လူမည်းတယောက် သေနတ်နဲ့ ပစ်ခံရပြီးတဲ့နောက် အမေရိကန်မှာ အဓိကရုဏ်းတွေဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, EPA
အမေရိကန်ပြည်ထောင်စု ဝစ္စကွန်ဆင် ပြည်နယ်မှာ တနင်္ဂနွေနေ့က လူမည်းအမျိုးသားတဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း ဒုတိယမြောက်နေ့အဖြစ် ရဲနဲ့ ဆန္ဒပြသမားတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်ဖြစ်ခဲ့ပါတယ်။
ဆန္ဒပြသမားတွေဟာ အဆောက်အအုံတွေနဲ့ ကားတွေကိုလည်း မီးတင်ရှို့ ခဲ့ကြပါတယ်။
အသက် ၂၉ နှစ်အရွယ် ဂျက်ကော့ဖ် ဘလိပ်ခ်ဟာ ဝစ္စကွန်ဆင်ပြည်နယ် မြို့တော် ကန်နိုရှာမှာ ကားတစီးဆီကို သွားပြီး ကားတံခါး ဖွင့်နေတုန်းမှာ သေနတ်နဲ့ အချက်ပေါင်းများစွာအပစ်ခံခဲ့ရတာပါ။
အခုတော့ သူ့ကျန်းမာရေးအခြေအနေ စိတ်ချရစပြုလာပြီ ဖြစ်ပါတယ်။
ဒေသတွင်း ရဲတပ်ဖွဲ့ကို အကူအညီပေးဖို့အတွက် စစ်တပ် အရန်တပ် အမျိုးသား လုံခြုံရေးတပ်ဖွဲ့ကို ဝစ္စကွန်ဆင်ပြည်နယ် အုပ်ချုပ်ရေးမှူး တိုနီ အဲဗားစ်က ဆင့်ခေါ်ထားပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက မင်နီဆိုးတားပြည်နယ်မှာ လူမည်းအမျိုးသား ဂျော့ချ် ဖလွိုက်ဒ် အသတ်ခံခဲ့ရပြီးနောက်ပိုင်း လူမျိုးရေး ခွဲခြားမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ဆန့်ကျင်တဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံတလွှားနဲ့ ကမ္ဘာတဝန်းမြို့ကြီးတချို့တို့မှာ ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အာဖရိကနွယ်ဖွား အမေရိကန်လူမျိုးတွေအပေါ် အမေရိကန် တရားဥပဒေစိုးမိုးရေးလုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေရဲ့ ပြုမူဆောင်ရွက်မှုတွေကို မီးမောင်းထိုးပြခဲ့ပြီး လူမှုအသိုင်းအဝိုင်းကြားမှာ လူမျိုးရေးခွဲခြားမှုနဲ့ ပတ်သက်လို့ ဆင်ခြင်သုံးသပ်ကြဖို့ စေ့ဆော်ပေးခဲ့ပါတယ်။
ကန်နိုရှာမြို့က ပစ်ခတ်မှုနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ မျှဝေနေကြတဲ့ လမ်းတဘက်ခြမ်းကနေ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်မှာတော့ မစ္စတာ ဘလိပ်ခ်ဟာ ကားထဲကို ငုံ့ပြီး ဝင်သွားတယ်၊ ရဲတဦးက သူ့ရှပ်အင်္ကျီကို ဆွဲလိုက်တာကို တွေ့မြင်ရပြီးနောက် သေနတ်ပစ်သံ ၇ ချက် ကြားလိုက်ရပါတယ်။
အခုတော့ ကန်နိုရှာမြို့မှာ အင်္ဂါနေ့ကစပြီး ဒေသစံတော်ချိန် ည ၈ နာရီကနေ မနက် ၇ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမဲ့ ဆန္ဒပြသမားတချို့ကတော့ ဒါကို ဖီဆန်နေကြပါတယ်။
လမ်းမတွေပေါ်က နောက်ဆုံးအခြေအနေ
