စီအိုင်အေ အရာရှိဟောင်းကို တရုတ်အတွက် သူလျှိုလုပ်ပေးမှုနဲ့ စွဲချက်တင်

လျှို့ဝှက်ချက်တွေပေးလို့ မစ္စတာမာ ငွေလက်ခံယူနေတာကို ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေ ရထားတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, SAUL LOEB

ဓာတ်ပုံ ပုံစာ,

လျှို့ဝှက်ချက်တွေပေးလို့ မစ္စတာမာ ငွေလက်ခံယူနေတာကို ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေ ရထားတယ်လို့ဆို

အမေရိကန် စီအိုင်အေ (ဗဟိုထောက်လှမ်းရေးအေဂျင်စီ) အရာရှိဟောင်းတယောက်ကို သူ့လိုပဲ စီအိုင်အေမှာ လုပ်ဖူးတဲ့ ဆွေမျိုးတယောက်နဲ့အတူ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်အစိုးရက ဖမ်းဆီးလိုက်ပါတယ်။

အသက် ၆၇ နှစ်အရွယ် အလက်ဇန်းဒါး ယွတ်ခ်ချင်းမာ ကို သောကြာနေ့က ဖမ်းဆီးလိုက်ပြီး တရားစွဲထားတယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။

သက်ဆိုင်သူတွေသာ ဖတ်ခွင့်ရှိတဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ လျှို့ဝှက် သတင်းအချက်အလက်တွေကို တရုတ်ထောက်လှမ်းရေးအရာရှိတွေဆီ ပေါက်ကြားစေခဲ့မှုနဲ့ သူ့ကို စွပ်စွဲထားပါတယ်။

အမေရိကန်အစိုးရနဲ့ တရုတ်အစိုးရအကြား တင်းမာမှုတွေ ဖြစ်နေချိန်မှာ ဒါဟာ သူလျှိုကိစ္စနဲ့ အခုနောက်ဆုံး ဖမ်းဆီးခဲ့မှု ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ မစ္စတာမာ ကို တရားရုံးထုတ်ဖို့ ရှိပြီး တကယ်လို့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် တသက်တကျွန်း ကျခံရနိုင်ပါတယ်။

မစ္စတာ မာအကြောင်း ဘာတွေသိထားလဲ

ဟောင်ကောင်မှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား ခံယူခဲ့တဲ့ မစ္စတာမာဟာ ၁၉၈၂ ခုနှစ်မှာ စီအိုင်အေအတွက် အလုပ် စလုပ်ခဲ့ပါတယ်။

အဲဒီနောက် ၇ နှစ်အကြာမှာ စီအိုင်အေကနေ ထွက်ပြီး ရှန်ဟိုင်းမှာ သွားအလုပ်လုပ်ခဲ့တယ်၊ ၂၀၀၁ ခုနှစ်မှာ ဟာဝိုင်ယီကို ပြောင်းလာခဲ့တယ်လို့ တရားလို ရှေ့နေတွေက ပြောပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

၂၀၀၁ ခုနှစ် မတ်လအတွင်း ဟောင်ကောင်မှာ တခြားလူတွေနဲ့ တွေ့ကြရာကစပြီး သူနဲ့ သူ့ဆွေမျိုးဟာ ဆယ်စုနှစ်တခုလောက် တရုတ်အတွက် သူလျှိုလုပ်ခဲ့ကြတယ်လို့ သူတို့က စွပ်စွဲထားပါတယ်။

စီအိုင်အေအရာရှိဟောင်း နှစ်ဦးဖြစ်တဲ့ သူတို့နှစ်ဦးဟာ "စီအိုင်အေက လူတွေ၊ စစ်ဆင်ရေးတွေ၊ လျှို့ဝှက်ဆက်သွယ်ရေးအတွက် သုံးတဲ့နည်းလမ်းတွေ" နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တရုတ်ထောက်လှမ်းရေးဌာနကို ပေးခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။

ဟောင်ကောင်မှာ လုပ်ခဲ့တဲ့ တွေ့ဆုံမှု တစိတ်တပိုင်းကို ဗီဒီယို ရိုက်ထားတာ ရှိပြီး အဲဒီဗီဒီယိုထဲမှာ မစ္စတာမာက လျှို့ဝှက်သတင်းတွေ ပေးလို့ ရထားတဲ့ အမေရိကန် ဒေါ်လာ ၅၀, ၀၀၀ ကို ရေတွက်နေတာ တွေ့ရတယ်လို့လည်း တရားလိုရှေ့နေတွေရဲ့ တရားရုံးကို တင်ပြတဲ့စာထဲမှာ ဖော်ပြထားပါတယ်။

