မိသားစုကို အေကေ - ၄၇ နဲ့ ကာကွယ်ခဲ့တဲ့ မိန်းကလေး

  • ကဝန် ခါမူး
  • ဘီဘီစီ ပါရှန်းဘာသာဌာန
သူ့အဖေရဲ့ အေကေ - ၄၇ မောင်းပြန်သေနတ်ကို ကိုင်ထားတဲ့ နိုရီရာရဲ့ ပုံကို အွန်လိုင်းမှာ လူအများက ရှယ်နေကြ

ဓာတ်ပုံ ရင်းမြစ်, Ghor district government

ဓာတ်ပုံ ပုံစာ,

သူ့အဖေရဲ့ အေကေ - ၄၇ မောင်းပြန်သေနတ်ကို ကိုင်ထားတဲ့ နိုရီရာရဲ့ ပုံကို အွန်လိုင်းမှာ လူအများက ရှယ်နေကြ

ပြီးခဲ့တဲ့လအတွင်း သူ့အိမ်ကို တိုက်ခိုက်ခံရစဉ်က ၁၅ နှစ်အရွယ် နိုရီရာက အေကေ - ၄၇ စက်သေနတ်ကို ဆွဲယူပြီး တိုက်ခိုက်သူ ၂ ယောက်ကို ပစ်သတ်နိုင်လိုက်ကာ နောက်ထပ် တယောက်ကတော့ ဒဏ်ရာရအောင်လုပ်နိုင်ခဲ့ပါတယ်။

ဒီဖြစ်စဥ်မှာ သူရဲကောင်း တယောက်အဖြစ် သူ ချီးမွမ်းတာခံရပါတယ်။ ဒါပေမဲ့ အဲဒီညက ဖြစ်ပျက်ခဲ့မှုရဲ့ နောက်ကွယ်က ဇာတ်လမ်းက အတော့်ကို ရှုပ်ထွေးပါတယ်။

နိုရီရာက တာလီဘန် တိုက်ခိုက်သူတွေကို ပစ်ချလိုက်တာလား၊ သူ့ ယောက်ျားကို ပစ်သတ်လိုက်တာလား၊ ၂ မျိုးလုံးလား။

ဒီသတင်းဆောင်းပါးမှာ လုံခြုံရေးကြောင့် နာမည်တွေကို ပြောင်းလဲထားပါတယ်။

အမှောင်ကို အကာအကွယ်ယူပြီး အဲဒီလူတွေ ရွာကို လာခဲ့ကြပါတယ်။

နိုရီရာပြောပြချက်အရ အဲဒီအချိန်က မနက် ၁ နာရီလောက်ဖြစ်ပြီး သူတို့ဟာ သူ့မိဘအိမ်ရဲ့ အိမ်ရှေ့တံခါးကနေ အတင်းဝင်လာကြတယ်။ ဆယ်ကျော်သက်အရွယ် နိုရီရာဟာ ဆူဆူညံညံအသံတွေကြောင့် အိပ်ရာကနိုးလာပြီး အိပ်ခန်းထဲမှာ ငြိမ်ငြိမ်လေး ဘာသံမှ မထွက်ဘဲ နေနေတယ်။ ၁၂ နှစ်သား သူ့မောင်လေးလည်း တခြားအိပ်ခန်းထဲမှာ ရှိနေတယ်လို့ သူ ထင်တယ်။

နောက်သူကြားနေရတာကတော့ အဲဒီလူတွေဟာ သူ့မိဘတွေကို တောင်ခြေမှာ ရှိတဲ့ သူတို့အိမ်ငယ်လေးရဲ့ အပြင်ကို ခေါ်ထုတ်သွားတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အဲဒါတွေက နိုရီရာ ဘီဘီစီနဲ့ အင်တာဗျူးစဉ်မှာ အဲဒီ့ညက အဖြစ်တွေကို ပုံဖော်ပြောပြခဲ့တာပါ။

နောက်ထပ်ကြားလိုက်ရတာတွေကတော့ သေနတ်သံတွေပါလို့ သူက ပြောပါတယ်။

"သူတို့ အဖေနဲ့အမေကို သတ်လိုက်ကြတယ်"

