဉ်ပြိုင်ကာ သူကြိုးပမ်းထားခဲ့တာဆိုတော့ တနေ့နေ့ တချိန်ချိန်မှာ သူ့ကို သမ္မတ ဖြစ်လာစရာမရှိဘူးလို့တော့ အမေရိကန်နိုင်ငံသား အများအပြားက တွေးထားမှာတော့ မဟုတ်ပါဘူး။

ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ် ဟဲရစ်ဟာ ၂၀၁၉ ခုနှစ် ပါတီအတွက် သမ္မတလောင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးလမ်းမှာ အတောက်ပဆုံး ကိုယ်စားလှယ်လောင်းတော့ မဟုတ်ခဲ့သလို အအောင်မြင်ဆုံး သူတယောက်ဖြစ်လာဖို့ နီးစပ်သူတွေထဲမှာလည်း မပါပါဘူး။

ဒါပေမဲ့ သူရဲ့ လုပ်ရည်ကိုင်ရည်ကိုတော့ လူအများက သတိထားမိခဲ့ကြပါတယ်။

အားနည်းချက်များ

'ဟဲရစ်ဟာ ရဲပါပဲ'

ဒုသမ္မတနေရာအတွက် တခြားယှဉ်ပြိုင်သူ အားလုံးထက် ထူးနေတာက ဟဲရစ်ဟာ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်တဲ့ အဖွဲ့အစည်း နောက်ခံသမိုင်းကြောင်းက လာသူ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ရက်စက်တဲ့ လုပ်ရပ်ကြောင့် မကြာသေးခင်တုန်းက ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေမှာ ရှိနေခဲ့တဲ့ လူမျိုးရေး ခွဲခြားမှု စွပ်စွဲမှုတွေ ထွက်ပေါ်လာချိန်မှာ ဟဲရစ်ရဲ့ အလုပ်နောက်ကြောင်းရာဇဝင်ဟာ ဒီမိုကရက်ပါတီအတွင်း တိုးတက်ပြောင်းလဲဖို့ ဆန္ဒရှိသူတချို့အတွက် အလေးအနက် စဉ်းစားစရာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

ဓာတ်ပုံ ပုံစာ,

သံသယရှိသူတွေကို စစ်ဆေးရာမှာ ရဲတပ်ဖွဲ့ဝင်တွေဘက်က လိုက်ခဲ့သူ

"ဟဲရစ်ဟာ ရဲ တယောက်ပါပဲ"ဆိုတဲ့ သရော်လှောင်ပြောင်တဲ့ စွပ်စွဲမှုမျိုးကို သူ့ရဲ့ သမ္မတလောင်း မဲဆွယ်စည်းရုံးရေးတွေမှာ တကြိမ်မက ခံခဲ့ရဖူးပါတယ်။

ဆန်ဖရန် ဆစ္စကို ခရိုင် ရှေ့နေ အဖြစ်ရော၊ ကယ်လိုဖိုးနီးယား ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလတွေမှာရော ဟဲရစ်ဟာ သံသယရှိသူတွေကို စစ်ဆေးရာမှာ ရဲတပ်ဖွဲ့ဝင်တွေဘက်က လိုက်ခဲ့သူ ဖြစ်ပါတယ်။

သံသယတရားခံတွေ မှားယွင်းပြီး ပြစ်ဒဏ် စီရင်ခံရနိုင်တဲ့အမှုတွေမှာတောင် ရဲတွေဘက်က ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။

သေဒဏ်ပေးမှုနဲ့ ပတ်သက်လို့ သူ့တဦးတည်း အမြင်အရ ကန့်ကွက်ကြောင်း ထုတ်ပြောခဲ့ပေမယ့် သူ ရှေ့နေချုပ် တာဝန်ထမ်းဆောင်စဉ် ကာလမှာတော့ ဒါကို ထောက်ခံခဲ့ပါတယ်။

ဆုံးဖြတ်ချက် ခိုင်မာပြတ်သားတဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးသမားဆိုတဲ့အချက်ဟာ အထွေထွေရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ပါတီစွဲမရှိတဲ့ မဲဆန္ဒရှင်တွေ၊ ရှေးရိုးစွဲဆန်တဲ့ မဲဆန္ဒရှင်ပြည်သူတွေကို စွဲဆောင်နိုင်တဲ့ အချက်ဖြစ်ပေမယ့် လက်ဝဲတွေ အတွက်ကတော့ ဘိုင်ဒန်-ဟဲရစ် ပေါင်းထားတဲ့ အတွဲက သိပ်ရေပန်းစားလှမှာမဟုတ်ပါဘူး။

ဂျော့ဖလွိုက် သေဆုံးပြီးကတည်းက ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ထောက်ခံတဲ့အကြောင်း မစ္စစ် ဟဲရစ် အင်တိုက်အားတိုက် ပြောခဲ့ပါတယ်။