ဟာဝိုင်ယီမှာ နေနေစဉ် အမေရိကန်အစိုးရရဲ့ လျှို့ဝှက် သတင်းအချက်အလက်တွေကို ရယူပြီး တရုတ်ကို ပေးနိုင်ဖို့အတွက် အက်ဖ်ဘီအိုင် (FBI) နဲ့ အတူ အလုပ်လုပ်ခွင့်ရအောင် မစ္စတာမာ ကြိုးစားခဲ့တယ်လို့လည်း အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။

၂၀၀၄ ခုနှစ်မှာ အက်ဖ်ဘီအိုင်ရဲ့ ဟိုနိုလူလူ ရုံးခွဲက သူ့ကို ဘာသာစကားကျွမ်းကျင်သူအဖြစ် ကန်ထရိုက်စာချုပ်နဲ့ အလုပ်ခန့်ခဲ့ပါတယ်။ အခုတော့ လျှို့ဝှက်စာရွက်စာတမ်း အထောက်အထားတွေ ခိုးယူခဲ့မှုနဲ့ သူ စွပ်စွဲခံထားရပါတယ်။

မစ္စတာမာ ကို ဖမ်းဖို့ ဘာ့ကြောင့် ဒီလောက်တောင် ကြာခဲ့သလဲ ဆိုတာကိုတော့ သိပ်ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မစ္စတာမာ နဲ့ အတူ သူလျှိုလုပ်ခဲ့တယ်ဆိုတဲ့ သူ့အမျိုး (အမည်မဖော်ပြ) ဖြစ်သူဟာ အခုအချိန်မှာ အသက် ၈၅ နှစ် ရှိပြီလို့ ဆိုပါတယ်။ သူဟာ ရှန်ဟိုင်းမှာမွေးဖွားခဲ့သူ တယောက်ဖြစ်ပြီး အမေရိကန် နိုင်ငံသား ခံယူထားတာပါ။ အခုချိန်မှာ သူ့ကျန်းမာရေး အခြေအနေကြောင့် သူ့ကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားမှာ မဟုတ်ဘူးလို့ တရားရုံးကို တင်တဲ့ စာတွေအရ သိရပါတယ်။

တခြား သူလျှိုကိစ္စတွေကကော ဘာတွေပါလဲ

ဒီဖြစ်ရပ်ဟာ ထောက်လှမ်းရေးအရာရှိဟောင်းတွေကို သူလျှိုမှုနဲ့ စွပ်စွဲ အရေးယူခဲ့မှုတွေမှာ အခုနောက်ဆုံး ဖြစ်ရပ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း တရုတ်ကို သူလျှိုလုပ်ပေးမှုနဲ့ စီအိုင်အေ အရာရှိဟောင်း ဂျယ်ရီ ချွန်ရှင် လီကို ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့ပါတယ်။

မစ္စတာလီ ပေးလိုက်တဲ့ သတင်းအချက်အလက်တွေက ၂၀၁၀ နဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ စီအိုင်အေ သတင်းပေး ကွန်ရက်တခုကို တရုတ်အစိုးရက ဖြိုချပစ်ရာမှာ အထောက်အကူ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း အမေရိကန် စီအိုင်အေရဲ့ အဆိုးဝါးဆုံး ကျရှုံးမှုတွေထဲက တခုဖြစ်ခဲ့တဲ့ အဲဒီ အဖြစ်ကြောင့် သတင်းပေး အယောက် ၂၀ လောက် အသတ်ခံရတာ၊ ထောင်အချခံရတာတွေ အဲဒီ ကာလအတွင်းမှာ ဖြစ်ခဲ့ပါတယ်။

နောက်ထပ် စီအိုင်အေ အရာရှိတယောက်ဖြစ်တဲ့ ကက်ဗင် မယ်လိုရီ ကိုလည်း ၂၀၁၉ ခုနှစ် မေလ အတွင်းမှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ အမေရိကန် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို တရုတ်ကို ပေးရာမှာ ပူးပေါင်းပါဝင်ခဲ့မှုနဲ့ သူအပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အမေရိကန် ထောက်လှမ်းရေးအရာရှိဟောင်း နောက်တယောက်ဖြစ်တဲ့ ရွန် ရော့ခ်ဝဲလ် (Ron Rockwell) လည်း စက်တင်ဘာလအတွင်းက ထောင်ဒဏ် ၁၀ နှစ် ချခံရပါတယ်။