အာဖဂန်နစ္စတန်ရဲ့ မတည်ငြိမ်တဲ့ဒေသအတွင်းက ကျေးလက်ရွာလေးတရွာမှာ နိုရီရာ လူလားမြောက်ခဲ့တာပါ။ သူဟာ အလွန် ရှက်ရွံ့တတ်သူတယောက်ဖြစ်သလို စကားပြောရင်လည်း အေးအေးဆေးဆေး ညင်ညင်သာသာ ပြောတတ်တဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတယောက်ပါ။ ဒါပေမဲ့ သေနတ်တွေကို ဘယ်လို ကိုင်တွယ် ပစ်ခတ်ရလဲဆိုတာ သူသိသလို လက်လည်း ဖြောင့်ပါတယ်။ သူ ငယ်စဉ်ကတည်းက သူ့ဖခင်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် သင်ပေး၊ လေ့ကျင့်ပေးထားတာပါ။

အဲဒီညမှာတော့ ပုန်းနေမယ့်အစား သူ့ဖခင်ရဲ့ အေကေ - ၄၇ ရိုင်ဖယ်စက်သေနတ်ကို ဆွဲကိုင်လိုက်ပြီး အိမ်ပြင်က လူတွေကို ပစ်ချလိုက်ပါတယ်။ လက်ထဲမှာ ကျည်ဆံ နည်းနည်းပဲ ကျန်တဲ့အထိ ပစ်ခတ်ပစ်လိုက်တာလို့ သူက ပြောပြပါတယ်။

သူတို့ ရောက်လာပြီး တနာရီလောက်အကြာမှာတော့ အမှောင်ကြားမှာပဲ အဲဒီလူတွေ ပြန်ဆုတ်ခွာထွက်သွားကြတယ်လို့ သူက ဆိုပါတယ်။ အိမ်အပြင်မှာတော့ အလောင်း ၅ လောင်းကျန်ခဲ့ပါတယ်။ သူ့ အမေရယ်၊ သူ့အဖေရယ်၊ သူ့တို့အိမ်နီးချင်းလည်းဖြစ် သူ့ဆွေမျိုးထဲကလည်း ဖြစ်တဲ့ အသက်ကြီးကြီး လူတယောက်ရယ်၊ နောက် တိုက်ခိုက်သူ ၂ ယောက် တို့ပါ။

"သိပ်ကို ကြောက်စရာကောင်းပါတယ်။ သူတို့က သိပ်ကို ရက်စက်ကြမ်းကြုတ်ပါတယ်။ ကျွန်မအဖေက မသန်စွမ်းတယောက်ပါ။ အမေဆိုတာလည်း အပြစ်မရှိသူပါ၊ သူတို့ သတ်လိုက်ကြတာပါပဲ။"

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

နိုရီရာကို သူ့ဒေသကနေ ကဘူးရ်က လုံခြုံတဲ့အိမ်တခုကို ပြောင်းရွှေ့ပေးထား

အာဖဂနစ္စတန်မှာ ကြီးပြင်းလာကြတဲ့ နိုရီရာတို့လို ဆယ်ကျော်သက်တွေအဖို့ စစ်ပွဲဆိုတာက လွဲလို့ ဘာမှ မသိနိုင်ကြပါဘူး။ အစိုးရဘက်တော်သား တပ်ဖွဲ့တွေ နဲ့ နိုင်ငံရဲ့ အတင်းမာဆုံးလက်နက်ကိုင်အဖွဲ့ တာလီဘန်တို့အကြား လက်နက်ကိုင် ပဋိပက္ခဖြစ်နေတာ ၂၅ နှစ်ကျော်လာပါပြီ။

အစိုးရဖက်က တပ်တွေက မြို့ကြီးတွေ၊ မြို့ငယ်တွေကို ထိန်းချုပ်ထားပြီး တာလီဘန်တွေက အစွန်အဖျားကျပြီး ကျယ်ပြန့်လှတဲ့ ခေါင်တဲ့ ဒေသနေရာတွေကို သိမ်းထားတာပါ။ နိုရီရာတို့ ရွာမျိုးတွေက နှစ်ဖက်ကြားညပ်တဲ့ ရွာတွေပေါ့။

သူ့ကျေးလက်ဒေသ ဂါလ် ခရိုင်အတွင်းမှာ တာလီဘန် တပ်ဖွဲ့ဝင် အဖွဲ့ငယ်လေးတွေက အစိုးရ လိုလားတဲ့ တပ်ဖွဲ့တွေရဲ့ စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ကြတာက အထူးအဆန်းသတင်းမဟုတ်ပါဘူး။