အလီးမ် မဂ်ပူးလ် ( ကန်နိုရှာမြို့မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်)
ဓာတ်ပုံ ရင်းမြစ်, Getty Images
အဆောက်အအုံတွေနဲ့ ကားတွေကို မီးတင်ရှို့ ခဲ့ကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ဂျော့ခ် ဖလွိုက်ဒ် အသတ်ခံရပြီးနောက်ပိုင်း အမေရိကန်တလွှား မြို့ကြီး မြို့ငယ် အတော်များများမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တဲ့ ပုံစံမျိုးပါပဲ။ ကန်နိုရှာမြို့က ရာနဲ့ချီတဲ့ လူငယ်တွေဟာ ဒေသန္တရ အုပ်ချုပ်ရေးမှူးရုံး အပြင်ဘက် လုံခြုံရေး တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် ညမထွက်ရအမိန့်ကို ချိုးဖောက်ခဲ့ကြပါတယ်။
ဂျက်ကော့ဖ် ဘလိပ်ခ်အတွက် တရားမျှတမှုရှိဖို့ တောင်းဆိုနေကြတဲ့ ဆန္ဒပြသမားတွေကို အစောပိုင်းမှာ ရှေ့ကို တိုးမလာနိုင်အောင် တားဆီးနိုင်ခဲ့ပြီး အားပြင်းတဲ့ မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြသမားတွေက အဲဒီနေရာကို ပြန်လာခဲ့ကြပါတယ်။
အခု မနက်လင်းခါနီး အချိန်ထိ သူတို့ဟာ အဓိကရုဏ်းနှိမ်နင်းရေး အကာအကွယ်လက်နက်တွေ ကိုင်ထားကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့နေကြဆဲပါ။
"ငါတို့ ထွက်သွားမှာ မဟုတ်ဘူး" လို့ သူတို့ ကြွေးကြော်ခဲ့ကြပါတယ်။
ဘေးပတ်ဝန်းကျင်က လမ်းတွေမှာတော့ ကားတွေကို မီးတင်ရှို့ထားကြပြီး အဆောက်အအုံတွေကိုလည်း ဖျက်ဆီးထားတာ တွေ့ရပါတယ်။ လမ်းမီးတိုင်တွေ အားလုံးကိုလည်း ရိုက်ချိုးဖျက်ဆီးထားပါတယ်။
"စိတ်လှုပ်ရှားစရာ အချိန်ကာလတခုပေါ့။ ရဲတပ်ဖွဲ့က ကျွန်တော့်ကို သတ်မှာ ကြောက်နေရတာ ပင်ပန်းလှပြီ။ ဒီညတော့ ကျွန်တော်တို့ အသံတွေကို သူတို့ နားထောင်ရမယ်" လို့ လူငယ်ဆန္ဒပြသမားတယောက်က ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့ အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှု
ဓာတ်ပုံ ရင်းမြစ်, EPA
မျက်ရည်ယိုဗုံးသုံးပြီးဖြိုခွင်းခဲ့
ဒေသအာဏာပိုင်တွေရဲ့ တောင်းဆိုချက်အရ အကန့်အသတ်နဲ့ချထားတဲ့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့(National Guard) ဝင်တွေဟာ "အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေ ကာကွယ်ဖို့ " တရားဥပဒေစိုးမိုးမှု ရှိစေဖို့နဲ့ ပြည်သူတွေ လုံခြုံဘေးကင်းစွာ ဆန္ဒပြနိုင်ဖို့ကိုလည်း ကူညီဆောင်ရွက်သွားမယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အဲဗားစ်က သတင်းထုတ်ပြန်ထားပါတယ်။
တနင်္လာနေ့ညမှာ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် ၁၂၅ ဦးကို တပ်ဖြန့်ချထားတယ်လို့လည်း သူက ဆိုပါတယ်။