တနင်္လာနေ့က ထုတ်ပြန်တဲ့ စာထဲမှာ အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက် ရှေ့နေချုပ် ဂျွန် စီ ဒန်းမား က "တရုတ်ရဲ့ သူလျှိုလုပ်မှု ခြေရာစွတ်ကြောင်းတွေက အရှည်ကြီးပါ။ ဝမ်းနည်းစွာနဲ့ ပြောရမယ်ဆိုရင် အာဏာရှင် ကွန်မြူနစ်အစိုးရကို ကူညီဖို့အတွက် လုပ်ဖော်ကိုင်ဖက်တွေ၊ နိုင်ငံနဲ့ နိုင်ငံကထားတဲ့ လစ်ဘရယ် ဒီမိုကရေစီ တန်ဖိုးတွေကို မျက်ကွယ်ပြု သစ္စာဖောက်တဲ့ အမေရိကန် ထောက်လှမ်းရေးအရာရှိ (ဟောင်း) တွေနဲ့လည်း ဆက်စပ်နေပါတယ်" လို့ ထည့်ပြောထားပါတယ်။

"သူတို့ ဘယ်သူမှ မသိအောင် ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားနိုင်သည်ဖြစ်စေ၊ သစ္စာဖောက်တွေကို လိုက်လံရှာဖွေပြီး တရားမျှတမှုရဲ့ ရှေ့ကို အရောက်ပို့မှာပါ" လို့လည်း သူက ဆိုပါတယ်။

တင်းမာမှုတွေက အခုကာလမှာ ဘာ့ကြောင့် မြင့်လာနေတာလဲ

အမေရိကန်နဲ့ တရုတ်အကြား ဆက်ဆံရေးက ဆယ်စုနှစ်တွေ များစွာအတွင်း အနိမ့်ဆုံးအခြေအနေက ထိုးဆင်းကျနေပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက ကုန်သွယ်ရေးစစ်ပွဲ ခါးခါးသီးသီး ဆင်နွှဲခဲ့ကြပြီးတဲ့နောက် ဒီလအစောပိုင်းမှာပဲ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က လူကြိုက်များကျော်ကြားတဲ့ တရုတ် အက်ပ် တစ်တော့ခ် (TikTok)ကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး ၂ နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ ပတ်သက်လို့ အပြန်အလှန် တိုက်ခိုက်ပြောဆိုတာတွေ ရှိခဲ့သလို ဟောင်ကောင်မှာ တရုတ်အစိုးရ ပြဌာန်းလိုက်တဲ့ လုံခြုံရေး ဥပဒေသစ်နဲ့ ပတ်သက်လို့လည်း အငြင်းပွားနေကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, Dickson Yeo/Facebook

ဓာတ်ပုံ ပုံစာ,

ဒစ်ခ်ဆန် ယိုးဟာ တရုတ်ထောက်လှမ်းရေးအတွက် သတင်းစုဆောင်းပေးမှုနဲ့ တရားစွဲခံရ

ပြီးခဲ့တဲ့လအတွင်းကလည်း အမေရိကန်မှာ နေနေတဲ့ စင်ကာပူ နိုင်ငံသား တယောက်က တရုတ်အတွက် သူလျှိုလုပ်မှုနဲ့ သူအပြစ်ရှိကြောင်း အမေရိကန်တရားရုံးမှာ ဝန်ခံခဲ့ပါတယ်။

တရားရုံးက စာရွက်စာတမ်း အထောက်အထားတွေအရ သူဟာ စင်ကာပူက ထိပ်တန်း တက္ကသိုလ်တခုမှာ ပါရဂူဘွဲ့ယူဖို့ လေ့လာနေစဉ်အတွင်း ဘေဂျင်းမှာ စာတမ်းတခု ဖတ်ခဲ့အပြီး နောက်ပိုင်း ၂၀၁၅ ခုနှစ်မှာ တရုတ် ထောက်လှမ်းရေးက သူ့ကို စည်းရုံးသိမ်းသွင်း အလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒစ်ခ်ဆန် ယိုး ခေါ် ဂျွန် ဝေ ယိုး ဟာ တရုတ်ထောက်လှမ်းရေးကို သတင်းပေးဖို့အတွက် အမေရိကန်နိုင်ငံမှာ နိုင်ငံရေးအကြံပေး အလုပ်ကို အယောင်ပြ လုပ်ခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။

တရုတ်ဟာ စီးပွားရေးဆိုင်ရာတွေမှာလည်း သူလျှိုတွေ မွေးထားတယ်လို့ အမေရိကန်က ဒီနှစ်ပိုင်းတွေအတွင်း စွပ်စွဲ ဖော်ထုတ်တာတွေ လုပ်လာခဲ့ပါတယ်။

တရားရေးဌာနက ကြားနာ စစ်ဆေးခဲ့တဲ့ စီးပွားရေး သူလျှိုမှုတွေထဲက ၈၀ ရာခိုင်နှုန်းလောက်ဟာ တရုတ်အစိုးရ အကျိုးအတွက် လုပ်ကြတာလို့ စွပ်စွဲထားကြကြောင်း တရားရေးဌာနရဲ့ ဝက်ဆိုက်မှာ ရေးသားထားပါတယ်။