ကမ္ဘာ့ အပူချိန်အမြင့်ဆုံး အမေရိကန်နိုင်ငံ သေမင်းတမန် တောင်ကြားမှာ စံချိန်တင်ခဲ့

အပူချိန်အမြင့်ဆုံး စံချိန်တင်ရနိုင်ဖွယ် ကယ်လီဖိုးနီးယားပြည်နယ် သေမင်းတမန်တောင်ကြား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အပူချိန်အမြင့်ဆုံး စံချိန်တင်ရနိုင်ဖွယ် ကယ်လီဖိုးနီးယားပြည်နယ် သေမင်းတမန်တောင်ကြား

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က သေမင်းတမန်တောင်ကြား အမျိုးသားဥယျာဉ်မှာ ပူခဲ့တဲ့အပူချိန် ၁၃၀ ဒီဂရီဖာရင်ဟိုက် ( ၅၄.၄ ဒီဂရီ ဆဲလ်ဆီရပ်စ် ) ဟာ ကမ္ဘာပေါ်မှာ မှတ်တမ်းတင်ခဲ့ဖူးသမျှထဲမှာ အမြင့်ဆုံး အပူချိန် ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

ဒီအပူချိန်ဟာ ကမ္ဘာ့အမြင့်ဆုံး စံချိန်တင် အပူချိန် ဟုတ်မဟုတ် အတည်ပြုနိုင်ဖို့ အမေရိကန် မိုးလေဝသဌာနက စစ်ဆေးနေပါတယ်။

အခုချိန်ဟာ အမေရိကန်နိုင်ငံ အနောက်ကမ်းရိုးတန်းဒေသမှာ အပူလှိုင်း ကျရောက်နေချိန် ဖြစ်ပြီး အခု သီတင်းပတ်မှာ အပူချိန် နောက်ထပ် တိုးလာဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

အပူချိန်မြင့်မားလွန်းတဲ့အတွက် စနေနေ့က စွမ်းအင်စက်ရုံတစ်ခု စက်ချို့ယွင်းသွားခဲ့အပြီး ကယ်လီဖိုးနီးယားပြည်နယ်မှာ ၂ ရက်ကြာ မီးမှောင်ကျခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

အရင်က ဘယ်လောက်အထိ အပူချိန် အမြင့်ဆုံး စံချိန်တင် တင်ခဲ့သလဲ

တနင်္ဂနွေနေ့ က အပူချိန်ဟာ သေမင်းတမန်တောင်ကြားဒေသ Furnace Creek က အပူချိန်ပါ။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အဲဒီမတိုင်ခင်က ကမ္ဘာ့အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ အပူချိန်ဟာ သေမင်းတမန်တောင်ကြားမှာပဲ ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အပူချိန် ၁၂၉.၂ ဒီဂရီဖာရင်ဟိုက် ( ၅၄ ဒီဂရီ ဆဲလ်စ်ဆီယပ်စ် ) အထိ ပူပြင်းခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက်က သေမင်းတမန်တောင်ကြားမှာပဲ ဒါ့ထက် ပိုမြင့်တဲ့ အပူချိန် ၁၃၄ ဒီဂရီ ဖာရင်ဟိုက် ( ၅၆.၆ ဒီဂရီ ဆဲလ်ဆီရပ်စ် ) အထိ ပူခဲ့တယ် ဆိုတာကိုတော့ အငြင်းပွားနေကြပါတယ်။

ဒီအပူချိန်ဟာ အဲဒီအချိန် နွေရာသီကာလမှာ မှတ်တမ်းတင်ခဲ့တဲ့ မြင့်မားတဲ့ တခြားအပူချိန်တွေနဲ့အတူ မှားယွင်း တိုင်းတာခဲ့မှု ဖြစ်တယ်လို့ ခေတ်သစ် မိုးလေဝသ ပညာရှင်တွေက ယူဆနေကြတာပါ။

၁၉၁၃ ခုနှစ်က အဲဒီဒေသမှာ မှတ်တမ်းတင်ခဲ့တဲ့ တခြားအပူချိန်တွေကို ကြည့်ရင် သေမင်းတမန်တောင်ကြားက အပူချိန်ဟာ မှန်တယ် ဆိုတာကို အတည်မပြုနိုင်ဘူးလို့ မိုးလေဝသ သမိုင်းပညာရှင် ခရစ္စတိုဖာ ဘာ့တ်ရဲ့ ၂၀၁၆ ခုနှစ် သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ နောက်အပူချိန်ကတော့ ၁၃၁ ဒီဂရီဖာရင်ဟိုက် ( ၅၅ ဒီဂရီ ဆဲလ်ဆီယပ်စ် ) ဖြစ်ပြီး ၁၉၁၃ ခုနှစ်မှာ မှတ်တမ်းတင်ခဲ့တာပါ။

ဒါပေမဲ့ ဒီအပူချိန်ဟာလည်း ကိုလိုနီခေတ်ကာလအတွင်း အာဖရိကဒေသမှာ မှတ်တမ်းတင်ခဲ့တဲ့ တခြားအပူချိန်တွေလိုပဲ ခိုင်လုံတဲ့ အထောက်အထား ချို့ယွင်းမှုတွေ အကြီးအကျယ် ရှိနေတယ်လို့ မစ္စတာဘာ့တ် က ပြောပါတယ်။