နိုရီရာနဲ့ စစ်ရဲတပ်ဖွဲ့ဝင် တယောက်ဖြစ်တဲ့ သူ့ အဖေတူ အမေကွဲ အစ်ကို တို့ ပြောတာက သူတို့ အဖေဟာ မျိုးနွယ်စု ခေါင်းဆောင်၊ အစိုးရလိုလားတဲ့ ရပ်ရွာအသိုင်းအဝိုင်းရဲ့ ခေါင်းဆောင် တယောက်ဖြစ်တာကြောင့် တာလီဘန် လက်နက်ကိုင်တွေက ပစ်မှတ်ထားတိုက်ခိုက်တာကို ခံရတာလို့ ပြောပါတယ်။

ဒါပေမဲ့ နောက်ထပ် သီတင်းပတ် ၃ ပတ်လောက်အတွင်းမှာ အဲဒီညက တိုက်ခိုက်မှုအခြေအနေတွေအကြောင်းကို ပြောပြကြတဲ့ဇာတ်လမ်းတွေက နိုရီရာတို့ အပြင် အများကြီး ထပ်ထွက်လာပါတယ်။

သေသွားတဲ့ တိုက်ခိုက်သူတွေရဲ့ မိသားစုဝင်တွေက ပြောတာ၊ ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေက ပြောတာ၊ ဒေသခံ ရပ်မိရပ်ဖ တွေက ပြောတာ၊ တာလီဘန် အဖွဲ့ ကိုယ်စားလှယ်တွေက ပြောတာ၊ အာဖဂန် အစိုးရ က ပြောတာ အစုံပါပဲ။ ဒီတော့ အဲဒီညက အဖြစ်အပျက်နဲ့ပတ်သက်လို့ မူကွဲတွေအမျိုးမျိုးဖြစ်လာပါတယ်။

ဘီဘီစီကို ပြောပြချက်တွေအရ အဲဒီညက လက်နက်ကိုင်တိုက်ခိုက်သူတွေထဲက တယောက်ဟာ နိုရီရာရဲ့ ယောက်ျားဆိုတာသိလာရသလို၊ တာလီဘန် စစ်သွေးကြွတွေကို ကာကွယ်ခဲ့တဲ့ အမျိုးသမီးငယ်ရဲ့ သူရဲကောင်းဇာတ်လမ်းက မိသားစု အငြင်းအခုံပြဿနာဆိုတဲ့ ဇာတ်လမ်းတွေကြားထဲကို ရောက်သွားပါတော့တယ်။

အဲဒီလို တခုနဲ့တခု ကွဲနေတဲ့ ပြောပြချက်တွေက နိုရီရာ တကယ်ကြုံခဲ့ရတဲ့ အမှန်တရားကို မြေမြှုပ်ပစ်ဖို့ ခြိမ်းခြောက်လာပါတော့တယ်။

တချိန်တည်းမှာပဲ ဒီပြောပြချက်တွေက အာဖဂန် တောနယ်က တကယ့် ရင်နာစရာ ဝမ်းနည်းစရာ ဘဝတွေ အကြောင်းတွေကို ဖော်ထုတ်ပြခဲ့ပါတယ်။

အဲဒါတွေက အဲဒီ နေရာဒေသတွေမှာ အမျိုးသမီးငယ်တွေအဖို့ မျိုးနွယ်စုအရေးထားရေး ဝါဒတွေ၊ ရိုးရာအစဉ်အလာ ဓလေ့တွေ၊ သူတို့ဘဝတွေကို လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အဖိုကြီးစိုးရေး ဝါဒတွေရဲ့ ယဉ်ကျေးမှုအကြား ကြားညပ်ပိတ်နေရတဲ့ အခြေအနေတွေကို ဖော်ကျူးနေပါတယ်။

သူတို့အနေနဲ့ နိုရီရာလိုပဲ အကာအကွယ်မဲ့နေရသလို၊ ပညာသင်ကြားပိုင်ခွင့်လည်း သိပ်မရှိပါဘူး။ ဒါ့အပြင် အကြမ်းဖက် ပဋိပက္ခထဲ ဆွဲသွင်းတာခံရတဲ့အခါ မလုပ်ချင်တဲ့ သူတို့ရဲ့ ဆန္ဒတွေကို ဘယ်လိုထုတ်ပြောရမယ်ဆိုတာ မသိနိုင်ကြသလို၊ ဘယ်တော့မှလဲ ပြောခွင့်မရခဲ့ကြပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဂါလ် ခရိုင်အတွင်း အစိုးရ စစ်သားတွေ ကင်းစောင့်နေစဉ်