ဒီကနေ့ အစောပိုင်းမှာတော့ ဆန္ဒပြသမားတချို့ ဟာ ကန်နိုရှာမြို့ က အများပြည်သူ လုံခြုံရေးနဲ့ဆိုင်တဲ့ အဆောက်အအုံ(ရဲစခန်း) ထဲကို အတင်းအဓမ္မကြိုးစား ဝင်ရောက်ဖို့ ကြိုးစားခဲ့ပြီး ဒီပစ်ခတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ရဲစခန်း တံခါးတခုရဲ့ ပတ္တာတွေ ပြုတ်ထွက်သွားခဲ့ပြီးတဲ့နောက် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ ငရုတ်ကောင်းဆေးရည်တွေ သုံးပြီး ဆန္ဒပြသမားတွေကို လူစုခွဲခဲ့ပါတယ်။
မီးရှူးမီးပန်းတခုနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင်တဦး လည်ပင်းမှာ ဒဏ်ရာရခဲ့တယ်လို့ နယူးယောက်ခ်တိုင်းမ် သတင်းစာကြီးမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ ရင်းမြစ်, EPA
ဒီသေနတ်ပစ်ခတ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ တနင်္ဂနွေနေ့ညမှာလည်း ရဲဌာနချုပ်တွေရှေ့မှာ လူရာနဲ့ချီ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ဒီပစ်ခတ်မှုကို ဒီမိုကရက်တစ်ပါတီဝင် ပြည်နယ် အုပ်ချုပ်ရေးမှူး အဲဗားစ်က ရှုတ်ချလိုက်ပါတယ်။
"ကျွန်တော်တို့ ပြည်နယ် ဒါမှမဟုတ် ကျွန်တော်တို့ တိုင်းပြည်မှာ ဥပဒေစိုးမိုးရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေထဲက တယောက်ယောက်ရဲ့ လက်ချက်နဲ့ သေနတ်နဲ့ အပစ်ခံရတာ၊ ဒဏ်ရာရတာ ဒါမှမဟုတ် ရက်ရက်စက်စက် အသတ်ခံရတာ မစ္စတာ ဘလိပ်ခ်က ပထမဆုံး လူမည်းအမျိုးသား မဟုတ်တော့ဘူး" လို့လည်း သူက ရှုတ်ချပြောဆိုတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီပြောဆိုချက်ကြောင့် သူ ဝေဖန်ခံနေရပါတယ်။
မစ္စတာ အဲဗားစ်ရဲ့ ဒီထုတ်ပြန်ချက်ဟာ "တာဝန်ယူမှု လုံးဝမရှိဘူး" လို့ ကန်နိုဆာမြို့ ရဲတပ်ဖွဲ့ သမဂ္ဂ ပိဒ် ဒီရာတီစ် က ပြောပါတယ်။ အချက်အလက်တွေအားလုံး အသေအချာ မသိရသေးခင် ပြည်သူတွေအနေနဲ့အခုအချိန်မှာ စောင့်ကြည့်သင့်တယ်လို့လည်း သူက ဆိုပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျက်ကော့ဖ်အတွက် တရားမျှတမှုရှိရေး ဆန္ဒပြသမားတွေ ကြွေးကြော်
ဆန္ဒပြပွဲတွေဟာ အမေရိကန်က တခြားပြည်နယ်တွေထိ ပျံ့နှံ့သွားပြီး မက်ဒီဆန်၊ ဝစ္စကွန်ဆင်၊ ပေါ့ဒ်လန်နဲ့ အိုရီဂွန်ပြည်နယ်တွေမှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
"အဓိကရုဏ်းဖြစ်နေပြီ။ ဒီနေရာကနေ ချက်ချင်း ထွက်ခွာကြပါ" လို့ ရဲတပ်ဖွဲ့ အဆောက်အအုံနားမှာ မီးရှို့ခံခဲ့ရတုန်းက ပေါ့ဒ်လန်ရဲတပ်ဖွဲ့က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။