ဒါကြောင့်လည်း တိုးတက်ရေးဝါဒီ ကိုင်စွဲသူတချို့ရဲ့ ချီးကျူးမှုတွေကိုလည်း သူရခဲ့ပါတယ်။

ဒါပေမဲ့ တချို့သံသယဖြစ်စရာကိစ္စကို သူတို့ ဆက်ပြီး တေးထားဦးမယ်ဆိုတာကတော့ သေချာပါတယ်။

ဖိအားဒဏ်မခံနိုင်တဲ့ ခပ်ပျော့ပျော့သမား

အထက်မှာ ပြောခဲ့သလို သမ္မတလောင်း မဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့တာဟာ ဟဲရစ်အတွက် အကျိုးအမြတ် ရခဲ့ပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း အားနည်းချက်တွေ ရှိပါတယ်။

သူ့ရဲ့ မဲဆွယ်စည်းရုံးမှုတွေကို ပြည်သူတွေ သဘောကျ နှစ်ခြိုက်ခဲ့တာတွေ ရှိသလို ချို့ယွင်းချက်တချို့လည်း ရှိပါတယ်။

အဲဒီထဲက တချို့ ဟာ သူကိုင်တိုင်နဲ့ပဲ ဆက်နွှယ်နေပါတယ်။

ဟဲရစ်ဟာ အထက်လွှတ်တော် တယောက်အနေနဲ့ရော ပြည်နယ် ရှေ့နေချုပ် အနေနဲ့ပါ နိုင်ငံရေးအရ အလယ်အလတ်လမ်းစဉ် လိုက်သူ တဦး ဖြစ်ပါတယ်။

ဒါပေမဲ့ သမ္မတလောင်း မဲဆွယ်စည်းရုံးရေးမှာ လက်ဝဲဘက်ယိမ်းဖို့ ကြိုးစားခဲ့ပါတယ်။

ဥပမာ အခမဲ့ ကောလိပ် ပညာသင်ခွင့်ရရှိရေး၊ the Green New Deal သဘာဝပတ်ဝန်းကျင် အစီအစဉ်အသစ်နဲ့ လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး ကိစ္စရပ်တွေမှာ သူ ထောက်ခံခဲ့ပါတယ်။

ဒါပေမဲ့ ဒါတွေနဲ့ ပတ်သက်လို့သူ အခိုင်အမာ ယုံကြည်နေပြီလို့တော့ လူတွေက အပြည်လက်ခံသွားတာ မဟုတ်ပါဘူး။

ဒီနေ့ခေတ်မှာ နိုင်ငံရေးသမားတွေကို ကျရှုံးစေတဲ့ အရာက နိုင်ငံရေးပါးဝလွန်းတာ ဖြစ်နိုင်ပါတယ်။

မဲဆန္ဒရှင်တွေ ဘာလိုချင်လဲဆိုတဲ့ပေါ် မူတည်ပြီး ယုံကြည်မှုတွေနဲ့ စံတန်ဖိုး သတ်မှတ်ချက်တွေကို ပြောင်းလဲတာက အန္တရာယ်ရှိပါတယ်။

ရိုးသားမှု ရှိတာ ဒါမှမဟုတ် အနည်းဆုံးတော့ ရိုးသားပုံပေါက်တာဟာ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမဲရဖို့ အခွင့်ကောင်းပဲ ဖြစ်ပါတယ်။

ဒီအချက်ဟာ ဒေါ်နယ်ထရမ့် ဘာကြောင့် သမ္မတ ဖြစ်လာခဲ့လဲဆိုတဲ့ အကြောင်းတွေထဲမှာ တစိတ်တပိုင်း ပါဝင်ပါတယ်။

သူ့ကို ထောက်ခံသူတွေရဲ့ အမြင်နဲ့ မတူတဲ့သဘောထားတွေကို ပြောလာရင် ထရမ့်ဟာ သူ့စိတ်ထဲရှိတဲ့ အရင်းခံအတိုင်း ပြောတတ်သူလို့ ထောက်ခံသူတွေက မြင်လာကြပါတယ်။

နိုင်ငံရေးအရ အလယ်အလတ်လမ်းစဉ်လိုက်ရာကနေ လက်ဝဲဘက်ပြောင်း၊ အခုတခါ ဘိုင်ဒန်လိုပဲ အလယ်အလတ်လမ်းစဉ် ပြန်ရောက်သွားတဲ့ မစ္စစ် ဟဲရစ်ရဲ့ လှုပ်ရှားမှုတွေကြောင့် သူ့ ရဲ့ တကယ့်စံတန်ဖိုးသတ်မှတ်ထားတာတွေက ဘာတွေလဲ ဒါမှမဟုတ် ဘာစံတန်ဖိုးသတ်မှတ်ချက်မှ မရှိဘူးလားဆိုတာကို မဲဆန္ဒရှင် ပြည်သူတချို့ က သိချင်ကြမှာ ဖြစ်ပါတယ်။