အဲဒီညကအဖြစ်အပျက်နဲ့ပတ်သက်ပြီး အငြင်းအခုံပြောနေကြတာတွေကတော့ သူတို့ အိမ်ကိုလာခဲ့တဲ့သူတွေက ဘယ်သူတွေလဲ၊ ဘာကြောင့်သူတို့ လာခဲ့ကြတာလဲ စတာတွေအပေါ် အမျိုးမျိုးပြောနေတာက အများဆုံးပါ။ ပြောပြကြတဲ့သူတွေ အားလုံးတူတာတခုတော့ ရှိပါတယ်။ အဲဒါကတော့ အဲဒီ ညလယ်ပိုင်းအချိန် အဲဒီရွာမှာ တိုက်ခိုက်မှုဖြစ်ခဲ့တယ် ဆိုတာပါ။

နိုရီရာရဲ့ အဆိုအရ အဲဒီလူစိမ်းတွေဟာ သူတို့ကိုယ်သူတို့ မူဂျာဟစ်ဒင် တိုက်ခိုက်ရေးသမားတွေလို့ ပြောကြောင်းနဲ့ သူတို့ သူ့အဖေဆီကို လာတာလို့ ဆိုပါတယ်။ မူဂျာဟစ်ဒင်တွေ ဆိုတာကတော့ တာလီဘန်တွေအမြဲ သုံးစွဲနေကျ အသုံးအနှုန်းပါ။

တာလီဘန်တွေကတော့ ဆက်ကျော်သက်အရွယ် မိန်းကလေးနဲ့ သူတို့ တိုက်ခိုက်တာ မဖြစ်ခဲ့ဘူးလို့ ငြင်းပါတယ်။ ဒါပေမဲ့ အဲဒီညက အဲဒီရွာက ရဲဂိတ်စခန်းတခုကို ဝင်တိုက်ခဲ့တယ်ဆိုတာကို အတည်ပြုပြောပါတယ်။ တာလီဘန် နှစ်ယောက် ဒဏ်ရာရခဲ့တယ်။ ဒါပေမဲ့ သေဆုံးတာ မရှိဘူးလို့ ပြောပါတယ်။

အာဖဂန် ဒေသဆိုင်ရာအစိုးရနဲ့ ဗဟိုအစိုးရ အရာရှိတွေကတော့ တာလီဘန်တွေရဲ့ "အကြီးအကျယ်" တိုက်ခိုက်မှုတခု ရှုံးနိမ့်ခဲ့ပြီး သူတို့အောင်ပွဲရကြောင်းကြေညာသလို၊ နိုရီရာ့ကို "တကယ့် သူရဲကောင်း" လို့ ကြွေးကြော်နေပါတယ်။

နိုရီရာနဲ့ သူ့မောင်ငယ်ကို သူတို့နေထိုင်ရာ ခရိုင်အတွင်းကနေ စစ်ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်ပေးပြီး ဒေသတွင်းက လုံခြုံတဲ့နေရာ တခုမှာ ထားထားပေးချိန်မှာပဲ လူမှုမီဒီယာ ပေါ်မှာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့အတွက် မိန်းကလေးငယ်တယောက် လက်နက်စွဲကိုင်လိုက်ပြီ ဆိုတဲ့ ဇာတ်လမ်းက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတော့တယ်။

တာလီဘန်တွေကို အနိုင်တိုက်ခိုက်နိုင်ခဲ့တဲ့ အရပ်သားတွေကို သမ္မတက ချီးကျူးဂုဏ်ပြုတာမျိုးက အာဖဂန်မှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။ ဒါပေမဲ့ သမ္မတ အာရှက်ဖ် အာရက်ဖ် က နိုရီရာကို ကဘူးရ် မြို့တော်ကို ဖိတ်ခေါ်ဂုဏ်ပြုရာမှာတော့ တုံ့ပြန်တာတွေက တသံတည်း မဟုတ်တော့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Local Afghan authorities

ဓာတ်ပုံ ပုံစာ,

နိုရီရာတို့ မောင်နှမတွေ စစ်တပ် ရဟတ်ယာဉ်ပေါ် တက်နေစဉ်

တချို့က သူ့ကို သူရဲကောင်းလို့ ပြောကြပါတယ်။ တချို့ကတော့ စစ်ဖြစ်နေတဲ့ နှစ်ဖက်အတွင်း ပိတ်မိကြရတဲ့ အပြစ်မဲ့ကလေးတယောက်လို မြင်ကြပြီး တဖက်က တိုက်ခိုက်တာ (ဒီကလေးမလေးက) ခံရတယ်၊ တဖက်ကတော့ သူတို့ဘက်ကို လူထုကအကောင်းမြင်အောင် လူထုဆက်ဆံရေး ဝါဒဖြန့် စတန့်ထွင်ဖို့ သူ့ကို ပြပြီးအသုံးချတာလို့ ဆိုပါတယ်။

