ထိုင်းဘုရင်စနစ်ကို ဝေဖန်တဲ့ အဖွဲ့ကို ဖေ့စ်ဘွတ်ခ်က ပိတ်ပင်

ထိုင်းနိုင်ငံမှာ လက်ရှိဘုရင်က မဟာ ဝချီယာ လောင်ကွန်းဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ,

ထိုင်းနိုင်ငံမှာ လက်ရှိဘုရင်က မဟာ ဝချီယာ လောင်ကွန်းဖြစ်

ထိုင်းဘုရင်စနစ်ကို ဆွေးနွေးကြပြီး အကောင့်ပေါင်း ၁ သန်းကျော်က ပရိသတ်အဖြစ်ပါဝင်ထားတဲ့ အဖွဲ့ (Facebook Group)တစ်ဖွဲ့ ကို ထိုင်းမှာ ကြည့်လို့မရအောင် ဖေ့စ်ဘွတ်ခ်က ပိတ်ပင်လိုက်ပါတယ်။ ထိုင်းအစိုးရက ဖေ့စ်ဘွတ်ခ် ကုမ္ပဏီကို ဥပဒေအရအရေးယူမယ်လို့ ခြိမ်းခြောက်လာပြီးတဲ့နောက် အခုလို ဖေ့စ်ဘွတ်ခ်က လုပ်ဆောင်လိုက်တာပါ။

ဘန်ကောက်ကပေးလာတဲ့ဖိအားကို တုံ့ပြန်ဖို့အတွက် သူတို့ ဥပဒေကြောင်းအရ ပြင်ဆင်နေတယ်လို့လည်း အဲဒီကုမ္ပဏီက ဘီဘီစီကို ပြောပါတယ်။

ဘုရင်စနစ်ပြုပြင်ပြောင်းလဲဖို့ ဆိုတဲ့ အရင်ကမကြုံဖူးရသေးတဲ့ တောင်းဆိုသံပါ ပါဝင်လာတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ထိုင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်လာနေတာပါ။

ဘုရင်စနစ်ကို ဝေဖန်တာက ထိုင်းမှာ တရားဥပဒေကို ချိုးဖောက်တာပါ။

တင်္နလာနေ့ ညပိုင်းကစပြီး "ဘုရင်ကို သစ္စာရှိသူများ ဆုံစည်းရာ (Royalist Marketplace)" လို့အမည်ရတဲ့ ဖေ့စ်ဘွတ်ခ် အဖွဲ့ရဲ့စာမျက်နှာကို ထိုင်းမှာ သွားကြည့်လို့မရတော့ပါဘူး။ ထိုင်းနိုင်ငံပြင်ပကတော့ အဲဒီ စာမျက်နှာကို ကြည့်လို့ရသေးတယ်လို့လည်း သိရပါတယ်။

ပရိသတ် ၁ သန်းကျော် ရှိနေပြီဖြစ်တဲ့ အဲဒီဖေ့စ်ဘွတ်ခ် စာမျက်နှာကို စီမံကြီးကြပ်သူ ပါဗင် ချာချာဝဲလ်ပေါင်ပွန်က "အခုတော့ ဒီစာမျက်နှာက အကြီးအကျယ်လူကြိုက်များသွားပြီ" လို့ ဘီဘီစီကို ပြောပါတယ်။

မစ္စတာ ချာချာဝဲလ်ပေါင်ပွန်က ဒီစာမျက်နှာကို လုပ်ထားတဲ့အဖွဲ့ဟာ "ဘုရင်စနစ်နဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်ဆွေးနွေးနိုင်အောင်အတွက် နေရာတခုဖန်တီးပေးထားတာပါ၊ အဲဒီမှာ ထိုင်းတွေအနေနဲ့ ဘုရင်စနစ်နဲ့ပတ်သက်တဲ့ သူတို့အမြင်တွေကို လွတ်လွတ်လပ်လပ်ဆွေးနွေးဖို့ ခွင့်ပြုထားပါတယ်၊ ဘုရင်စနစ်က နိုင်ငံရေးမှာ ဘယ်လိုကြားဝင်ဆောင်ရွက်တာက အစ ဘုရင့် အာဏာတည်တံ့ခိုင်မြဲဖို့ ဘုရင်စနစ်က စစ်တပ်နဲ့ ဘယ်လို နီးကပ်တဲ့အဆက်အနွယ်တွေ ရှိတယ် ဆိုတာတွေအဆုံး ဖွင့်ဟပြောဆိုနိုင်ဖို့ ဒီစာမျက်နှာကို ဖွင့်ပေးထားတာပါ" လို့ ဆိုပါတယ်။