ပစ်ခတ်မှုအကြောင်း ဘာတွေ သိထားလဲ
တနင်္ဂနွေနေ့ ညနေငါးနာရီစွန်းစွန်းမှာ "ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်တဲ့" ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ကန်နိုရှာ ရဲဌာနက သတင်းထုတ်ပြန်ပါတယ်။
စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေခဲ့တဲ့ မစ္စတာ ဘလိပ်ခ်ကို မီဝါကီမြို့က ဆေးရုံတရုံဆီ ရဲတပ်ဖွဲ့ဝင်တွေက ချက်ချင်းခေါ်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဗီဒီယိုရိုက်ကူးခဲ့တဲ့ ရေဆင်းန် ဝှိုက်ကတော့ သူ ဗီဒီယို မရိုက်ခင်မှာ ရဲတပ်ဖွဲ့နဲ့ မစ္စတာ ဘလိပ်ခ် နပန်းလုံးနေတာကို သူတွေ့ခဲ့တယ်လို့ ပြောပါတယ်။ ရဲအရာရှိတွေက မစ္စတာ ဘလိပ်ခ်ကို ထိုးပြီး ကျင်စက်နဲ့ တို့ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
"မစ္စတာ ဂျက်ကော့ဖ်ဟာ ကားပေါ်ကို မှီထားတယ်။ သူတို့က ကားနောက်နားမှာ လုံးထွေးသတ်ဖို့ ကြိုးပမ်းတယ်။ သူက တခြားတဖက်ကို ထွက်သွားတယ်" လို့ မစ္စတာ ဝိုက်က CNN သတင်းဌာနကို ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, EPA
ပစ်ခတ်မှု ဘာကြောင့် ဖြစ်ခဲ့သလဲဆိုတဲ့ အသေးစိတ်အချက်အလက်ကို ရဲက ထုတ်မပြောပါဘူး။
အဲဒီနောက်ပိုင်း သူဗီဒီယို စရိုက်ထားခဲ့ပါတယ်။
အဲဒီ ဗီဒီယိုထဲမှာ မစ္စတာ ဘလိပ်ခ်ဟာ SUV ကားရှေ့ကနေ ပတ်ပြီး လမ်းလျှောက်ထွက်လာတာကိုလည်း တွေ့ရပါတယ်။ အဲဒီအချိန်မှာ မစ္စတာ ဘလိပ်ခ်နဲ့ အနီးကပ်ဆုံး ရှိနေတဲ့ ရဲနှစ်ဦးဟာ လူဖြူအမျိုးသားတွေပါ။
သူကားတံခါးကို ဖွင့်ပြီး ဝင်မယ်လုပ်တော့ ရဲတဦးက သူ့ရှပ် အင်္ကျီ ကို ဆွဲလိုက်တာကို တွေ့လိုက်ရပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ သေနတ်ပစ်သံ ၇ ချက် ကြားရပြီး မျက်မြင်သက်သေတွေ အော်ဟစ်နေတာကိုလည်း ကြားခဲ့ရပါတယ်။
ရဲတွေဟာ မိသားစုအရေးကိစ္စတခုကို ဖြေရှင်းပေးဖို့ ကူညီဆောင်ရွက်တာလို့ ရဲတပ်ဖွဲ့ဘက်က ပြောပေမယ့် ပစ်ခတ်မှု ဘာကြောင့် ဖြစ်ခဲ့သလဲဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ မပြောပါဘူး။
ဒီပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့ဝင် ဘယ်နှယောက် ပါဝင်ခဲ့တယ်ဆိုတာနဲ့ အဲဒီရဲတွေရဲ့ နာမည်တွေကိုလည်း အခုအချိန်ထိ မပြောထားသေးပါဘူး။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ ပြည့်စုံပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးရေးတခုလုပ်ဖို့ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်က တနင်္လာနေ့မှာ အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။