တွစ်တာသုံးသူတယောက် ရေးတာက "သေကြတာတွေ၊ အကြမ်းဖက်တာတွေကို အများကြီးမြင်နေ ကြုံနေကြတဲ့ ဒီလိုနိုင်ငံတခုမှာ အသက်တချောင်းနဲ့ ငြိမ်းချမ်းမှုရဲ့ တန်ဖိုးကို ဘယ်လိုမြင်ကြသလဲဆိုတာ နားကို မလည်နိုင်တော့ဘူး၊ အကြမ်းဖက်တာကို ဂုဏ်ပြုကြမလား၊ လက်နက်ကိုင်ကြဖို့ကို ချီးမြှောက်နေကြမလား၊ အကြမ်းဖက်မှုကို အကြမ်းဖက်တာနဲ့ တုံ့ပြန်ဖို့ မဟုတ်ဘူး" လို့ ရေးပါတယ်။

နောက်တယောက်ကတော့ နိုရီရာဟာ "ကိုယ့်အသက် ရှင်သန်အောင် အောင်အောင်မြင်မြင် ခုခံကာကွယ်နိုင်တဲ့ အာဖဂန်အမျိုးသမီးတွေရဲ့ သင်္ကေတ"

"ဘာမှပြန်မလုပ်နိုင်ဘဲ ခံကြရတဲ့ သားကောင်တွေ အာဖဂန်နစ္စတန်မှာ အများကြီး၊ တာလီဘန်တွေရဲ့ ဘာသာရေးစစ်ကြောင့် ဒဏ်ရာတွေခံစားနေကြသူတွေအများကြီး" လို့ ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ခဲ့တဲ့နောက်နေ့မှာ ဒေသခံရဲက သေပြီးကျန်ရစ်တဲ့ အလောင်းတွေကနေ သူတို့ဘယ်သူ ဘယ်ဝါဆိုတဲ့ အထောက်အထား ကတ်ပြားတွေ တွေ့တယ်၊ ဒီလူတွေက တာလီဘန်ထောက်ခံသူတွေလို့ ရဲအရာရှိတွေက ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရပြီး လွတ်သွားတဲ့ တတိယမြောက်လူက တာလီဘန် အဆင့်မြင့်တပ်မှူး တယောက်ဖြစ်ပြီး သူ့နာမည်က ဆာရစ် မက်ဆန် ကမ်ရန် ဖြစ်တဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အာဖဂန် ရိုးရာအင်္ကျီ၊ ဘောင်းဘီ ခပ်ပွပွ၊ အရောင်ရင့့် ခါးတို အပေါ်အင်္ကျီနဲ့ သွေးတွေစိုရွှဲနေတဲ့ အသက် ၂၀ ကျော်အရွယ် လူ ၂ ယောက်ရဲ့ အလောင်းက ဘယ်သူဘယ်ဝါ တွေဆိုတာကို ဘီဘီစီ အနေနဲ့ သီးခြား လွတ်လပ်စွာ အတည်မပြုနိုင်ပါဘူး။

တာလီဘန်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ ရဲတွေပြောတဲ့ ဒဏ်ရာရပြီး ထွက်ပြေးသွားနိုင်တဲ့ တာလီဘန် တပ်မှူး ဆိုတာ လောလောဆယ်မှာ ဒဏ်ရာရထားတယ်။ ဒါပေမယ့် ဘယ်နေရာမှာ ၊ ဘယ်တုန်းက ဒဏ်ရာရခဲ့တာလဲဆိုတာကိုတော့ အဲဒီ သတင်းရင်းမြစ်တွေက အတည်မပြုနိုင်ပါဘူး။

ဒေသဆိုင်ရာ တာလီဘန် သတင်းရင်းမြစ်ကလည်း သေသွားတဲ့ သူတွေထဲက တယောက်ဟာ အာဖဂန်နစ္စတန်တောင်ပိုင်း ဟဲလ်မင်း ခရိုင်အတွင်းမှာလှုပ်ရှားတဲ့ တာလီဘန် ကွန်ရက်မှာ နှစ်အတော်ကြာတုန်းကတည်းက ပါဝင်ခဲ့တဲ့သူဆိုတာကို အတည်ပြု ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