ကိုယ့်နိုင်ငံကို စွန့်ခွာထွက်လာတဲ့ အဲဒီ သမိုင်းပညာရှင်က ဂျပန်မှာနေထိုင်နေတာပါ။ သူက တနင်္လာနေ့မှာ ဖေ့စ်ဘွတ်ခ် အဖွဲ့သစ်တစ်ခု ဖွဲ့ခဲ့ပြီး အဲဒီအဖွဲ့ရဲ့ စာမျက်နှာဟာ ညတွင်းချင်း ပရိသတ် ၄၀၀, ၀၀၀ ကျော်ရခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်က "ထိုင်းအစိုးရက ဒီစာမျက်နှာမှာ ဖော်ပြချက်တွေက တရားဥပဒေကို ချိုးဖောက်နေတာလို့ သတ်မှတ်ထားတဲ့အတွက် ဒီစာမျက်နှာကို ဝင်ကြည့်နိုင်ရေးနဲ့ပတ်သက်ပြီး ကန့်သတ်တာတွေ မဖြစ်မနေလုပ်ခဲ့ ရပါတယ်" လို့ ဘီဘီစီကို အတည်ပြုပြောပါတယ်။

"အဲဒီလို ကန့်သတ်ဖို့ပန်ကြားချက်တွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို အပြင်းအထန် စွက်ဖက်တာဖြစ်ပါတယ်၊ လူတွေရဲ့ ထုတ်ဖော်ပြောဆိုခွင့်ကို ကြောက်လန့်စရာ ထိပါးတာလည်းဖြစ်ပါတယ်" လို့ ဖေ့စ်ဘွတ်ခ်က သူတို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးထားပါတယ်။

တရားဥပဒေကြောင်းအရ တုံ့ပြန်သွားနိုင်ရေးအတွက် ပြင်ဆင်နေတယ်လို့လည်း သူတို့က ပြောပါတယ်။

အခုလို အဲဒီအဖွဲ့ရဲ့ စာမျက်နှာကို ကန့်သတ်ဖို့ ဖေ့စ်ဘွတ်ခ်အပေါ် ထိုင်းက ဖိအားပေးနေတာကိုလည်း လူ့အခွင့်အရေးအဖွဲ့တွေက အပြင်းအထန် ဝေဖန်နေပါတယ်။

ဗီဒီယို ပုံစာ,

ထိုင်းမှာ အစိုးရ အပြင် ဘုရင်စနစ်ကိုပါပြောင်းဖို့ ကျောင်းသားတွေ တောင်းဆို

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch) ရဲ့ လူ့အခွင့်အရေး အားပေးဆောင်ရွက်ရေး အာရှဆိုင်ရာ ဒါရိုက်တာ ဂျွန် ဆစ်ဖ်တန်က "လွတ်လပ်စွာပြောဆိုခွင့် ဆိုင်ရာ အခြေခံလူ့အခွင့်အရေးအရ ရေးသားဖော်ပြချက်တွေကို ကန့်သတ်ဖို့အတွက် ဖေ့စ်ဘွတ်ခ်ကို ဖိအားပေးဖို့ ထိုင်းအစိုးရအနေနဲ့ ထပ်ပြီး သူတို့ရဲ့ နှိပ်ကွပ်တဲ့ ဥပဒေတွေကို အသုံးချနေတယ်" လို့ သူတို့ ထုတ်ပြန်ချက်တခုထဲမှာ ပြောပါတယ်။

