သူရဦးရွှေမန်းပါတီ ကိုယ်စားလှယ်လောင်းကို ကန့်ကွက်မှု ကြံ့ခိုင်ရေး အနိုင်ရ

ကန့်ကွက်သူက ဥပေဒနဲ့အညီ အထောက်အထားနဲ့ ကန့်ကွက်ခဲ့တယ်လို့ ခရိုင်ရွေးကောက်ပွဲ တာဝန်ရှိသူပြော
ဓာတ်ပုံ ပုံစာ,

ကန့်ကွက်သူက ဥပေဒနဲ့အညီ အထောက်အထားနဲ့ ကန့်ကွက်ခဲ့တယ်လို့ ခရိုင်ရွေးကောက်ပွဲ တာဝန်ရှိသူပြော

ကရင်ပြည်နယ် ဖာပွန်မဲဆန္ဒနယ်မှာ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBP ကနေ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကို ကြံ့ခိုင်ရေးပါတီက ကန့်ကွက်တဲ့အပေါ် ကြံ့ခိုင်ရေးပါတီဘက်ကို ဖာပွန်ခရိုင်ရွေးကောက်ပွဲကော်မရှင်က အနိုင်ပေးလိုက်ပါတယ်။

အဲဒီလို ကန့်ကွက်ခဲ့မှုနဲ့ ပတ်သက်ပြီး ဖာပွန်ခရိုင် ရွေးကောက်ပွဲကော်မရှင်က မနေ့က အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်လွှတ်တော်အတွက် ဖာပွန်မြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ က ဝင်ပြိုင်မယ့် UBP ကိုယ်စားလှယ်လောင်း ဦးစိုးဝင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDPက ကန့်ကွက်ခဲ့တာပါ။

USDP ရဲ့ ကရင်ပြည်နယ် ဥက္ကဋ္ဌ တာဝန်ယူထားသူလည်းဖြစ် လက်ရှိ ကရင်ပြည်နယ်အစိုးရ အဖွဲ့မှာ စိုက်ပျိုးရေး၊ဆည်မြောင်းနဲ့မွေးမြူရေး ဝန်ကြီး တာဝန်ယူထားသူလည်း ဖြစ်တဲ့ ဦးစောမြင့်ဦးက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ကန့်ကွက်သူက ကိုယ်စားလှယ်လောင်း စိစစ်ချိန်မှာ ဥပဒေနဲ့အညီ အထောက်အထားနဲ့တကွ ကန့်ကွက်မှုကြောင့် ကော်မရှင်က စိစစ်ပြီး ကန့်ကွက်သူဘက်က မှန်ကန်လို့ ကန့်ကွက်သူကို အနိုင်ပေးလိုက်တာလို့ ခရိုင်ကော်မရှင်က ရွေးကောက်ပွဲ အရာရှိ ဦးဇော်မင်းထွန်းက ပြောပါတယ်။

UBP ပါတီကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်ဖို့ အဆိုပြုထားတဲ့ ဦးစိုးဝင်းဟာ ကြံ့ခိုင်ရေးပါတီက နုတ်ထွက်ခွင့် ပြုထားသူမဟုတ်ဘူးဆိုပြီး ကန့်ကွက်ခံရတာ ဖြစ်ပါတယ်။

ဦးစိုးဝင်းအနေနဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်းကစလို့ ကြံ့ခိုင်ရေးပါတီနဲ့ ကင်းကွာခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာတော့ ကြံခိုင်ရေးပါတီကနေ နုတ်ထွက်ဖို့ တင်ပြခဲ့တယ်လို့ UBP ပါတီက တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီလို နုတ်ထွက်ခွင့်တင်ပြီးတဲ့နောက်မှာတော့ UBP ပါတီရဲ့ ဖာပွန်မြို့နယ်ဥက္ကဋ္ဌနဲ့ ဖာပွန်ခရိုင်ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ပါတီလုပ်ငန်းတွေမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ပါတီဝင်တစ်ဦးအနေနဲ့ မူလပါတီက ထွက်ခွင့်တင်ထားပေမဲ့ ပါတီကထွက်ခွင့်မပြုလို့ တခြားပါတီက ဝင်ရောက် အရွေးခံလို့မရဘူးဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေဟာ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီဘူးလို့ လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီဝင်တစ်ဦးအနေနဲ့ သူရဲ့မူလပါတီက နုတ်ထွက်ခွင့်မပြုပါက တခြား ပါတီတခုကနေ ရွေးကောက်ပွဲ ဝင်ပြိုင်လို့ မရပါဘူး။

ဒါကြောင့်၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက ပြိုင်ခဲ့တဲ့ကိုယ်စားလှယ်တချို့ကို ပါတီက နုတ်ထွက်ခွင့် မပြုတဲ့ အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တာတွေ ရှိပါတယ်။

တပ်ရင်းတပ်ဖွဲ့တွေ အများအပြားရှိတဲ့ ဖာပွန်မြို့နယ်ဟာ ကြံ့ခိုင်ရေးပါတီ အားကောင်းတဲ့မြို့နယ် ဖြစ်သလို ၂၀၁၀ နဲ့၂၀၁၅ ရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရခဲ့တဲ့မြို့နယ် ဖြစ်ပါတယ်။