သတ်ဖြတ်မှုဖြစ်ခဲ့ရာ နိုရီရာရဲ့ အိမ်ပြင်က မြင်ကွင်း

သမ္မတရဲ့ ဖိတ်ခေါ်မှုနဲ့ နိုရီရာရယ်၊ သူ့ရဲ့ ၁၂ နှစ်အရွယ် မောင်လေးရယ် မြို့တော်ကို ရောက်တဲ့အခါမှာတော့ သူ့မိဘတွေ အသတ်ဖြတ်ခံရတဲ့ ဝမ်းနည်းစရာအရေးက လူတွေအကြား ပိုပြန့်သွားပါတယ်။

သီတင်းတပတ်အကြာမှာတော့ တိုက်ခိုက်မှုမှာသေဆုံးခဲ့တဲ့ အမည်မသိ တိုက်ခိုက်သူ နှစ်ယောက်ထဲက တယောက်က နိုရီရာရဲ့ ယောက်ျားဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ၊ ဒေသခံတွေက ဘီဘီစီကို ပြောရာမှာတော့ နိုရီရာရဲ့ ခင်ပွန်းဖြစ်သူ မိသားစုချင်း အငြင်းပွားရာကနေ ယောက္ခမ ဖြစ်သူက သူ့ဇနီးနိုရီရာကို အိမ်ပြန်ခေါ်သွားလို့ သူ့ဇနီးကို ပြန်ခေါ်ဖို့ ဒီရွာကို သွားခဲ့တာလို့ ဆိုပါတယ်။

ရာဟင်းမ်ဟာ တခါတုန်းက တာလီဘန်တွေနဲ့ ပတ်သက်ခဲ့တဲ့သူဖြစ်ပြီး အဲဒီအိမ်ကိုသွားရာမှာ တာလီဘန် စစ်သွေးကြွတွေနဲ့ အတူသွားခဲ့တာလို့ လည်း ဒီအရင်းအမြစ်တွေက ဆိုကြပါတယ်။

သေဆုံးသူ နှစ်ယောက်မှာ နိုရီရာရဲ့ ခင်ပွန်းဖြစ်သူက ဘယ်သူဘယ်ဝါဆိုတာလည်း သူတို့က ပြောပါတယ်။

နိုရီရာကတော့ သူတို့ ဘယ်တုန်းကမှ လက်ထပ်ခဲ့တာမရှိဘူးလို့ ဆိုပါတယ်။

တခြားသူတွေအဆိုအရ မိသားစု ၂ စု အကြား အမျိုးသမီး ၂ ယောက် အလဲအလှယ်လုပ် လက်ထပ်ရတဲ့ "မိုခီ (mokhi)" အလေ့အထကြားမှာ နိုရီရာ ပါခဲ့ရတာလို့ ဆိုပါတယ်။

ရာဟင်းမ်က နိုရီရာကို သူ့ ဒုတိယ ဇနီးအဖြစ်ယူပြီး နိုရီရာ့ ဖခင်က ဟာရင်းမ်ရဲ့ တူမ ဆယ်ကျော်သက်အရွယ်ကို သူ့ ဒုတိယ ဇနီးအဖြစ်ယူမှာပါ။ ဒါပေမဲ့ မိန်းကလေး နှစ်ယောက်စလုံးက အသက်ငယ်သေးတော့ ဒီလက်ထပ်တာတွေ အတည်ဖြစ်ဖို့ နှစ်အတော်စောင့်ကြမှာ ကိုလည်း နှစ်ဖက်လုံးက သဘောတူထားကြပြီးသားလို့လည်း ဆိုကြပါတယ်။

အာဖဂန် ကျေးလက်ဒေသမှာ ဖြစ်နေတဲ့ ဒီလို ဇာတ်လမ်းကို တကယ်ဟုတ်မဟုတ် အတည်ပြုဖို့က သိပ်လွယ်တဲ့ အရေးတော့မဟုတ်ပါဘူး။ ယာခင်းတွေ အများကြီးရှိတဲ့ နိုရီရာတို့ ရွာကို မတ်စောက်နေတဲ့ တောင်တန်းတွေဝန်းရံနေတာပါ၊ ဖုန်းလိုင်းမိဖို့အတွက် ရွာသားတွေဟာ အနားက တောင်စောင်းထိပ်ကို တက်မှရပါတယ်။

ရာဟင်းမ်ဟာ တကယ်ပဲ နိုရီရာရဲ့ ယောက်ျားဆိုတာလားဆိုတာကို အတည်ပြုနိုင်ဖို့ ဘီဘီစီက ရာဟင်းမ် အမေ ဖြစ်သူ ရှဖိကာကို လိုက်ဆက်သွယ်ပါတယ်။