"အမှားတွေမလုပ်ကြပါနဲ့။ ဒါဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးထားတဲ့ နိုင်ငံတကာဥပဒေကို ထိုင်းအနေနဲ့ ချိုးဖောက်နေတာ။"

မစ္စတာ ချာချာဝဲလ်ပေါင်ပွန်က ဒီဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဆွေးနွေးနေကြသူတွေဟာ "ဘုရင်စနစ်ကို ဝေဖန်သူတွေ" လို့ ဘီဘီစီကို ပြောပါတယ်။

သူဟာ ထိုင်းအစိုးရက ပြည်သူတွေကို ဝေးဝေးကနေရှောင်ဖို့ သတိပေးထားတဲ့ ပြည်ပနေ အတိုက်အခံ ၃ ယောက်ထဲက ၁ ယောက် ဖြစ်ပါတယ်။

နောက် ၂ ယောက်ကတော့ တယောက်က ဗြိတိန်နိုင်ငံသား သတင်းထောက် အင်ဒရူး မက်ခ်ဂရီဂေါ မာရှယ် ပါ။ သူက ထိုင်း ဘုရင်စနစ်ကို ဝေဖန်တဲ့ စာအုပ် တအုပ်ရေးဖူးပါတယ်။ နောက် တယောက်ကတော့ ပြင်သစ်မှာနေထိုင်နေတဲ့ ထိုင်းနိုင်ငံရေး သမိုင်း ပါမောက္ခ ဆမ်ဆက်ခ် ဂျီယမ်တီရတ်စ်ကော ဖြစ်ပြီး သူက ထိုင်းဘုရင်စနစ်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်တဲ့သူပါ။

ထိုင်းမှာ တင်းကျပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး ဘုရင်စနစ်ကို မဝေဖန်အောင် အကာအကွယ်ပေးထားတာပါ။ ဘုရင်ကို မထိပါးဖို့ တားမြစ်ထားတဲ့ ဥပဒေ နဲ့ တခြားဥပဒေတွေက ဘုရင်မိသားစုကို စော်ကားသူတွေကို ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

ငယ်စဉ်အရွယ်ကတည်းက ထိုင်းနိုင်ငံသားတိုင်းဟာ ဘုရင်စနစ်ကို ရိုသေကြည်ညိုဖို့ သင်ကြားပေးတာကို ခံရပါတယ်။

ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးဆိုတာကို ဘယ်သူမှ မပြောမဆိုရဲဖြစ်နေခဲ့ပေမယ့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်လာနေတဲ့ ထိုင်းမှာ လွန်ခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာတော့ တချို့ လှုပ်ရှားတက်ကြွသူတွေက ဘုရင်စနစ်ကိုလူသိရှင်ကြား ဝေဖန်တာတွေ စလုပ်လာခဲ့ပါတယ်။

"ကျွန်တော့်အထင် ဘုရင်စနစ်ကို ဆွေးနွေးကြတဲ့ ဘောင်ကို သူတို့ အများကြီး ချဲ့လိုက်ကြပြီ၊ ထပ်ပြီးတော့လည်း ချဲ့ကြဦးမယ်ထင်တယ်" လို့ မစ္စတာ ချာချာဝဲလ်ပေါင်ပွန်က ဘီဘီစီကို ပြောပါတယ်။

"အဓိကခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ ကျွန်တော်တို့အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်ကို ပိတ်တာမျိုးလို ဥပဒေကြောင်းအရ အရေးယူတာတွေလုပ်ပြီး အစိုးရက သူတို့ကို ပိတ်ပင်ဖို့ ကြိုးစားတဲ့ပုံပါ၊ တကယ်လို့သာ (ဆန္ဒပြနေတဲ့) ကျောင်းသားတွေ ဆက်ပြီးလုပ်နေမယ်ဆိုရင်၊ ဒီထက်ပြင်းထန်တဲ့ အရေးယူတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်၊ ဥပမာ - ဖြိုခွင်းတာမျိုးပေါ့။"

ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လူ ၉ ယောက်ကို ဖမ်းဆီးထားပါတယ်။