အပူလှိုင်း

လက်ရှိအပူလှိုင်းက နိုင်ငံ အနောက်တောင်ပိုင်း အရစ်ဇိုးနားကနေ အနောက်မြောက်ပိုင်း ဝါရှင်တန်ပြည်နယ် အထိ ဖြစ်ပွားနေတာပါ။

တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ အပူလှိုင်း အမြင့်ဆုံး ရိုက်ခတ်ဖို့ ရှိပြီး သီတင်းပတ်နှောင်းပိုင်းလောက်မှာ အပူချိန် စလျော့ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အနည်းဆုံး ၁၀ ရက်လောက်တော့ ဆက်ပူနေဦးမှာပါ။

ကယ်လီဖိုးနီးယားပြည်နယ်မှာ အပူချိန် မြင့်တက်လာနေချိန်မှာပဲ လက်ဆန်ခရိုင်မှာ စနေနေ့က မီးလေဆင်နှာမောင်းကြီးတစ်ခု တိုက်ခတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

စနေနေ့က တိုက်ခတ်ခဲ့တဲ့ မီးလေဆင်နှာမောင်း

လျှပ်စစ်စွမ်းအင် ဖြည့်ဆည်းပေးနိုင်အား စနည်းလာစအချိန်မှာ ထုတ်ပြန်လေ့ ရှိတဲ့ အဆင့် ၃ အရေးပေါ်ကြေညာချက်ကို ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ စွမ်းအင် ကြီးကြပ်ရေးဌာနဖြစ်တဲ့ (CISO) ဌာနက ထုတ်ပြန်ထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ လျှပ်စစ်ဓာတ်ကို နေစွမ်းအင်နဲ့ လေစွမ်းအင်ကနေ အားထား ထုတ်လုပ်နေတာ ဖြစ်ပြီး အပူလှိုင်းကျရောက်ချိန်မှာ အအေးပေးစက်အတွက် လျှပ်စစ်ဓာတ် သုံးသူတွေ အရမ်းများလာတဲ့အတွက် စွမ်းအင်စက်ရုံတွေ ထိခိုက်လာခဲ့ပြီး လုံးဝ စက်ချို့ယွင်းသွားမယ့် အခြေအနေ ရှိနေပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှုအားကို ထိန်းချုပ်နိုင်ဖို့နဲ့ လျှပ်စစ်အား လုံးဝ ပြတ်တောက်သွားမှာကို ရှောင်ရှားနိုင်ဖို့အတွက် တာဝန်ရှိပုဂ္ဂိုလ်တွေက လျှပ်စစ်မီးကို အချိန်နဲ့ အလှည့်ကျ ခွဲပေးနေပါတယ်။

အပူချိန်ပြင်းထန်မှုရဲ့ ရိုက်ခတ်မှုဒဏ်တွေက ဘာတွေလဲ

၉၀ ဒီဂရီ ဖာရင်ဟိုက် ( ၃၂ ဒီဂရီ ဆဲလ်ဆီယပ်စ် ) အထက် ပူပြင်း စိုထိုင်းမှုဒဏ် ၂ ရက်၊ ၃ ရက်ကြာ ဖြစ်ခဲ့ရင် ဒီကာလကို ထူးကဲတဲ့ အပူချိန် မြင့်မားမှုကာလအဖြစ် တာဝန်ရှိပုဂ္ဂိုလ်တွေက သတ်မှတ်ကြတာပါ။

အမေရိကန်နိုင်ငံမှာ တခြား ထူးကဲတဲ့ ရာသီဥတုဒဏ်တွေထက် အပူလှိုင်းဒဏ်ကြောင့် သေဆုံးသူ ပိုများတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) က ပြောပါတယ်။

အပူလှိုင်းဒဏ်ကြောင့် လူ့ခန္ဓာကိုယ်ကို တိုက်ရိုက် ထိခိုက်မှုတွေက ကြွက်တက်တာ၊ ခန္ဓာကိုယ်တွင်း ရေခမ်းခြောက်တာတွေ ဖြစ်တတ်ပြီး အသက်အန္တရာယ် ဖြစ်စေတဲ့ အပူရှပ်တာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။

ဒါ့အပြင် ထူးကဲတဲ့ အပူချိန်ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ် ချို့ယွင်းမှု အပါအဝင် နဂိုရှိရင်းစွဲ ရောဂါတွေကို ပိုဆိုးလာစေနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။

ဒါ့အပြင် အခြေခံအဆောက်အအုံပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိနိုင်ပါတယ်။ စွမ်းအင်လုပ်ငန်းကို ထိခိုက်နိုင်ပြီး မီးမှောင်ကျမှုတွေ ဖြစ်စေနိုင်သလို ထူးကဲတဲ့ အပူချိန်ကြောင့် လေယာဉ်တွေ ရပ်နားထားရတာမျိုး၊ လမ်းတွေ အရည်ပျော်ကုန်တာမျိုး၊ ကားတွေ အပူချိန်လွန်ကဲပြီး အန္တရာယ် ဖြစ်စေတဲ့ အခြေအနေအထိ ကြုံရနိုင်ပါတယ်။

အပူလှိုင်းဒဏ်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းကိုလည်း ထိခိုက်လာနိုင်ပါတယ်။ အပင်တွေ ခြောက်ကုန်တာ ဒါမှမဟုတ် သီးနှံတွေ ပိုးကျဖို့ ပိုလွယ်တာတွေ ဖြစ်လာနိုင်ပါတယ်။