သူက အာဖဂန်နစ္စတန် အနောက်တောင်ပိုင်း နီမရုဇ် ခရိုင်မှာ သူ့သားရဲ့ ပထမ ဇနီး၊ နောက် သူတို့ရဲ့ ကလေး ၂ ယောက်နဲ့ အတူနေတဲ့ သူပါ။

နီမရုဇ်ကနေ ဖုန်းနဲ့ ဖြေပေးတဲ့ ရှဖိကာက သူ့သားဟာ မိသားစု အလဲအလှယ်လက်ထပ်ရေး ဓလေ့အရ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက နိုရီရာကို လက်ထပ်ထားတာဆိုတာ အတည်ပြုသလို၊ သူ့ရဲ့ တခြားမြေးဖြစ်သူ ရာဟင်းမ်ရဲ့ တူမကလည်း နိုရီရာရဲ့ ဖခင်နဲ့ လက်ထပ်ထားတာဆိုတာ အတည်ပြုပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက ရာဟင်းမ် တယောက် ဟဲလ်မင်းဘက်မှာ အလုပ်လုပ်နေစဉ်အတွင်း နိုရီရာရဲ့ ဖခင် မမျှော်လင့်ဘဲ သူတို့အိမ်ကို ရောက်လာပြီး၊ သူ့သမီးကို ပြန်ခေါ်သွားသလို သူ ဇနီးသစ် ရာဟင်းမ်ရဲ့ တူမကို လည်း ပြန်ထားခဲ့တယ်လို့ ရှဖိကာက ပြောပါတယ်။ ဒီတော့ အိမ်ထောင်ဖက် အလဲအလှယ်က အဲဒီမှာ ပျက်ပြယ်သွားပြီလို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆည်းဆာချိန်မှာ မြို့တော် ကဘူးရ်ကို တွေ့ရပုံ

ဒီ မိသားစုနှစ်ဖက် စိတ်ဝမ်းကွဲတာတွေကို ပြေလည်နိုင်စေရေး အကူအညီပေးဖို့ ရပ်မိရပ်ဖတွေကို သူတို့ မေတ္တာရပ်ခံခဲ့တယ်လို့လည်း ရှဖိကာက ပြောပါတယ်။ ဒါပေမဲ့ ငွေကြေးချို့တဲ့သူတွေဖြစ်တော့ နိုရီရာရဲ့ ဖခင်ဖြစ်သူကို တားဖို့ သူတို့ မစွမ်းသာခဲ့ပါဘူး။

ရာဟင်းမ်ဟာ နိုရီရာရဲ့ အိမ်ကို အဲဒီညက သွားခဲ့တယ်။ ဒါပေမဲ့ တိုက်ခိုက်ဖို့ သတ်ဖြတ်ဖို့ မရည်ရွယ်ဘူးလို့ ဆိုပါတယ်။

"သူတို့က အာဏာရှိသူတွေ၊ ကျွန်မတို့က ဆင်းရဲသားတွေပါ၊ သူက ညသန်းခေါင်မှာ သွားတာလည်းမဟုတ်ဘူး၊ နိုရီရာ့ ဖခင်က ခေါ်လို့ ညနေပိုင်းမှာသွားကြတာ။ ပြဿနာကို ဖြေရှင်းကြဖို့ပါ။နောက်ဆုံး ကွာရှင်းပြတ်စဲကြဖို့လည်း စကားပြောကြဖို့ပါ" လို့ သူက ပြောပါတယ်။

ရှဖိရာက သူ့သားဟာ တာလီဘန်မဟုတ်ဘူးလို့လည်း ငြင်းပါတယ်။ ဒါပေမဲ့ သူပြောပြတဲ့ သူ့သား ဟဲလ်မင်းခရိုင်မှာ သွားပြီး အလုပ်လုပ်တဲ့အချိန်က တာလီဘန်တွေ ပြောပြတဲ့ သူတို့ ကွန်ရက် အဖွဲ့မှာ လုပ်တဲ့အချိန်က တူနေပါတယ်။

"ကျွန်မသားဟာ တာလီဘန် အဖွဲ့ဝင်မဟုတ်ပါဘူး၊ သူက ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်နေတာပါ။"

"သူ့ဘဝ တလျှောက်လုံး သေနတ်ကိုင်ခဲ့တာ မဟုတ်ဘူး။ကျွန်မတို့က ဆင်းရဲတဲ့သူတွေပါ။ကျွန်မတို့ပြောတာကို ဘယ်သူမှ နားထောင်မပေးကြဘူး။ ဘယ်သူမှ နားမထောင်ကြဘူး" လို့ သူက ပြောပါတယ်။

ရာဟင်းမ်အထက်က သူ့နောက်သားတစ်ယောက်က ရဲတပ်ဖွဲ့ဝင်တယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၁၂ နှစ်တုန်းက နီမရုဇ်မှာဖြစ်ခဲ့တဲ့ အသေခံတိုက်ခိုက်မှု တခုအတွင်းသေဆုံးခဲ့ရတယ် ဆိုတာကို ရှဖိကာက ပြောပြပါတယ်။ သူ့အိမ်မှာ မိသားစုအတွက် ဝင်ငွေရှာပေးမယ့် ယောက်ျားသား တယောက်မှ မရှိတော့ပါဘူး။ သူထိန်းချုပ်ဖို့ရာ မစွမ်းသာတဲ့ အကြမ်းဖက်သံသရာအတွင်း ကျရောက်နေရတဲ့ တခြား အာဖဂန် အမျိုးသမီးလိုပဲ သူ့ ဘဝက ကြားညပ်ပိတ်မိနေတာပါ။

ဓာတ်ပုံ ပုံစာ,

တိုက်ခိုက်မှုဖြစ်အပြီး နောက်နေ့နေအထွက်မှာပဲ အလောင်းတွေကို နိုရီရာနဲ့ သူ့အိမ်နီးနားချင်းတွေက မြှုပ်နှံသဂြိုဟ်ခဲ့

နိုရီရာရဲ့ ရွာက ရပ်မိရပ်ဖတွေ၊ ဒေသခံ ရဲတွေ၊ အာဖဂန် ဗဟိုအစိုးရက အာဏာပိုင်တွေအားလုံးကတော့ ရာဟင်းမ်နဲ့ နိုရီရာက လက်ထပ်ထားတာမဟုတ်သလို၊ နိုရီရာတို့ အိမ်ကို တာလီဘန်က ဝင်စီးနင်းတိုက်ခိုက်တာ၊ ပစ်မှတ်က သူ့ဖခင် ဖြစ်တယ်လို့ အခိုင်အမာပြောကြပါတယ်။

အဲဒီညမှာ ဖြစ်ပျက်ခဲ့တာကို တကယ်သိတဲ့ လူက နည်းနည်းသာရှိမှာပါ။ နိုရီရာ၊ သူ့မောင်၊ မသေဘဲ လွတ်မြောက်သွားတဲ့ တိုက်ခိုက်သူတို့ပဲ အသေအချာသိနိုင်ပါတယ်။ တခြားဘယ်သူမှ တကယ့်အဖြစ်ကို သေသေချာချာ သိနိုင်ကြမှာမဟုတ်ပါဘူး။

တိုက်ခိုက်မှုပြီး နောက်မနက်မှာ နိုရီရာနဲ့ သူ့အိမ်နီးနားချင်းတွေက သူတို့အိမ်နားမှာပဲ သူ့မိဘတွေကို မြှပ်နှံခဲ့ပါတယ်။ ကွယ်လွန်သူ ရုပ်ကလာပ်တွေ မြေချချိန်မှာ အစိုးရနဲ့ တာလီဘန်တို့အကြား ပထမဆုံး တိုက်ရိုက် ငြိမ်းချမ်းရေး စကားပြောဖို့အတွက် အာဖဂန်အစိုးရက ပြင်ဆင်နေပါပြီ။

ဒီဆွေးနွေးပွဲတွေက အလွှာအသီးသီးအတွက် မျှော်လင့်ချက်ကို ဆောင်ယူပေးနေပါတယ်၊ ဒါပေမဲ့ လစဉ် လစဉ် ရာချီပြီး အသတ်ဖြတ်ခံရဆဲပါ။ အဲဒီထဲမှာ အပြစ်မဲ့ အမျိုးသမီးတွေ၊ ကလေးတွေ အများအပြားပါဝင်ပါတယ်။

နိုရီရာလိုပဲ သူတို့ လုပ်နိုင်တာ များများစားစား မရှိသလို၊ သူတို့ပြောနိုင်တာလည်း များများစားစား မရှိပါဘူး။

သူတို့ကိုယ်သူတို့ ရသမျှနည်းလမ်းတွေနဲ့ ရှင်သန်ဖို့ ကြိုးစားနေရတာကလွဲလို့ ဘာမှလည်း တခြားရွေးစရာလမ်း မရှိပါဘူး။